Thursday, November 29, 2018

အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲနှင့် ပဲစင်းငုံများ အဝယ်လိုက်သည့်အတွက် ဈေးကွက်အခြေအနေ ပြန်လည်ကောင်းမွန် နှစ်နိုင်ငံအစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရောင်းချနိုင်ရန် စီစဉ်

Image may contain: 1 person
နေပြည်တော် နိုဝင်ဘာ ၂၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ၁ ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြ သည်။
မြင်းမူမြို့ စည်ပင်သာယာရေးဈေးအဆင့်မြှင့်တင်ရန်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
အစည်းအဝေးတွင် မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၏ မြင်းမူမြို့ စည်ပင်သာယာရေးဈေးအဆင့်မြှင့်တင် ဆောက်လုပ်ရန် လိုအပ်နေသည့် ဆေးရုံအဟောင်း မြေဧရိယာ ၁ ဒသမ ၂၈၃ ဧကအား လွှဲပြောင်းပေးရန် ခွင့်မပြုခဲ့ခြင်းကိစ္စအား ပြန်လည်သုံးသပ်၍ ကော်မတီသို့ လွှဲပြောင်းအသုံးချ ခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြင်းမူမြို့နယ် ဆေးရုံဟောင်းနေရာတွင် လက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန ဖွင့်လှစ် လျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများလည်း နေထိုင်လျက်ရှိပါကြောင်း၊ မြင်းမူမြို့နယ် စည်ပင်သာယာ ဈေး အဆင့်မြှင့်တင်ဆောက်လုပ်ရန် လိုအပ်နေသည့်အတွက် ဆေးရုံမြေဧရိယာ ၁ ဒသမ ၂၈ ဧက အား ပြန်လည်စွန့်လွှတ်ပေးမည်ဖြစ်ပါကြောင်း၊ ဌာနပိုင်မြေ ကို စွန့်လွှတ်ပေးရန်အတွက် အဆိုပါ ဆေးရုံဟောင်းမြေနေရာတွင် ဖွင့်လှစ် ထားသော မိခင်နှင့်ကလေးကျန်းမာရေးဌာနကို ပြည်သူလူထု လက်လှမ်းမီသည့် နေရာသို့ ပြောင်းရွှေ့၍ ကျန်း
မာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆောက်အအုံ ပြန်လည်ဆောက်လုပ်နိုင်ရေး၊ မြေနေရာအစားထိုးရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနခွဲများက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျွဲ၊ နွားများ သယ်ဆောင်ရာတွင် တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် လက်မှတ်၊ အရောင်းအဝယ်လက်မှတ် ကိုင်ဆောင်၍ သယ်ဆောင်ခွင့်ပြု
ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချ နေသော ကျွဲ၊ နွားများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရတို့မှ မည်ကဲ့သို့ စီမံခန့်ခွဲပြီး ခွင့်ပြုထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ကျွဲ၊ နွားများအား ပြည်တွင်းသယ်ယူရောင်းချခြင်းနှင့်စပ်လျဉ်း၍ ကျွဲ၊ နွား များကို ဒေသတစ်ခုမှ တစ်ခုသို့ သယ်ဆောင်ရာတွင် ကျွဲ၊ နွားများမှတစ်ဆင့် လူကို ကူးစက်အန္တရာယ်ဖြစ်စေသည့် ရောဂါများမဖြစ်စေရန် တိရစ္ဆာန်ကျန်းမာ ရေး ထောက်ခံချက်လက်မှတ်၊ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် များ တရားဝင်ကိုင်ဆိုင်ဆောင်၍ သယ်ယူခွင့်ပြုခြင်း၊ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နွားပွဲဈေးအရောင်းအဝယ် လက်မှတ်ကိုင်ဆောင်၍ သယ်ဆောင်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနေသော ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေး ခြင်းတို့အတွက် အခကြေးငွေရရှိမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ရန်ပုံငွေကို ပေးသွင်းစေပါကြောင်း၊ ပြည်ပသို့ တင်ပို့မည့် ကျွဲ၊ နွားများအတွက် ကျန်းမာရေးစစ်ဆေးမည့် Animal Quarantine Feesအခကြေးငွေကို ပြည်ထောင်စုအစိုးရရန်ပုံငွေသို့ ပေးသွင်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပို့ကုန်လိုင်စင်အတွက် ပေးသွင်းရသည့် အခကြေးငွေများကိုလည်း ပြည်ထောင်စု အစိုးရရန်ပုံငွေသို့ ပေးသွင်းလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ ဆန်စပါးနှင့် ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တောင်သူများ တွက်ခြေကိုက်သည့် ဈေးကွက်နှင့် ဈေးနှုန်းရရှိအောင် ပြည်ပဈေးကွက်များသို့ ပိုမိုထိုးဖောက်ဝင်ရောက်လာနိုင်စေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လက်ရှိအခြေအနေတွင် အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲနှင့် ပဲစင်းငုံများ အဝယ်လိုက်သည့်အတွက် ဈေးကွက်အခြေအနေ ပြန်လည်ကောင်းမွန်လာလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပိုမိုခိုင်မာသည့် ဈေးကွက်ရရှိနိုင်ရန်အတွက် အာမခံဈေးနှင့် နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရောင်းချနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မတ်ပဲ အဓိက စိုက်ပျိုးသည့်ဒေသများတွင် နွေစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ရေမြေဒေသနှင့် ကိုက်ညီပြီး ဈေးကွက်ရှိသည့်သီးနှံများ စိုက်ပျိုးနိုင်ရေးတို့ကို ပညာပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ပဲစင်းငုံသီးနှံအနေဖြင့် နောင်တွင် အလားတူ ပြဿနာ မျိုး ကြုံတွေ့လာပါက ရှောင်ရှားနိုင်ရန်နှင့် တောင်သူများ ထိခိုက်နစ်နာမှု မကြီး မားစေရန်၊ သီးညှပ်ထားစိုက်ပျိုးရန်နှင့် တန်းကျဲ၍ စိုက်ပျိုးရန် ပညာပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များကို ပိုမိုစိုက်ပျိုးစေရေးအတွက် မျိုးစေ့ဘဏ်တည်ထောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်း၊ အလေ့ အကျင့်ကောင်းများကို သီးနှံ ၁၅ မျိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် ကုန်သွယ် သည့် နိုင်ငံများ၏ လိုအပ်ချက်အရ ပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု စစ်ဆေးခြင်း၊ အစေ့တွင် သတ္တုပါဝင်မှုစစ်ဆေးခြင်း၊ မှိုဆိပ်ပါဝင်မှု စစ်ဆေးခြင်း တို့ကို ထုတ်ကုန်အလိုက် သတ်မှတ်ချက်အထက် ကျော်လွန်မှုမရှိစေဘဲ ဓာတ်ခွဲ စမ်းသပ်အြေ
ဖထုတ်ခြင်းဖြင့် ခိုင်မာသော နိုင်ငံခြားဈေးကွက်ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများ ပြည်ပဈေးကွက် အခိုင်အမာရရှိရေးအတွက် ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသ၍ လည်းကောင်း၊ နှစ်နိုင်ငံ အစိုးရချင်းချင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံ၍လည်းကောင်း၊ ပို့ကုန်မဟာဗျူဟာစီမံကိန်းအရ ဈေးကွက်အခိုင်အမာ အစဉ်တစိုက်ရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ အထွက်နှုန်းတိုးတက်ရေး၊ သွင်းအားစုမှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယာဉ်မောင်းများအား အရေးယူဆောင်ရွက်ခြင်းအစား ယာဉ်မောင်းများ စည်းကမ်းတကျမောင်းနှင်ခြင်းကိုသာ ပိုမိုလိုလား
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန်၏ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား မှတ်သားဖမ်းဆီးမှုဆောင်ရွက်ရာတွင် ဒဏ်ငွေပေးဆောင်မှု အခက် အခဲ အဆင်ပြေစေရန် One Stop Service အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက အရေးယူဆောင်ရွက်ရာတွင် ယာဉ်မောင်းများအနေဖြင့် ဒဏ်ငွေကျပ် ၅ဝဝဝဝ ကို ချက်ချင်းပေးဆောင်လိုပါက သက်ဆိုင်ရာတရားရုံး များတွင် ရုံးချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပြီး ချက်ချင်းဒဏ်ငွေ ပေးဆောင်နိုင်ခြင်းမရှိသည့် ယာဉ်မောင်းများအား ယာဉ်လိုင်စင်(သို့မဟုတ်) ယာဉ်မောင်းလိုင်စင်သိမ်းဆည်း၍ ရက်ချိန်းသတ်မှတ်ကာ တရားရုံးများသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယာဉ်မောင်းများအား အရေးယူ ဆောင်ရွက်ခြင်းအစား ယာဉ်မောင်းများ စည်းကမ်းတကျ မောင်းနှင်ခြင်းကိုသာ ပိုမိုလိုလားပါကြောင်း၊ One Stop Service ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ် သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ် သောကြောင့် လတ်တလောဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ စေတုတ္တရာမဲဆန္ဒ နယ်မှ ဦးကျော်အောင်လွင်နှင့် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့၏ မေးခွန်း များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများက ရှင်းလင်းဖြေကြားကြသည်။
တည်ဆောက်ရေးလုပ်ငန်းများအား ခေတ်နှင့်လျော်ညီသော (ကြိုတင်သွန်း လောင်းမှု) Precast နည်းပညာနှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြုတည်ဆောက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း
ထို့နောက် ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က နိုင်ငံတော်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား ခေတ်နှင့်လျော်ညီသော (ကြိုတင်သွန်းလောင်း မှု) Precast နည်းပညာနှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြု တည်ဆောက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုတွင် အခြေခံအဆောက်အဦInfrastructure များ တည်ဆောက်ခြင်းသည် အဓိကလုပ်ငန်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ နိုင်ငံအနှံ့အပြားတွင် လမ်း၊ တံတားများ၊ ဆေးရုံ၊ ရုံး၊ ကျောင်း၊ ဝန်ထမ်းအိမ်ရာ အစရှိသည့် လူတို့၏ အခြေခံလိုအပ်ချက်များကို ဦးစားပေး တည်ဆောက်လျက်ရှိပါကြောင်း၊ မြို့ကြီးများသာမက ကျေးလက်အထိ အမျိုးမျိုး တည်ဆောက်လျက်ရှိရာ ရှေးအချိန်ကတည်းက အသုံးပြုခဲ့သည့် ရှေးရိုးစဉ်လာ နည်းစနစ်များကို မပြောင်းလဲဘဲ အသုံးပြုတည်ဆောက်နေကြပါကြောင်း၊ လက်ရှိ မန္တလေးမြို့တော်တွင် စတင်ပြောင်းလဲအသုံးပြုနေသည့် Precastနည်းပညာ နှင့် ရေမြောင်းများ တည်ဆောက်ခြင်းကဲ့သို့ ပြုပြင်ပြောင်းလဲရသည့် နေရာ များ၊ လုပ်ငန်းများတွင် အဆင့်မြင့် ခေတ်နှင့်လျော်ညီသည့် နည်းပညာများကို အသုံးပြုသင့်ပြီဟု ယူဆသည့်အတွက် အဆိုကို တင်သွင်းရခြင်းဖြစ်ပါကြောင်း။
Precastကဲ့သို့ နည်းပညာများသည် အရည်အသွေးကို လွယ်ကူစွာ စစ်ဆေးနိုင်သည့်အတွက် တည်ဆောက်ရာတွင်လည်း ရှင်းလင်းလွယ်ကူသည့် အတွက် အချိန်ကုန် ငွေကုန်သက်သာသည့်အပြင် တည်ဆောက်ရေးလုပ်ငန်း များ၏ အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ပါ ကြောင်း၊ အုတ်စီပုံ မမှန်ကန်ခြင်း၊ အုတ်အရည်အသွေးညံ့ဖျင်းခြင်း၊RC တွင် သံချောင်းခိုခြင်း၊ ကွန်ကရစ် အရည်အသွေးမမီခြင်း၊ ရှေ့မှဆောက်၍ နောက်က ပျက်သည့်အခြေအနေများ မရှိနိုင်တော့ပါကြောင်း၊ Safety Firstဆိုသည့် ဆောင်ပုဒ်နှင့်အညီ အများပြည်သူ စိတ်ချမ်းသာမည့် ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိထိရောက်စေမည့် ကြိုတင်သွန်းလောင်းမှု (Precast) နည်းပညာနှင့် အခြားနည်းပညာများ အသုံးပြုတည်ဆောက်ကြရေးအတွက် ကြီးကြပ်ပေးပါရန် ရှင်းလင်းတင်ပြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းက ဖတ်ကြားတင်ပြသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တင်သွင်းသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ် ၄ ဦး၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြင်ဆင်ထားသည့် ဥပဒေကြမ်းတစ်ရပ်လုံး၏ အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း လွှတ်တော်က အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နိုဝင်ဘာ ၃ဝ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment