Saturday, November 24, 2018

တာချီလိတ်မြို့၌ တန်ဆောင်တိုင်ပွဲတော်ညကလျှပ်စစ်မီတာဘောက်စ်ခုနစ်လုံး ပျက်စီး

Image may contain: outdoor
တာချီလိတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့ ဝမ်ကောင်းရပ်ကွက် မင်္ဂလာ လမ်းတွင် နိုဝင်ဘာ ၂၂ ရက်တွင် ကျရောက်သည့် တန်ဆောင်တိုင် ပွဲတော်ညက အပျော်လွန်ကာ လူမှုရေးအသိစိတ် ကင်းမဲ့နေသူ တစ်စု၏ လုပ်ရပ်ကြောင့် လျှပ်စစ် မီတာဘောက်စ်ခုနစ်လုံး ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော် အခါ သမယ၏ ထူးခြားသည့်ပွဲတော်မှာ ဗုဒ္ဓဘုရားရှင်အား ရည်မှန်းလျက် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ် လှူဒါန်းပွဲ၊ ပုရိမဝါမှထမြောက်တော် မူကြသော ရှင်ရဟန်းတို့အား ကထိန် လျာသင်္ကန်း ဆက်ကပ်ပွဲနှင့် ဆီမီး ပူဇော်ပွဲများပင် ဖြစ်သည်။ အထူး အားဖြင့် တန်ဆောင်မုန်းလပြည့်ည သည် ဆေးပေါင်းခသည်ဟု ရှေးကပင် လက်ခံယုံကြည်ကြသည့် အားလျော်စွာ မဲဇလီဖူးသုပ်လှူဒါန်းခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ပံ့သကူသင်္ကန်း လှူဒါန်းခြင်းစသည့် ချစ်မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ကြ ပေသည်။
သို့ရာတွင် အဆိုးနှင့်အကောင်း ဒွန်တွဲနေလေ့ရှိသည့် လောကဓမ္မတာ အတိုင်း မည်သည့်ခေတ်အခါက မည်သူမည်ဝါတို့ စတင်ဖော်ထုတ်လိုက် သည် မသိသည့် ကျီးမနိုးပွဲခေါ် သူခိုးကြီးပွဲတော်ကတော့ ချစ်မြတ်နိုး ဖွယ်ရာ တန်ဆောင်တိုင်ညအလှကို ဖျက်ဆီးပစ်နေသည့် ဆိုးရွားလှသော ဖြစ်စဉ်တစ်ရပ်အဖြစ် ပါဝင်နေသည် ကတော့ လွန်စွာဝမ်းနည်းဖွယ် ကောင်းလှသည်။
ရှေးယခင်က အပျော်သဘောဖြင့် နောက်ပြောင်ကျီစယ်ကြသည့် အသွင် မှသည် ယနေ့မျက်မှောက်ခေတ်တွင်မူ မတော်လောဘဖြင့် ခိုးယူခြင်း၊ အများပြည်သူဆိုင်ရာ ပစ္စည်းများအား ဖျက်လိုဖျက်ဆီးလုပ်လိုစိတ်ရှိခြင်းများ လည်း ရှိလာကြသည်။
ထိုကဲ့သို့ လုပ်ဆောင်မှုများမှာ မိမိကိုယ်တိုင်အတွက်လည်း အကျိုး မရှိ၊ အများပြည်သူအတွက်လည်း ထိခိုက်နစ်နာစေသော နိမ့်ကျသည့် စိတ်ဓာတ်ရှိသူတစ်စု၏ အပျော်လွန် လုပ်ရပ်တို့က တာချီလိတ်မြို့ သာယာ လှပမှုကို အကျည်းတန်စေခဲ့သည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။
မောင်ယဉ်ကျေး

No comments:

Post a Comment