Tuesday, November 27, 2018

လင်းပိုင်နှင့် ရေလုပ်သားများ ပူးပေါင်းငါးဖမ်းသည့် သရုပ်ပြကွက် ခရီးသွားများ စိတ်ဝင်စား

Image may contain: 1 person, ocean, outdoor and water
မန္တလေး နိုဝင်ဘာ ၂၆
ဧရာဝတီလင်းပိုင်များ၏ သဘာဝအတိုင်း ရှင်သန် ကြီးထွားကာ ရေလုပ်သားများနှင့် ပူးပေါင်းငါးရှာဖွေ ပေးသည့် သရုပ်ပြသမှုအား စိတ်ဝင်တစား လာရောက် လေ့လာကြသည့် ပြည်တွင်းပြည်ပခရီးသွားများ ယခုနှစ် တွင် ပိုမိုများပြားလာကြောင်း ဒေသခံ ရေလုပ်သားများ ထံမှ သိရသည်။
လူထုအခြေပြု ခရီးသွားလုပ်ငန်း
မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်အတွင်းရှိ ကျေးရွာများ စုပေါင်းကာ လူထုအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သည့် လင်းပိုင်နှင့် ရေလုပ်သား ပူးပေါင်း ကာ ငါးဖမ်းသည့် သရုပ်ပြကွက်အား လာရောက်လေ့လာ ကြည့်ရှုကြသည့် နိုင်ငံတကာခရီးသွား အရေအတွက်မှာ ယမန်နှစ်များက ၅ဝ နီးပါးသာရှိခဲ့သော်လည်း ယခုနှစ် တွင် ခရီးသွားရာသီချိန် မကုန်ဆုံးခင်၌ပင် လက်ရှိ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း လာရောက်လေ့လာကြသည့် ဦးရေမှာ ၁၁ဝ ကျော်အထိ ရှိနေပြီး ပြည်တွင်း ခရီးသွားအရေအတွက်မှာလည်း ၂ဝဝ နီးပါးအထိ ရောက်ရှိလာကြောင်း ဒေသခံ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမောင်လေးက ပြောသည်။
''ဒီသရုပ်ပြကွက်ကို အရင်က ဥရောပခရီးသွားတွေပဲ အများဆုံး လာရောက်ကြည့်ရှုပေမယ့် ဒီနှစ်မှာတော့ အာရှခရီးသွားတွေလည်း အများ အပြား ပါဝင်လာတာကို တွေ့ရတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ငါးရှာပေးဖို့ ပြောလိုက်တဲ့ အချက်ပေးသံကို လင်းပိုင်ကနားလည်ပြီး ပိုက်ကွန်ပစ်ရမယ့် နေရာကို ဖော်ပြပေးပြီး ငါးရှာဖွေပေးတဲ့ သရုပ်ပြကွက်ကို တော်တော်လေး စိတ်ဝင်တစား ကြည့်ကြတယ်။ လေ့လာကြည့်ရှုမှုအနေနဲ့ လှေတစ်စင်းကို ငွေကျပ်လေးသောင်းနှုန်းရပါတယ်''ဟု ၎င်းက ပြောသည်။
ထို့ပြင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်အတွင်းရှိ ဆင်ကျွန်း၊ အေးကျွန်း၊ မြေစွန်း၊ မြစ်ကမ်းကြီး၊ အင်တောင်း၊ ဆည်သည်၊ စိန်ပန်းကုန်း နှင့် ရွာသစ်ကျေးရွာတို့တွင် ယခင်က လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၆ဝ ကျော်သာ ရှိခဲ့သော်လည်း ယခုအခါ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးရေမှာ ၂ဝဝ နီးပါးအထိ တိုးတက်လာကြောင်း သိရသည်။
မင်းထက်အောင်

No comments:

Post a Comment