Thursday, November 1, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြင်ဦးလွင်မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်မြေများ မူလတောင်သူများထံ ပေးအပ်ပွဲသို့ တက်ရောက်

Image may contain: 7 people, people standing and wedding
ပြင်ဦးလွင် အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အတွင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့က ပြန်လည်စွန့်လွှတ်သည့် စိုက်ပျိုးမြေ များအား မူလပိုင်ရှင်တောင်သူများထံ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃) ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့အခမ်းအနားသည် ပြင်ဦးလွင်မြို့နယ် အတွင်း ပြည်ထဲရေးဝန်ကြီးဌာန ဗဟိုမီးသတ် သင်တန်းကျောင်းက စွန့်လွှတ်သည့်မြေ ဧရိယာ ဧက ၂၉ဝ အနက်မှ စိုက်ပျိုးနိုင်သော မြေဧရိယာ ၂၇၁ ဒသမ ၇၈ ဧကကို တောင်သူ ၆၁ ဦးထံသို့ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန မန္တလေးသမဝါယမအသင်းစုချုပ်မှ
ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ဧက ၄၅ဝဝ အနက် ၄၃ဝ၈ ဒသမ ၇၂ ဧကကို တောင်သူ ၇၄၄ ဦးလက်ဝယ်သို့ လည်းကောင်း၊ စုစုပေါင်းတောင်သူ ၈ဝ၅ ဦး လက်ဝယ်သို့ လယ်ယာမြေဧရိယာ ၄၅၈ဝ ဒသမ ၅ဝ ဧကကို ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များ လွှဲပြောင်းပေးအပ်သည့် အခမ်း အနားဖြစ်ပါကြောင်း။
ကြိုးပမ်းချက်အောင်မြင်
ယင်းအခမ်းအနားမျိုး မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ကျင်းပခဲ့ သည်မှာ ရှစ်ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုထဲတွင် မန္တလေးတိုင်းဒေသကြီးသည် အကြိမ်အများဆုံးနှင့် ဧကအများဆုံး တောင်သူများလက်ဝယ်သို့ ပြန်လည် လွှဲပြောင်းနိုင်သည့်အတွက် ဂုဏ်ယူစရာကောင်းသည့် လုပ်ဆောင်ချက်၊ ကြိုးပမ်းချက် အောင်မြင်မှုတစ်ခုဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထု လူမှုစီးပွားဘဝ မြင့်မားလာ စေရန် ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်မှာ နိုင်ငံ၏မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ပါကြောင်း၊ ယခင်ကရှိခဲ့သည့် ဟန်ချက်ညီအောင် စီမံခန့်ခွဲရန် အားနည်းချက်များကို သင်ခန်းစာယူပြီး မြေသယံဇာတကို မျှတမှုရှိစွာ ခွဲဝေသုံးစွဲနိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာ မြေများကို လက်ရှိတွင် အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အသုံးပြုနိုင်မှုမရှိသည့် မြေယာများ၊ လိုအပ်သည်ထက် ပိုမိုသိမ်းယူထားသည့် မြေယာများကို မူလတောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်ချမှတ်ကာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ပြန်လည်စွန့်လွှတ်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ပိုင်ခွင့်ပေး
တစ်ဖက်တွင်လည်း တောင်သူများလိုအပ်သည့် စိုက်ပျိုးမြေပမာဏ တိုးတက်လာစေရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ကို သတ်မှတ်ပုံစံများဖြင့် လျှောက်ထားစေကာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တည်ငြိမ်လာချိန်တွင် လယ်ယာမြေဥပဒေအရ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ် လုပ်ပိုင်ခွင့်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထိုသို့ လုပ်ပိုင်ခွင့်ရရှိလာသည့် မြေယာများကို တောင်သူများအနေဖြင့် အသုံးချရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မရှိစေသည့်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေသည့် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံ သော အသုံးချမှုများဖြစ်စေရန် သတိပြုစေလိုပါကြောင်း။
ရေ၊ မြေ၊ ရာသီဥတုမှန်ကန်မျှတမှုရှိမှလည်း စိုက်ပျိုးရေးနှင့် လူနေမှုဘဝ မြှင့်တင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်း သစ်တောများ ပြုန်းတီးလာမှု၊ မြစ်ချောင်းအင်းအိုင်များ တိမ်ကောလာမှုများ ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုများကို အထူး သတိပြုပြီး ဂေဟစနစ်ကောင်းမွန်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားလိုပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသော်လည်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနစ်နာမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းဆုံးရှုံးမှုများကို တတ်နိုင်သမျှ လျော့ပါးသက်သာအောင် ဆောင်ရွက်နိုင်ပါမှ မိမိတို့ ကြိုးပမ်း အားထုတ်မှုများ အရာထင်မည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ရှစ်ကြိမ်မြောက် ပြန်လည် စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာ တောင်သူများထံသို့ ပြန်လည်ပေးအပ် နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများကို နိုင်ငံတော်နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသည့်မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့ တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းစာဖူလုံရေးကနေ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေများဖြစ်အောင် êကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မန္တလေးတိုင်းဒေသကြီးအတွင်း အသုံးမပြုသည့် သိမ်းဆည်းမြေများအား ဥပဒေနှင့်အညီ မူလပိုင်ရှင်တောင်သူ များထံ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
လွှဲပြောင်းပေးအပ်
ထို့နောက် ပြင်ဦးလွင်မြို့နယ်အတွင်း စွန့်လွှတ်မြေများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဗဟိုမီးသတ်သင်တန်းကျောင်း(ဇီးပင်ကြီး) ကျောင်းအုပ်ကြီး ဦးကြည်ဝင်းနှင့် ပြင်ဦးလွင်မြို့မဈေးကြီး ငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်တို့က ပြင်ဦးလွင်ခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးပါစည်ထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်တို့က မြေပုံကျေးရွာ၊ စိုးမိုးအိုင်ကျေးရွာ၊ သံတောင် ကျေးရွာ၊ ဇီးပင်ကြီးကျေးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ ပေါက်တောကျေးရွာနှင့် လွန်ကောင်းကျေးရွာတို့မှ မူလတောင်သူကိုယ်စားလှယ်များထံ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များကို ပေးအပ်သည်။
ထို့နောက် မြေယာလုပ်ကိုင်ခွင့် ပြန်လည်ရရှိကြသည့် မူလတောင်သူများ ကိုယ်စား တောင်သူ ဦးမျိုးခိုင်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် ဒေသခံတောင်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယခုအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့က ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ဧက ၄၇၉ဝ အနက်မှ ၄၅၈ဝ ဒသမ ၅ ဧကကို မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီသုတေသနနှင့် နည်းပညာ ပြန့်ပွားရေးဗဟိုဌာနသို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးမြင့်ဆွေတို့က မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးမှု၊ တောင်သူပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းပေးနေမှု၊ ဓာတ်ခွဲခန်းများအကောင်အထည်ဖော်မည့် အစီအစဉ်၊ တောင်သူများ အကျိုးအမြတ် ပိုမိုရရှိစေရန် သီးနှံ ၁၆ မျိုးအားGAPလက်မှတ်ထုတ်ပေးနေမှု၊ ကော်ဖီအရည်အသွေးမြင့်မားရေးနှင့် ဈေးနှုန်း မြင့်မားရေးအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ကော်ဖီဖိုရမ်များ ကျင်းပခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
နည်းလမ်းများရှာဖွေ
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ကော်ဖီအထွက်နှုန်း နည်းသည့် ဒေသများအား ယခုထက် ပိုမိုအထွက်နှုန်းတိုးတက်လာစေရန် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ အထွက်နှုန်း တိုးတက်ပြီး တွက်ခြေကိုက်မှသာ တောင်သူများ စိုက်ချင်ပျိုးချင်စိတ်ရှိလာမည် ဖြစ်ပါကြောင်း၊ Myanmar GAP လက်မှတ်ကိုလည်း ရသင့်ရထိုက်သူများ ရရှိအောင် စနစ်တကျဆောင်ရွက်ပေးရန်၊ တောင်သူများအား စိုက်ပျိုးရေး ပညာပေးရန်၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ မဖွဲ့စည်းရသေးသည့် နေရာများတွင် စုဖွဲ့ပေးရန်၊ လမ်းပန်းဆက်သွယ်ရေး ဝေးလံခက်ခဲသည့်ဒေသ များသို့ ကော်ဖီပျိုးပင်များ ပို့ဆောင်မည်ဆိုပါက သယ်ယူမှုကုန်ကျစရိတ် အလွန် များပြားသည့်အတွက် ယင်းဒေသများသို့ မျိုးစေ့များယူ၍ ပျိုးထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ကော်ဖီဈေးကွက်သည် ကမ္ဘာတွင်ကြီးမားပါကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့် နိုင်ရေးအတွက် အဓိကဆောင်ရွက်ရမည့်အထဲတွင် ကော်ဖီလည်းပါဝင်ပါ ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် ကော်ဖီတင်ပို့ရောင်းချမှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ပြည်ပဝင်ငွေရရှိနေသည်ဟု သိရှိရပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ကော်ဖီ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ဖိုးခန့် တင်သွင်းနေရပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရေမြေသဘာဝတွင် ကော်ဖီကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်သည့်အပြင် ထွက်ရှိလာသည့် ကော်ဖီများသည် ကမ္ဘာ့အထူးတန်းဝင်ဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ပါက ပြည်ပပို့ကုန် တိုးမြှင့်နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်သကဲ့သို့ သွင်းကုန်အစားထိုးနိုင်ခြင်းဖြင့် ကုန်သွယ်မှု လိုငွေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းက မိရိုးဖလာ နည်းစနစ်အပြင် နိုင်ငံတကာ နည်းပညာနှင့်ပါ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ပိုမိုအောင်မြင်လာမည်ဟု ယုံကြည်ပါကြောင်းနှင့် သက်ဆိုင်ရာ ဌာန၊ ဒေသခံတောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လည်း လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဒေသအလိုက် ကော်ဖီထုတ်ကုန်ပစ္စည်း များ၊ ကော်ဖီသုတေသနပျိုးခြံ၊ Coffee Cup Test အခန်း၊ ကော်ဖီသီးကြိတ်ခွဲ စက်ရုံ၊ သဘာဝမြေသြဇာပြုလုပ်ထားပုံ၊ ဓာတ်ခွဲခန်းများနှင့် ဒိုးကွင်ကော်ဖီ စိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ မျိုးပိုးဥနှင့် ပိုးစာ သုတေသနခြံသို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က မြန်မာနိုင်ငံ တွင် ပိုးစာသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ မျိုးပိုးဥထုတ်လုပ်မှု၊ မွေးမြူမှု၊ ပိုးအိမ် ထုတ်လုပ်မှုနှင့် ဌာနပိုင်ပိုးစာခြံများ၊ စက်ရုံများတည်ဆောက်ထားမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ပိုးချည်မျှင် ဈေးကွက်ကို မျက်ခြည်မပြတ်လေ့လာပြီး ပိုးမွေးမြူရန် အခြေအနေပေးသည့် ဒေသများတွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် တောင်သူများ Contract Farmingစနစ်ဖြင့် ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာ ဌာနများက ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မျိုးပိုးဥထုတ်လုပ်ခြင်းနည်းပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပနည်းပညာများ ရယူနိုင်ရေးအတွက် နိုင်ငံခြားပညာသင်များ စေလွှတ်နိုင်ရေးကိုလည်း လိုအပ် သလိုစဉ်းစားဆောင်ရွက်သွားစေလိုပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ဈေးကွက်အခြေအနေအပေါ် မူတည်၍ ပိုးချည်စက်ရုံတည်ဆောက်နိုင်ရေးကိုလည်း သုံးသပ်ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် မျိုးပိုးဥထုတ်လုပ်မှု၊ မွေးမြူမှု၊ ပိုးအိမ် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပိုးစာစိုက်ခင်းများ စိုက်ပျိုးထားမှုနှင့် ပိုးစာနှင့် ပိုးသုတေသနလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိ ကြပြီး ဥယျာဉ်အတွင်း အရိပ်ရပင်များစိုက်ပျိုးထားရှိမှု၊ ရာသီအလိုက်အပင် များနှင့် ရှားပါးအပင် မျိုးစိတ်များ ပြုစုပျိုးထောင်ထားမှု၊ မြေယာရှုခင်း ပြုပြင် ထိန်းသိမ်းထားမှု၊ သစ်ခွဥယျာဉ်နှင့် လိပ်ပြာပြတိုက်တို့ကို လှည့်လည်ကြည့်ရှု လေ့လာသည်။
ထိန်းသိမ်းစောင့်ရှောက်
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အနားယူအပန်းဖြေနိုင်ရန်၊ သစ်တော၊ သစ်ပင်၊ သဘာဝ ပတ်ဝန်းကျင် တန်ဖိုးနှင့် အရေးကြီးပုံကို ပြည်သူလူထုက နားလည်တန်ဖိုး ထားတတ်လာစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၌ ပိုမိုပူးပေါင်းပါဝင် လာစေရန်၊ ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များနှင့် သုတေသီများ အတွက် အားထားလေ့လာစရာ လက်တွေ့ဓာတ်ခွဲခန်းသဖွယ် အထောက်အကူ ဖြစ်စေရန်၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့်အပင်များနှင့် မြန်မာ့ရှားပါး အပင်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မြန်မာနိုင်ငံ၏ သဘာဝ အခြေခံခရီးသွားကဏ္ဍ မြှင့်တင်ခြင်းကို အထောက်အကူပြုရန် စသည့် ရည်ရွယ် ချက်များဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် New Mandalay Resort City စီမံကိန်းသို့ရောက်ရှိကြရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအား အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်မည့်အစီအစဉ်၊Invitation for Expression of Interest ဖိတ်ခေါ်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက် များကို မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည်New Mandalay Resort City စီမံကိန်း ဧရိယာအတွင်း ဆောင်ရွက်ထားမှု အခြေအနေကို မော်တော်ယာဉ် များဖြင့် ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းဧရိယာအတွင်းရှိBurst Transmission Co.,Ltd စက်ရုံအတွင်း Camera နှင့် အပိုပစ္စည်းများထုတ်လုပ်နေမှု၊ Printer စက်ပစ္စည်းအစိတ်အပိုင်းများ၊Fiber အစိတ်အပိုင်းများ၊ CCTV နှင့် Scan စက်တို့၏Sensors များ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment