Thursday, November 1, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျကတ်ရေးဆိုင်ရာ အစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်

Image may contain: 2 people, crowd

နေပြည်တော် အောက်တိုဘာ ၃၁
(၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာအစည်းအဝေး(12th Asean Ministerial Meeting on Transna-tional Crime and Its Related Meetings- 12th AMMTC)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးသောင်းထွန်း၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ AMMTC ၏ ဆွေးနွေးဖက်များဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ံHolding Room ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊AMMTC ၏ ဆွေးနွေးဖက်များဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော် သီချင်းနှင့် အာဆီယံသီချင်းများ ဂုဏ်ပြုတီးမှုတ်၍ အခမ်းအနားကို ဖွင့်လှစ် သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် (၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အာဆီယံအသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်ရာတွင် အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးအဖြေရှာသည့် အစည်း အဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးများနှင့် ကိုယ်စားလှယ်များအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း။
အလေးအနက်ထောက်ခံ
အာဆီယံဒေသတွင်းနိုင်ငံများရှိ ပြည်သူများ၏အကျိုးစီးပွားကိုရည်စူး၍ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အတည်ပြုခြင်းများ ဆောင်ရွက် သည့် 12th AMMTC ကို အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအနေဖြင့် အလေး အနက်ထောက်ခံပါကြောင်း။
အာဆီယံအသင်းကြီးသည် ထုတ်ပြန်ထားသည့် ပဋိညာဉ်စာတမ်းနှင့်အညီ ဒေသတွင်းရှိ နိုင်ငံများအားလုံးမှ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု နှင့် လိုအပ်ချက်များကို အသိအမှတ်ပြုပြီး နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေးအသိုက်အဝန်းနှင့် လူမှုယဉ်ကျေးမှုအသိုက်အဝန်းစသည့် မဏ္ဍိုင်ကြီး (၃)ရပ်ကို အခြေပြုကာ စည်းမျဉ်းဥပဒေသကို လေးစားလိုက်နာသည့် အာဆီယံ အသိုက်အဝန်းကြီးတစ်ရပ် ထူထောင်ရေးအတွက် ရှင်းလင်းပြတ်သားသည့် အစီအစဉ်များကို ချမှတ်ထားပြီးဖြစ်ပါကြောင်း။
အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံသော် လည်းကောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်သော်လည်းကောင်း တရားမျှတ၍ သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်စေရေး၊ ပြည်သူများတည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်စေရေး အာမခံချက်ပေးနိုင်ရန် ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၅၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ တန်ဖိုးများနှင့် အာဆီယံမျှော်မှန်းချက်များကို တိုးမြှင့် ဖော်ဆောင်နိုင်သည့်လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးသိရှိကြမည်ဖြစ်ပါကြောင်း။
အာဆီယံအသင်းကြီး၏ ပူးပေါင်းဆောင်ရွက်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့အတွက် အာဆီယံသည် နှစ်(၅ဝ)ကာလအတွင်း ဖြည်းဖြည်း မှန်မှန် ဖွံ့ဖြိုးတိုးတက်လာပြီး ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်ခဲ့ သည့် အောင်မြင်သောဒေသတွင်းအစုအဖွဲ့အဖြစ် ကမ္ဘာကအသိအမှတ်ပြုလာခဲ့ ပါကြောင်း၊ အရှေ့တောင်အာရှ၏ တက်ြ<ွကလှုပ်ရှားမှုရှိသော အစုအဖွဲ့တစ်ခု အဖြစ် ဖြစ်ပေါ်လာခြင်းကို ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါကြောင်း။
ထို့ပြင် အာဆီယံအသင်းကြီးက ဦးဆောင်သည့် ဒေသဆိုင်ရာအစီအမံ များကို ဆွေးနွေးဖက်နိုင်ငံများ၊ အဖွဲ့အစည်းများပါဝင်ပြီး ဒေသဆိုင်ရာ ဖိုရမ်များ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးများ၊ ဝန်ကြီးအဆင့်အစည်းအဝေး များ၊ အဆင့်မြင့်အရာရှိကြီးအဆင့်အစည်းအဝေးများအစရှိသည့် အဆင့်ဆင့် သော ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကဏ္ဍများတွင် ထိရောက်မှုရှိခဲ့သည့် အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ပြီး ဆွေးနွေး ဖက်နိုင်ငံများနှင့်လည်း မဟာဗျူဟာမြောက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ ပါကြောင်း။
အလေးထားဆောင်ရွက်သွားကြရမည်
၂ဝ၂၅ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရာတွင် ပြည်သူများ၏ လူမှုဘဝတိုးတက်မှု၊ တရားမျှတမှု၊ အခြေခံ အခွင့်အရေးနှင့် လုံခြုံစိတ်ချရမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ရေရှည်တည်တံ့မှု၊ အာဆီယံနှင့်ပတ်သက်၍ ပိုမိုသိမြင်နားလည်နိုင်မှုနှင့် ဖွံ့ဖြိုးမှုအဆင့်ကွာဟမှု များကို အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ဒေသတွင်းတိုးတက်ဖြစ်ပေါ်လာသည့် နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာ များကို အာဆီယံ၏စွမ်းပကားနှင့် ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရေး အဓိက လိုအပ်နေသည်ဟု ရှုမြင်သုံးသပ်မိပါကြောင်း။
နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများသည် အာဆီယံဒေသသာမက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားအားလုံးကို ထိခိုက်နစ်နာမှု များစွာ ဖြစ်ပေါ်စေလျက်ရှိပါကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံနယ်နိမိတ်များတစ်လျှောက်တွင် အုပ်စုဖွဲ့မှုခင်းများသည် တိုးတက်လာသော နည်းပညာများကို အသုံးပြု၍ တရားမဝင်ငွေကြေးခဝါချခြင်း၊ လူမှောင်ခိုခြင်း၊ ဆိုက်ဘာပြစ်မှု ကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ လက်နက်မှောင်ခိုခြင်း၊ တောရိုင်း တိရစ္ဆာန်ရှားပါးမျိုးစိတ်များ ကုန်ကူးခြင်းနှင့် နျူကလီးယားအသုံးပြုမှုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းတို့တွင် အစီအစဉ်တကျချိတ်ဆက်၍ နိုင်ငံ တစ်ခုထက်ပိုသည့် ကွန်ရက်များဖြင့် ကျူးလွန်လျက်ရှိနေသည်ကို တွေ့ရှိကြရ မည်ဖြစ်ပါကြောင်း၊ ရာဇဝတ်ကောင်များ၏ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်မှုများ ကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ ပိုမိုတိုးတက်ဖြစ်ပေါ်လာပြီး အစိုးရ များသည် နစ်နာသူများကို ထိရောက်စွာကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အရေးတကြီးလိုအပ်လျက် ရှိပါကြောင်း၊ မှုခင်းပြဿနာများ မကာကွယ်နိုင်လျှင် အစိုးရများသည် ပြစ်မှုကျူးလွန်ခြင်းခံရသည့် သားကောင်များသဖွယ် အားနည်း ချည့်နဲ့နေမည်သာဖြစ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံတကာ၏လုံခြုံရေးကို ပိုမိုခြိမ်းခြောက်လာလျက်ရှိသဖြင့် ပြည်သူ့ဘဝလုံခြုံရေး၊ ကျန်းမာ ရေး၊ စီးပွားရေးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုပါ ဆိုးရွားစွာပျက်စီးစေလျက်ရှိပါကြောင်း။
စွမ်းအင်နှင့် နည်းပညာလိုအပ်ချက်များရှိနေ
နိုင်ငံဖြတ်ကျော်မှုခင်းများသည် လတ်တလောနစ်နာမှု၊ ဆုံးရှုံးမှုမရှိခြင်း ကြောင့် တိုင်တန်းမှုနည်းပါးခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ချက်ချင်းသိရှိရန်မလွယ်ကူဘဲ အရေးယူဆောင်ရွက်ရာတွင်လည်း စွမ်းရည်နှင့် နည်းပညာလိုအပ်ချက်များ ရှိနေကြပါကြောင်း၊ ပြစ်မှုပြဿနာများ ပေါ်ပေါက်ပြီးမှသာ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ရသည့် အတွက် မလိုလားအပ်သည့်ရှုပ်ထွေးမှုများနှင့် တရားစီရင်ရေးစနစ် ကန့်သတ် ချက်များကြောင့် နိုင်ငံများအချင်းချင်း အငြင်းပွားမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ၂ဝဝဝ ပြည့်နှစ်လွန်ကာလမှစ၍ အာဆီယံဒေသတွင်း၌ နိုင်ငံဖြတ်ကျော်မှုခင်း အမျိုးအစားများမှ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းဝယ်မှု၊ လူကုန် ကူးမှု၊ ငွေကြေးခဝါချမှုနှင့် သဘာဝပတ်ဝန်းကျင်မှုခင်းများ တစ်စတစ်စတိုးတက် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းတွင် အကြမ်းဖက်မှုပြဿနာနှင့် ဆိုက်ဘာမှုခင်းပြဿနာများ ကူးစက်ဝင်ရောက်လာသည်ကို တွေ့ရှိကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ၂ဝဝ၄ ခုနှစ် မတ် ၃ဝ ရက်တွင် ကုလသမဂ္ဂ နိုင်ငံ ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း(UNCTOC)နှင့် ဆက်စပ် နောက်ဆက်တွဲစာချုပ်(Protocol)များ လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ အာဆီယံဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဦးဆောင်နိုင်ငံများအဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာမှုခင်း နှင့် အကြမ်းဖက်မှုစသည့် နယ်ပယ်(၅)ရပ်ကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ဦးစားပေးတိုက်ဖျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မှုခင်းများ အလိုက် သီးခြားဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားပြီး ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဗဟိုကော်မတီလေးခု ဖွဲ့စည်းထားပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက် တွင် နိုင်ငံဖြတ်ကျော်မှုခင်းဌာနကို ၂ဝဝ၅ ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဌာနကြီးအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့အတွက် တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့များ ဖွဲ့စည်းထားပြီး (၅)နှစ်စီမံကိန်းများနှင့် နှစ်အလိုက်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတွင်လည်း ၂ဝဝ၉ ခုနှစ်တွင် (၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီး အစည်းအဝေး၊ ၂ဝ၁၂ ခုနှစ်တွင် အာဆီယံအမျိုးသားရဲအဖွဲ့ညီလာခံ၊ ၂ဝ၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိကြီးအဆင့် အစည်း အဝေးနှင့် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးများကို အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများက အလှည့်ကျကျင်းပသည့် လုပ်ငန်းအဖွဲ့အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီး အစည်းအဝေးများနှင့် ဝန်ကြီးအဆင့်အစည်းအဝေးများကို စဉ်ဆက်မပြတ် တက်ရောက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်း တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့်လည်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုစသည့် နယ်ပယ်များတွင်MoU များ လက်မှတ်ရေးထိုး၍ ဝန်ကြီးအဆင့်၊ အဆင့်မြင့်အရာရှိကြီးအဆင့်နှင့် လုပ်ငန်းအဖွဲ့အဆင့်များတွင် ပုံမှန်အစည်းအဝေးများကျင်းပ၍ ညှိနှိုင်းဆွေးနွေး ခြင်းနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိ
အာဆီယံမိသားစုဝင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်း တည်ဆောက်မှု အောင်မြင်ရေးအတွက် ကျေပွန်ရမည့်တာဝန်နှင့် ဝတ္တရားများ ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်း၏ သာယာ ဝပြောရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် မျှဝေ ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များတွင်လည်း အာဆီယံ၏ မူဘောင်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံ များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိနေပါကြောင်း။
ပြည်သူများ၏ ယုံကြည်မှုကိုရရှိရန် ဖြစ်ပေါ်လာသောမှုခင်းများနှင့် အကြမ်းဖက်မှုများကို ခေတ်ကာလအခြေအနေများနှင့်လျော်ညီသည့် ကြိုတင် ကာကွယ်တားဆီးမှုများ ပြုလုပ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ တိုးတက် လာသည့် မြို့ပြထူထောင်တည်ဆောက်မှုများ၊ ပွင့်လင်းလာသည့်ကုန်သွယ်မှုနှင့် အဆင့်မြင့်ဆက်သွယ်ရေးစနစ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးများ ကြောင့် လူတစ်ဦးချင်းစီအဆင့်၊ ဒေသအဆင့်မှ ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ မှုခင်းအန္တရာယ်ဖြစ်နိုင်ခြေအမျိုးမျိုးရှိနေပါကြောင်း၊ မှုခင်းအန္တရာယ်ဖြစ်နိုင်သည့် အကြောင်းအရင်းများကို အချိန်နှင့်တစ်ပြေးညီသိရှိပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် ကုလသမဂ္ဂ၏ မှုခင်းကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြဿနာအရင်းအမြစ်များကိုဖော်ထုတ်၍ အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဖြေရှင်းသွားရန် လိုအပ်ပါကြောင်း။
အာဆီယံဒေသတွင်းရှိ ပြည်သူများ လွတ်လပ်၍တရားမျှတသည့် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းပေါ်ပေါက်စေရေးတွင် အနှောင့် အယှက်အဟန့်အတားဖြစ်စေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာပြဿနာများကို ထိရောက်စွာ တားဆီးဖြေရှင်းနိုင် ရေးတို့ကို အဓိကဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် အာဆီယံအသင်းကြီး၏ ဒေသတွင်းပေါင်းစည်းမှု၊ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ဘာသာရေးကိုအခြေခံသည့် အကြမ်းဖက်မှု၊ သဘာဝသယံဇာတပျက်သုဉ်းမှုများကို ရင်ဆိုင်နေရပြီဖြစ်သည့်အတွက် အာဆီယံရှိစွမ်းရည်များနှင့် အင်အားများကို ထပ်မံမြှင့်တင်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ခိုင်ခိုင်မာမာရပ်တည်ဖြေရှင်းကြရန် လိုအပ်ပါကြောင်း။
ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ရမည်
အာဆီယံအသင်းကြီး၏ (၅၁)နှစ်တာကာလအတွင်း ရရှိခဲ့သည့် အတွေ့ အကြုံကောင်းများနှင့် အောင်မြင်မှုများကိုအခြေခံ၍ အာဆီယံ၏ အောင်မြင်မှု သော့ချက်ဖြစ်သည့် အားလုံးသဘောတူညီမှုဖြင့် အထပ်ထပ်အခါခါ တိုင်ပင် ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အာဆီယံ၏ အခြေခံမူဝါဒဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာခြင်း၊ ရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခြင်းတို့ဖြင့် အာဆီယံမျှော်မှန်းချက် ၂ဝ၂၅ ကို မလွဲဧကန် အောင်မြင်ရောက်ရှိနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။
အဆွေတော်ဝန်ကြီးများ၏ ယခုအစည်းအဝေးဆွေးနွေးချက်များသည် အာဆီယံဒေသအတွက်သာမက ကမ္ဘာတစ်ဝန်း ဆက်စပ်အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက 11th AMMTC ကို ဖိလစ်ပိုင်နိုင်ငံတွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက်(၂ဝ၁၆-၂ဝ၂၅)၊ အကြမ်းဖက်အစွန်းရောက်ဝါဒနှင့် အစွန်းရောက်မှုများပေါက်ဖွားလာမှု ကြိုတင် ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး အာဆီယံလုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲရေး ဆုံးဖြတ်ချက်များအပြင် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုတွင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနယ်ပယ်မှ ချိတ်ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၄)ရပ်ကို ဆက်လက်ဆောင်ရွက်သွားနိုင်ရန် အတည်ပြုနိုင်ခဲ့ပါကြောင်း။
ရလဒ်ကောင်းများရရှိနိုင်လိမ့်မည်ဟု ယုံကြည်
ယနေ့ကျင်းပသည့် 12th AMMTC တွင် အဆွေတော်ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၏ ရင့်ကျက်သည့်အတွေ့အကြုံများ၊ ဥာဏ်ပညာထက်မြက်မှု၊ အမြော်အမြင်ကြီးမားမှုများဖြင့် အာဆီယံဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ ငွေကြေးခဝါချမှု၊ တောရိုင်းတိရစ္ဆာန်ပစ္စည်းများ ကုန်ကူးမှု တို့နှင့် စပ်လျဉ်း၍ (၁၈)ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေး(18th SOMTC)တွင် ဆွေးနွေးခဲ့သည့်ရလဒ်များ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးတင်ပြချက်များနှင့် အစီအမံများကို အကောင်းဆုံး အဖြေရှာဆွေးနွေး၍ အကြံပြုချက်များပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်း၌သာမက နိုင်ငံတကာနှင့် ချိတ်ဆက်အကောင်အထည်ဖော် နိုင်မည့် ရလဒ်ကောင်းများရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာန ယဉ်ကျေးမှုအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက သဘာပတိအဖြစ် ဦးဆောင်၍ (၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment