Monday, November 26, 2018

ကူဝိတ်သဲကန္တာရအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးဆောင်ရွက်၊ တောစခန်းချအပန်းဖြေ ခရီးစဉ်များကို ဆိုင်းငံ့ထားရန် တိုက်တွန်း

Image may contain: beach, ocean, outdoor and water
ကူဝိတ်စီးတီး နိုဝင်ဘာ ၂၅
ကူဝိတ်နိုင်ငံရှိ သဲကန္တာရအတွင်း မကြာသေးမီက မကြုံစဖူး ထူးထူးခြားခြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် စစ်ကာလအတွင်း အီရတ်တပ်ဖွဲ့များက ထောင်ထားခဲ့သော မြေမြှုပ်မိုင်းဗုံးအရေအတွက် ဒါဇင်ပေါင်းများစွာ မြေပေါ် သို့ ပေါ်လာကြောင်း၊ သို့ဖြစ်၍ အပန်းဖြေရာသီအတွင်း သဲကန္တာရတောစခန်းတွင် စခန်းချ အပန်းဖြေသူများ၏ အားလပ်ရက် ခရီးစဉ်များကို ဖျက်သိမ်းထားလိုက်ကြရ ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။
ကူဝိတ်သဲကန္တာရအတွင်းရှိ ဆာဖာရီ အပန်းဖြေစခန်း ၁၈ ခုကို အာဏာပိုင်များက ပိတ်ထားလိုက်ပြီး မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်အထိ မြေမြှုပ်မိုင်းဗုံး ၄၈ လုံးထက်မနည်းကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
သဲကန္တာရအတွင်း မြေအောက်မှ မြေပေါ်သို့ပေါ်ထွက် လာသည့် မိုင်းဗုံးများကို ကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းလျက်ရှိပြီး မိုင်းရှင်းလင်းရေးလုပ်ငန်း ပြီးဆုံးချိန် အထိ တောစခန်းချအပန်းဖြေခရီးစဉ်များ (ဆာဖာရီခရီးစဉ် များ)ဆိုင်းငံ့ထားရန် မြို့ပြကာကွယ်ရေးကော်မတီက စခန်းချ အပန်းဖြေခရီး ထွက်ခွာမည့်သူများကို တိုက်တွန်းခဲ့သည်။
မကြာသေးမီ ရက်များအတွင်း သဲကန္တာရနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေမြှုပ်မိုင်းဗုံး အများ အပြားမှာ ရေစီးကြောင့်မြေပေါ်သို့ ပေါ်ထွက်လာခဲ့သည်။ ၁၉၉ဝ-၉၁ ခုနှစ် အီရတ်တပ်ဖွဲ့က ကျူးကျော်သိမ်းပိုက်စဉ် ကူဝိတ်သဲကန္တာရအတွင်းတွင် မြေမြှုပ်မိုင်းဗုံးများကို ထောင်ထားခဲ့ကြောင်း၊ ယခုအခါ ကာကွယ်ရေးဝန်ကြီး ဌာနက မိုင်းရှင်းလင်းရေးလုပ်ငန်းကို လုပ်ဆောင်နေဆဲ ဖြစ်၍ ကန္တာရစခန်းချ အပန်းဖြေခရီးစဉ်များကို ဆိုင်းငံ့ ထားရန် မြို့ပြကာကွယ်ရေးကော်မတီက တိုက်တွန်းထား ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment