Tuesday, November 27, 2018

မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၁ဝ နှစ်ပြည့်မြောက်၊ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေး အမေရိကန်က ဆုငွေထုတ်

Image may contain: outdoor
နယူးဒေလီ နိုဝင်ဘာ ၂၆
အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့မှု ၁ဝ နှစ်ပြည့်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် တွင် ကျင်းပခဲ့ကြောင်း၊ ထိုစဉ်အတွင်း ယင်းတိုက်ခိုက်မှုတွင် ဦးဆောင်စီစဉ်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူများကို အမေရိကန်ဒေါ်လာငါးသန်း ဆုချီးမြှင့် မည်ဟု အမေရိကန်အစိုးရက ကြေညာချက်ထုတ်ပြန်ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ညီညွတ်စွာရပ်တည်
မွမ်ဘိုင်းမြို့အား အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခဲ့မှု နှစ်ပတ်လည်နေ့တွင် အိန္ဒိယနိုင်ငံမှ ပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။
သေဆုံး
မွမ်ဘိုင်းမြို့တွင် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုများ၊ မိတ်ဆွေများနှင့်အတူ မိမိတို့ရပ်တည်ကြောင်း၊ ယင်းအကြမ်းဖက်မှု တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသား ခြောက်ဦးမှာလည်း သေဆုံးခဲ့ရကြောင်း၊ မွမ်ဘိုင်းမြို့၌ အကြမ်းဖက်သမားတို့ တိုက်ခိုက်ခဲ့မှု ၁ဝ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အမေရိကန်ပြည်သူအားလုံး၏ကိုယ်စား အိန္ဒိယပြည်သူများနှင့် စည်းလုံးညီညွတ်မှုရှိသည်ဟု မိမိဖော်ပြလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ အင်တာနက်တွစ်တာစာမျက်နှာ၌ ရေးသားသည်။
ဂါရဝပြု
ထိုစဉ်အတွင်း ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေကျေ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၏ မိသားစုဝင်များအား ဂါရဝပြုခဲ့သည်။
၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှစ၍ လေးရက်ကြာမျှ မွမ်ဘိုင်းမြို့တစ်ဝန်းတွင် အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဗုံးဖောက်ခွဲ တိုက် ခိုက်မှုများကို အစီအရီ ပူးပေါင်းပြုလုပ်ခဲ့၍ လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ရပြီး ၃ဝဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment