Saturday, November 24, 2018

မဒေါက်မြို့ တန်ဆောင်တိုင်မီးမျှောပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Image may contain: night, sky, bridge, fireworks, outdoor and water
မဒေါက် နိုဝင်ဘာ ၂၃
နှစ်စဉ်ကျင်းပလာသည်မှာ ၄၆ နှစ်တိုင်ပြီဖြစ်သော ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ် မဒေါက်မြို့၏ တန်ဆောင်တိုင်မီးမျှောပွဲတော်ကို ရေသဘင်ပွဲတော်ဖွင့်ပွဲနှင့်အတူ မဒေါက်မြို့ စစ်တောင်းမြစ်ကမ်းနံဘေးရှိ ဗဟိုမဏ္ဍပ်တွင် ယနေ့စတင်ကျင်းပသည်။
ရှေးဦးစွာ ရေသဘင်ပွဲတော်အား စည်တော်ရွမ်း၍ ပဲခူးတိုင်းဒေသကြီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ ရွှေကျင် တပ်နယ်မှ ဗိုလ်မှူးကြီးမြင့်ထွန်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပွဲတော်ဗဟိုမဏ္ဍပ်ဆိုင်းဘုတ်အား ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး သည်။
ထို့နောက် ရေပွဲသဘင်ကို ဆက်လက်ကျင်းပရာ စစ်တောင်းမြစ်ကမ်းပါးတစ်လျှောက် အကအလှဖျော်ဖြေရေး ယိမ်းအဖွဲ့ ရေယာဉ်များ၊ ယိမ်းအကအလှယှဉ်ပြိုင်ရေး ရေယာဉ်များ၊ တက်ခုတ်ယိမ်း၊ တက်ပျံယိမ်းနှင့် ကရင် ဒုံးယိမ်းရေယာဉ်များက ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များနှင့် မြန်မာ့ရိုးရာလှေပြိုင်ပွဲတွင် ဆုရရှိသူ များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။
ယင်းနောက် ညဥ့်ဦးယံအချိန်တွင် ဒေသတွင်းနှင့် ရပ်ဝေးရပ်နီးမှလာရောက်ကြသော ဧည့်သည်များက မြတ်စွာ ဘုရားရှင်ကို ဦးထိပ်ပန်ဆင်လျက် ရှင်ဥပဂုတ္တမထေရ်မြတ် ကြီးအား ဆီမီးကြာခွက်ပေါင်း ၄၅ဝဝဝ ဖြင့် စစ်တောင်းမြစ် အတွင်း စည်ကားသိုက်မြိုက်စွာ ရေမျှောပူဇော်ခဲ့ကြသည်။
ယခုနှစ်မိုးရာသီတွင် နှစ်ပေါင်း ၅ဝ အတွင်း စံချိန်တင် ရေကြီးမှုဖြစ်စဉ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း မဒေါက်မြို့သူ မြို့သားတို့၏ ဇွဲလုံ့လဖြင့် အစဉ်အလာ ဒေသန္တရပွဲတော်ဖြစ်သော မဒေါက်တန်ဆောင်တိုင်မီးမျှော ရေပွဲသဘင်ကို စည်ကားစွာကျင်းပခဲ့ကြကြောင်း သိရသည်။
ရာမည၊ ပိန်းဇလုပ်သိန်းညွန့်

No comments:

Post a Comment