Sunday, November 25, 2018

နိုင်ငံ့ပုံရိပ်မြင့်မားအောင် မီဒီယာစွမ်းအားဖြင့်ပုံဖော်

Image may contain: text

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ''နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်မှာ ကျွန်တော်တို့အား မွေးဖွားပေးလိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ်မြင့်မားလာအောင်၊ ကျွန်တော်တို့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာပို၍ မြင့်တက်လာအောင် သတင်းမီဒီယာရဲ့ စွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြပါစေ''ဟု ဆန္ဒပြုခဲ့သည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်စေရေး အတွက် တွေ့ကြုံနေရသည့် အခက်အခဲအကျပ်အတည်းများ၊ ရင်ဆိုင်နေ ရသည့် စိန်ခေါ်မှုများကြားမှ ကဏ္ဍပေါင်းစုံကို ပြုပြင်ပြောင်းလဲဆောင်ရွက် နေသည့် အချိန်ကာလတွင် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေသည့် မြန်မာမီဒီယာလောကကို ဦးဆောင်ဦးရွက်ပြုမည့် သတင်းမီဒီယာ ကောင်စီဝင်များအား ဤသို့ပြောကြားခဲ့သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စတုတ္ထမဏ္ဍိုင်ဟုခေါ်တွင်သော မီဒီယာကဏ္ဍကို နိုင်ငံတော်အစိုးရက အလေးထားခဲ့သည်။ သတင်းမီဒီယာများသည် ယခင်ကထက် အကြောက်တရားကင်းကင်းနှင့် လွတ်လပ်ပွင့်လင်းစွာ ပိုမိုရေးသားဖော်ပြလာနိုင်ကြသည်။ ပြည်သူများ၏ နား၊ မျက်စိနှင့် တူသော သတင်းမီဒီယာများ ပေါ်ထွန်းလာသည်ကို ကြိုဆိုရမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သော နိုင်ငံတိုင်းတွင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ရယူ လိုကြသည်မှာ ဓမ္မတာဖြစ်သည်။ သို့သော် သတင်းစာဆရာတို့၏ လေးစားလိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များနှင့်အညီ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မှန်ကန်စွာကျင့်သုံးရမည်ဖြစ်သလို လွတ်လပ်မှုနှင့် ယှဉ်တွဲလျက် တာဝန်ယူမှုရှိရမည်ကိုလည်း သတိချပ်ရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် တာဝန်ယူဆောင်ရွက်နေသော ပြည်သူ့အစိုးရ၊ ပြည်သူ့ကိုယ်စားလှယ် များနှင့် အဖွဲ့အစည်းများက စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ဖြစ်အောင် ထမ်းတင်ပေးလျက်ရှိသည်။ သတင်းမီဒီယာများ အနေဖြင့် နိုင်ငံတကာစံနှုန်းများ၊ သတင်းစာကျင့်ဝတ်များ၊ သတင်းစာ ပညာတို့နှင့်အညီ လူတစ်စု၏ အကျိုးစီးပွားထက် အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားကို ရှေးရှုရမည်။ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားထက် ပြည်သူတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်၏အကျိုးစီးပွားကို ရှေးရှုရ မည်ဖြစ်သည်။ နိုင်ငံတော်၏ပုံရိပ်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ မထိ ခိုက်အောင် ရေးသားတင်ပြကြရမည်ဖြစ်သည်။
သတင်းမီဒီယာများ အားကောင်းလာချိန်တွင် ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်မှုများ၊ ဥပဒေနှင့်မလွတ်ကင်းမှုများ ကြုံတွေ့လာသည်။ နိုင်ငံတော်၏အကျိုးစီးပွားကို ရှေးရှုရန်လိုအပ်လာသည်။ ယင်းကို သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍမှ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြေရှင်းပေးရန်၊ ကြီးကြပ်ပေးရန်၊ ထိန်းကျောင်းပေး ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသားအချင်းချင်းအကြား အမုန်းတရားများ၊ ပဋိပက္ခများ ပြင်းထန်မလာအောင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ထိလွယ်ရှလွယ် သည့် လူမျိုးရေး၊ ဘာသာရေးနှင့်ပတ်သက်၍ ပဋိပက္ခသတင်းများအား မည်သို့ ရေးသားထုတ်လွှင့်ရမည့်အချက်များကို မျက်ခြည်မပြတ် အလေး ထား ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ အရင်းအနှီးကြီးကြီးပေးပြီး ရှားရှားပါးပါးရရှိထားသည့် ဒီမိုကရေစီအပင်ပေါက်လေး ရှင်သန်ကြီးထွားရေးကို အားလုံး အလေး အနက်ထားကြစေလိုသော နိုင်ငံတော်သမ္မတကြီး၏ဆန္ဒနှင့်အညီ သတင်းမီဒီယာများအနေဖြင့် နိုင်ငံတော်၏ပုံရိပ်မြင့်မားလာအောင်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ ပို၍မြင့်တက်လာအောင် သတင်းမီဒီယာ၏ စွမ်းပကားဖြင့် ပုံဖော်ပေးနိုင်ပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါ သည်။ ။

No comments:

Post a Comment