Tuesday, November 27, 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရန် ပြင်သစ်နိုင်ငံမှ ယူရို သန်း ၇ဝ ချေးယူရန်ကိစ္စ ဆွေးနွေး

Image may contain: one or more people and people sitting
နေပြည်တော် နိုဝင်ဘာ ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်း ကို တင်ပြပြီး လွှတ်တော် က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လစ်လပ်လျက်ရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူအား ခန့်အပ်တာဝန်ပေးအပ်လိုခြင်းကို လွှတ်တော်သို့တင်ပြပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုထားသည့်ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန်သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် ကြောင်း အဆိုတင်သွင်ခြင်း အစီအစဉ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကန့်ကွက်လိုသူ ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်ကြောင်းအဆိုကို နာယကထံ တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး နေထွဋ်ဦးအား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြပြီး လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်များက လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ''အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဥပဒေကြမ်း''နှင့် ''မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥပဒေကြမ်း''တို့နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားကြပြီး ပြည်ထောင်စုလွှတ်တော်နာယကက ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် စုစုပေါင်းအခွန်အကောက်များ၏ ၇၇ ဒသမ ၂၈ ရာခိုင်နှုန်းခန့်ကို တာဝန်ယူကောက်ခံပေးရမည်
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီး ဌာနအဖွဲ့အစည်းများ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အတွက် အခွန်အကောက် ၂၁ မျိုးထံမှ ကောက်ခံရန် လျာထားချက် ငွေကျပ် ၇၅၄၆ ဒသမ ဝ၃ဝ ဘီလီယံ၊ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူ ကောက်ခံရမည့် အခွန်အကောက် ၅ မျိုးထံမှ ကောက်ခံရန် လျာထားချက် ငွေကျပ် ၅၈၃၁ ဒသမ ၅၉၃ ဘီလီယံဖြစ်သည့်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် စုစုပေါင်းအခွန်အကောက်များ၏ ၇၇ ဒသမ ၂၈ ရာခိုင် နှုန်းခန့်ကို တာဝန်ယူကောက်ခံပေးရမည် ဖြစ်ပါကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အတွင်း ပြုပြင်ပြီးလျာထားချက် ၅၈၃၁ ဒသမ ၅၉၃ ဘီလီယံအပေါ် ကောက်ခံ ရရှိမှုအနေဖြင့် ပထမ (၆) လပတ် ဧပြီလမှ စက်တင်ဘာလအထိ ကောက်ခံ ရရှိမှု ၂၃၆၄ ဒသမ ၉၅၇ ဘီလီယံ၊ ဒုတိယ (၆) လပတ် အောက်တိုဘာလမှ မတ်လအထိ ၃၂၇၅ ဒသမ ၁၄၁ ဘီလီယံဖြစ်ပြီး စုစုပေါင်းကောက်ခံရရှိမှု ၅၆၄ဝ ဒသမ ဝ၉၈ ဘီလီယံဖြစ်ရာ တစ်နှစ်လုံးအနေဖြင့် လျာထားချက်အပေါ် ၉၆ ဒသမ ၇၂ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ပါကြောင်း။
အခွန်ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာရေးနှင့် ဝန်ထမ်းများ မသမာမှုကင်းရှင်းရေးအတွက် ထိုက်သင့်သော သက်သာချောင်ချိရေးများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခွန်ကောက်ခံမှုစနစ်ကို ခေတ်မီ ICT နည်းပညာများ အသုံးပြုကောက်ခံနိုင်ရန်ITAS (Integrated Tax Administration System) စနစ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ပြည်သူလူထုသို့ အခွန်ပညာပေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (Tax Administration Law) ကို လည်း လွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း။
အခွန်ကောက်ခံရရှိမှု၊ အခွန်စနစ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေး ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးသုံးသပ်မှုများကို မှတ်တမ်းတင်ထားရှိပြီး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးဘိုကြီးက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏အစီရင်ခံစာ (၁၁/၂ဝ၁၈)ကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ပြင်သစ်နိုင်ငံ AFD ထံမှ ချေးငွေယူရို သန်း ၇ဝ ချေးယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြ
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးငွေယူရို သန်း ၇ဝ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ယခု AFD ချေးငွေ ယူရိုသန်း ၇ဝ အပေါ် ပေးရမည့်အတိုးသည် ခန့်မှန်းအတိုးနှုန်း ဝ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် တွက်ချက် ပါက ယူရို ၈ ဒသမ ၂ သန်းခန့် ဖြစ်ပါကြောင်း။
ယခုစီမံကိန်းအတွက် ဥရောပသမဂ္ဂ(EU)မှ ပေးအပ်သည့် ထောက်ပံ့ ငွေသည် ယူရို ၉ ဒသမ ၅ သန်းဖြစ်သည့်အတွက် ကျသင့်သည့် အတိုးထက် ပိုမိုသော ထောက်ပံ့ငွေရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြင်သစ်နိုင်ငံ အပါ အဝင် EU အဖွဲ့အစည်းက မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီများ စဉ်ဆက် မပြတ် ပံ့ပိုးပေးနေခြင်းကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရက ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်မည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးမဟာဗျူဟာ စီမံကိန်းဆောင်ရွက် နိုင်ရန် ပြင်သစ်နိုင်ငံ AFDထံမှ ချေးငွေယူရို သန်း ၇ဝ ချေးယူနိုင်ရေးကိစ္စ ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းသည်။
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းချေးငွေကိစ္စနှင့်စပ်လျဉ်း၍လွှတ်တော်အပိုင်းတွင် ထပ်မံစိစစ်လေ့လာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ် ကြောင်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ လွှတ်တော်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ပြည်ပချေးငွေနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြား တင်သွင်းနိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း ကြေညာသည်။
မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးရေး
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုး ရေးကိစ္စနှင့် စပ်လျဉ်း၍ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံများအကြား နားလည်မှုစာချွန် လွှာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးပါရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အညီ တင်သွင်းအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် နာယကက နားလည်မှုစာချွန်လွှာတွင် ပါဝင် လက်မှတ်ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားရန်လျာထားသဖြင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဘုတ်အဖွဲ့သို့ ဝင်ရောက်ခွင့်ပြုနိုင်ရေး ဆွေးနွေး
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့သို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် တွင် အရည်အသွေးကောင်းရော်ဘာများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး အပေါ် အကျိုးသက်ရောက်မှုရှိပြီး ပို့ကုန်ဈေးကွက်နှင့် ဈေးကောင်းရရှိရေး ဖန်တီးနိုင်မည်ဖြစ်သည့်အတွက် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အသင်းဝင်ခွင့်ပြု နိုင်ပါရန်လိုအပ်ပါကြောင်း။
IRRDBအသင်းဝင်ဖြစ်ပါက နိုင်ငံတော်အနေဖြင့် နှစ်စဉ်ကြေး အမေရိကန် ဒေါ်လာ ၅၈ဝဝ နှစ်စဉ် ထည့်ဝင်ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် ကြေးပေးသွင်းရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း။
အသင်းဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန် ကိစ္စတို့နှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူခွင့်ပြုချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြုချက်ရယူရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး ဘုတ်အဖွဲ့သို့ ဝင်ရောက်ခွင့်ပြုနိုင်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ခွင့်ပြုနိုင်ရေး ကိစ္စရပ်အပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်း ဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားရန် လျာထားသဖြင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း (၂ဝ၁၈)ခုနှစ်နှင့်စပ်လျဉ်း၍ ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင် စိန်နှင့် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ဇင်မင်းတို့က ဆွေးနွေးကြသည်။
ပြည်ထောင်စုလွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင်ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုရန်လျာထားသဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့် လိုအပ် ပါက သက်ဆိုင်ရာလွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့ အစည်းများ၊ ဆွေးနွေးသွားကြသည့်ကိုယ်စားလှယ်များနှင့် အချိန်မီ ပြန်လည် ဆွေးနွေးကြရန် အသိပေးမှာကြားသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းတစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်ရန်အတွက် ထိုင်း နိုင်ငံ Neighbouring Countries Economic Development Cooperation Agency-NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက မြဝတီမြို့သည် နိုင်ငံ၏ကုန်သွယ်ရေး ကဏ္ဍတွင် အဓိကကျသည့်နေရာတစ်ခုဖြစ်ပြီး နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ အခွန်အကောက်များစွာရှာဖွေပေးနေသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထို့ပြင် မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ကူးသန်းရောင်းဝယ်မှုများအပြင် နိုင်ငံခြားသား ဝင်ထွက်သွားလာမှု များပြားသည့်နေရာတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်မြို့များ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရန်လိုအပ်သည့် အတွက် မဟာမဲခေါင်ဒေသအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် အမှန်တကယ်လိုအပ်သည့်အပြင် NEDA ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများသည် အမှန်တကယ်လိုအပ်သည့်လုပ်ငန်းများ ဖြစ်သည့်အတွက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေကို ရယူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်က မြဝတီမြို့တွင် ၂ဝ၁၈ ခုနှစ် သြဂုတ်လ က သောင်ရင်းမြစ်ရေမကြီးသော်လည်း မြို့မှာ ရေလွှမ်းခဲ့ပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည် ရေထုတ်မြောင်းများ မရှိခြင်းကြောင့်ဖြစ်ပါကြောင်း၊ မြဝတီမြို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်ချေးယူမည့် NEDA ချေးငွေသည် ဆိုင်းငံ့ကာလ ၁ဝ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၂ဝ၊ ချေးငွေသက်တမ်းစုစုပေါင်း နှစ် ၃ဝ ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲမှုစရိတ် ချေးငွေ ပမာဏ၏ ဝ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ်သည့်အတွက် သက်သာသောနှစ်ရှည် ချေးငွေဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ဆွေးနွေးသည်။
ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်က မဟာမဲခေါင်ဒေသခွဲ အရှေ့ အနောက်စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်း GMS East West Economic Corridor Town Development Projectကို လေ့လာသည့်အခါ မြို့များဖွံ့ဖြိုးမှုစီမံကိန်းမြို့ထဲမှ မြဝတီမြို့၏ မြို့ပြ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၃ သန်း အသုံးပြုသွားမည်ဟု သိရှိရပါကြောင်း၊ ကရင် ပြည်နယ်ရှိ မြဝတီမြို့ကို ရေကောင်းရေသန့် လုံလောက်စွာပေးဝေရေးစနစ် နှင့် အမှိုက်စွန့်ပစ်သိမ်းဆည်းမှုစနစ် ကောင်းမွန်စွာ စီမံဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် အဆိုပါစီမံကိန်းများအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆို ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့် (ခေါ်) ဦးလှမြင့်သန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းတို့ကလည်း ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်းတို့ကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ သည်။
သတင်း- မော်စီ၊ မွှေးကြူဇင်၊ ဓာတ်ပုံ-ကျော်ရဲဆွေ

No comments:

Post a Comment