Tuesday, November 27, 2018

အရေးအကြီးဆုံးက ပုဂ္ဂလိက၊ အစိုးရနဲ့ဝန်ကြီးဌာနတွေ နီးနီးကပ်ကပ်ပေါင်းလုပ်ဖို့ လိုတယ်

Image may contain: 4 people
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး
'မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်း ကျင်းပ
''မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ လွယ်ကူရဲ့လား'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းအပိုင်း(၂)ကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့်နှင့် မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။
အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်-
(ယမန်နေ့မှအဆက်)
ဦးအောင်စိုး။ ။ အစိုးရနဲ့ ပုဂ္ဂလိက ထိတွေ့ပြီးတော့ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေက လွယ်လွယ်ကူကူနဲ့ ဖြစ်ပေါ်နေပါတယ်။ Public Private Dialogue (PPD) တွေက အများကြီးဖြစ်ပါတယ်။ ဒီအစိုးရလက်ထက်မှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဆိုပြီး ပေါ်လာပါတယ်။ ဒါလည်း Asia Development Bank-ADBရဲ့ အကူအညီနဲ့ အရင် အစိုးရလက်ထက်ကတည်းက စလုပ်ခဲ့တဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီမှာFramework တစ်ခုပြီးသွားတယ်။ အဲဒီမှာ Action Plan တွေရှိတယ်။ ဒါတွေကို အကောင် အထည်ဖော်ဆောင်တာက ဒီဘက်အစိုးရခေတ်မှာ စပြီး ဖော်ဆောင်ပါတယ်။ ဖော်ဆောင်တဲ့အခါမှာလည်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီးတော့ ဖွဲ့ထားပါတယ်။
ဒုတိယသမ္မတကိုယ်တိုင် ဦးဆောင်ပြီး လစဉ် ကုန်သည်ကြီးများအသင်းမှာ အစည်းအဝေးထိုင်ပါတယ်။ အစည်းအဝေးထိုင်ပြီး လုပ်ငန်းရှင်တွေနဲ့ လစဉ် ထိတွေ့ပါ တယ်။ ဒုတိယသမ္မတအဆင့်က လစဉ် လုပ်ငန်းရှင်တွေနဲ့ ကုန်သည်ကြီးများအသင်းမှာ အစည်းအဝေးလုပ်ပေးတယ် ဆိုတာက အင်မတန်ကောင်းတဲ့အခွင့်အလမ်းပါ။ အဲဒီမှာ ပြောခွင့်လည်းရပါတယ်။ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ အကုန်လုံးလာပြီးတော့ Issue တိုင်းကို နားထောင်ပေးတယ်။ ဒီနေရာမှာလည်း Doing Business ထဲက Issue တွေပြောလို့ရတယ်။ အဲဒီမှာ ပြောစေချင်ပါတယ်။ ပြောလည်း ပြောနေကြပါတယ်။ ဒါတွေကိုလည်း နားထောင်ပြီးတော့ ဖြေရှင်းပေးနေပါတယ်။ ခုနက ပြောတဲ့ Public Private Dialogue ဖြစ်ဖို့အတွက် အခွင့်အလမ်းတွေက တစ်ခုတည်းမဟုတ်ပါဘူး။Doing Business အတွက် သီးခြားတွေ့တာတွေလည်း ရှိပါတယ်။ တွေ့ချင်တယ်ဆိုရင် သီးခြားအစည်းအဝေးတွေ ဖန်တီးပေး ထားတာရှိပါတယ်။ ဒါတွေက အခွင့်အလမ်းတွေဖြစ်ပါတယ်။ ဒါတွေကို ထိထိရောက်ရောက်အသုံးချပြီးတော့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်စေချင်တာဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ နည်းပညာအပိုင်း ဖြစ်ပါတယ်။Doing Business Ranking တက်ဖို့က တစ်ခါလုပ်လို့ တစ်ခါရတာနဲ့ ချက်ချင်းတက်သွားတာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်က ကျွမ်းကျင်ပညာရှင်တွေ ပြောကြားချက်အရ စောင့်ကြည့်သေးတယ်။ ဥပမာ လိုင်စင်တွေဖြစ်တဲ့ ပို့ကုန်လိုင်စင်တွေ၊ သွင်းကုန်လိုင်စင် တွေကို လျှော့ချပစ်လိုက်တယ်။ လိုင်စင်မလိုတော့ဘူး။ တော်တော်များများ ကုန်ပစ္စည်းအမည်တွေက ဒီအတိုင်းပဲ အကောက်ခွန်နဲ့ ပို့လို့ရနေပါပြီ။ ဒါရဲ့ အကျိုးရလဒ်ကို တကယ်ခံစားရလား ဆိုတာကို စောင့်ကြည့်သေးတယ်။ တကယ်သုံးရဲ့လားဆိုပြီး နှစ်နှစ်၊ သုံးနှစ် စောင့်ကြည့်သေး တယ်။ တစ်ခါတည်း အမှတ်မပေးဘူး။ ဒါက ကမ္ဘာ့ဘဏ်က ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေလုပ်တဲ့အခါ သိလာရတာဖြစ်ပါတယ်။Taxဆိုလည်း ဒီလိုပဲ ဘာလုပ်လုပ် အကျိုးကျေးဇူးကို ခံစားရပြီလားဆိုတာ နောက်တစ်ခါ နှစ်နှစ်၊ သုံးနှစ်စောင့်ကြည့်ပြီးမှ တဖြည်းဖြည်းချင်း အမှတ်ပေးတဲ့ သဘောရှိတယ်။ တကယ့် အကျိုးကျေးဇူးကို ပုဂ္ဂလိကကဏ္ဍကခံစားရမှ၊ အကျိုးရှိမှ အမှတ်က တက်လာ တာရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ တကယ်အကျိုးရှိ အောင်လုပ်ရမယ်။ ပြီးတော့ ထိန်းထားရမယ်။ ဒီနှစ် လုပ်လိုက်၊ လာမယ့်နှစ် မလုပ်လိုက် လုပ်လို့မရဘူး။ ထိန်းထ
ား ပြီးတော့ အရည်အသွေးတက်လာအောင်လုပ်ရမယ်။
ပုဂ္ဂလိကကဏ္ဍက ကျေနပ်မှုရရှိပြီး သူတို့ကိုယ်တိုင်က တိုးတက်တယ်လို့ခံယူမှ အမှတ်က ရောက်လာမှာ ဖြစ်ပါ တယ်။ ဒါက Sensitive ဖြစ်တယ်။ စာရွက်ပေါ်မှာ ကြည့်ပြီးတော့ လုပ်လိုက်ရုံနဲ့တော့ ရသွားတာမဟုတ်ဘူး။ အားလုံးက လက်တွေ့ကျကျ ထိထိရောက်ရောက် ကြိုးစား ပြီးတော့ တကယ်လွယ်ကူအောင် လုပ်ပေးဖို့လိုတယ် ဆိုတာကို ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်။
ဦးအောင်နိုင်ဦး။ ။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြတယ်။ ကမ္ဘာ့ဘဏ်ကလည်း ကျွန်တော်တို့တိုင်းပြည်နဲ့ပတ်သက်လို့ ဖြေကြားချက်တွေ ယူတဲ့အခါ ပုဂ္ဂလိကကဏ္ဍရဲ့ ဖြေကြားချက်တွေကိုယူတယ်။ တချို့ပုဂ္ဂလိကကဏ္ဍတွေက တိတိကျကျ ဖြေကြားမှုမရှိတာ တွေ တွေ့ရှိရပါတယ်။ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူး ကို ပုဂ္ဂလိကကဏ္ဍက မခံစားရသေးတာတွေရှိတယ်။ ဥပမာ ကျွန်တော်တို့ ကုမ္ပဏီဥပဒေကို ပြင်လိုက်တယ်။ ဥပဒေ သစ်က သြဂုတ် ၁ ရက်က စပြီးအသက်ဝင်နေပြီ။ ကုမ္ပဏီ ဥပဒေ အသက်မဝင်ခင်ကတည်းက ဒီဥပဒေကြီး အသက် ဝင်လာရင် ပြောင်းသွားမယ့်အချက်တွေကို ဝန်ကြီးဌာန တွေသိဖို့အတွက် သူတို့ကိုဖိတ်ကြားပြီး သေချာရှင်းပြပေး တယ်။ ဒီဥပဒေသစ်က ဒါတွေ ထူးခြားသွားပြီ။ ဒါတွေ မလိုတော့ဘူး။ ဝန်ကြီးဌာနတွေကို နှုတ်နဲ့ ရှင်းပြပြီး စာနဲ့လည်း ရှင်းပြတယ်။ အွန်လိုင်းစလုပ်တဲ့အချိန်မှာ ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဝန်ကြီးဌာန တွေက အလွယ်တကူကြည့်လို့ရအောင်ID တွေ၊ Password တွေ အကုန်လုံးကို ဝန်ကြီးဌာနတွေဖြန့်ပေးထားပါတယ်။ ကျွန်တော်တို့လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုကို ဝန်ကြီးဌာန တွေအားလုံးသိသွားရင် အားလုံးစည်းဝါးညီသွားမယ်။ တစ်ယောက်လုပ်ထားတာကို အားလုံးသိသွားပြီးတော့ စည်းဝါးညီအောင် ဖြစ်စေချင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် Communication အခက်အခဲလေးတွေ ရှိတယ်။ ဥပမာ ဥပဒေဟောင်းမှာ ပုံစံ ၆ နဲ့ ၂၆ တို့ ရှိတယ်။ ကုမ္ပဏီတစ်ခုက ဌာနတစ်ခုကို သွားဆက်သွယ်ပြီ ဆိုရင် ပုံစံ ၆ နဲ့ ၂၆ ယူသွားရတယ်။ ယူသွားပြီး လိုအပ်တာ စစ်ဆေးပြီးမှ လုပ်ငန်းစဉ်တွေ ဆက်လုပ်ပေးတယ်။ ဥပဒေ သစ်ထဲမှာ ဒါတွေမရှိတော့ဘူး။ မရှိကြောင်းလည်း အားလုံး ကို ပြောပြီးပြီ။ သို့သော်လည်း တကယ်လက်တွေ့မှာ ပုဂ္ဂလိကကဏ္ဍကလူတွေက အစိုးရရုံးတွေကို သွားဆက်သွယ်တဲ့အခါကျတော့ ပုံစံ ၆၊ ၂၆ ယူလာခဲ့ ဆိုတော့ သူတို့မှာ ဒုက္ခတွေရောက်တယ်။
ကျွန်တော့်အမြင်ပြောရရင် Communication Problemပေါ့။Top level ကနေရထားတဲ့ သတင်းအချက် အလက်က လက်တွေ့အခြေခံအဆင့်မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေဆီမရောက်ဘူး။ မရောက်တော့ အခက်အခဲ လေးတွေပေါ်လာတာ တွေ့ရတယ်။ Doing Business Score တက်ဖို့လုပ်တဲ့အခါမှာ ပြုပြင်ပြောင်းလဲမှုလုပ်သလို စည်းညီဝါးညီလုပ်ဖို့လည်း လိုပါတယ်။ ဒါက ဝန်ကြီးဌာန တွေဘက်ပေါ့။ တစ်ယောက်တည်းလုပ်ပြီး တစ်ယောက်တည်း ဖြေလျှော့သွားလို့မရဘူး။ တစ်ယောက်တည်း ပြုပြင်ပြောင်းလဲ လို့မရဘူး။ ကျွန်တော်တို့က စည်းဝါးညီဖို့လိုတယ်။
ပြုပြင်ပြောင်းလဲမှုလုပ်ပြီးတဲ့အခါမှာDoing Busi-ness က ကျန်းကျန်းမာမာနဲ့ ရှင်သန်ချင်တယ်ဆိုတာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့Doing Business Scoreနဲ့ နိုင်ငံတစ်ခုရဲ့ Doing Businessအဆင့်နဲ့ ဒီတိုင်းပြည်ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်တာနဲ့ တိုက်ရိုက် အချိုးကျတယ်။ Doing Business Scoreကောင်းတဲ့နိုင်ငံ တွေက Foreign Direct Investment - FDIများများ ဝင်တယ်။ ဥပမာ အာဆီယံထဲမှာဆိုရင် စင်ကာပူအကောင်းဆုံး ဖြစ်ပါတယ်။ စင်ကာပူက နှစ်စဉ် နံပါတ်(၁) ရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး နယူးဇီလန်နိုင်ငံကို လွှဲပေးလိုက် ရတယ်။ သူက ငါးနှစ်ဆက် ကမ္ဘာပေါ်မှာ နံပါတ်(၁)ရလာ ခဲ့တယ်။ စင်ကာပူက အာဆီယံနိုင်ငံတွေထဲမှာ အကောင်းဆုံး ဖြစ်ပြီး FDIအများဆုံးဝင်တယ်။ ဆိုလိုတာကScore ကောင်းလာရင် FDIဝင်တယ်။ ကျွန်တော်တို့က Doing Businessနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာက အဆင့်ကောင်းအောင် လုပ်နေတယ်။ ဒုတိယသမ္မတ ဦးဆောင်ပြီးတော့ သုံးနှစ်အတွင်း အဆင့်ကို ၁ဝဝ အောက် ရောက်အောင် လုပ်ကြမယ်။ ကြိုးစားပြီးတော့ ကော်မတီ တွေဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်း၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေကြတယ်။
လုပ်ပေမယ့် ပြုပြင်ပြောင်းလဲမှုက ၂ဝ၂၁ ခုနှစ်မှာ ၁ဝဝ အောက်ရောက်သွားပြီဆိုရင် ပြီးပြီဆိုပြီး သွားရပ် လို့မရဘူး။ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေက ဆက်လက်လုပ်နေရမယ်။ ပြုပြင်ပြောင်းလဲမှုက လုပ်ငန်းစဉ် ဖြစ်တယ်။ အချိန်တိုအတွင်းမှာ ရလဒ်ပေါ်ဖို့ခက်တယ်။ ဆက်ပြီးတော့လည်း လုပ်ဆောင်နေဖို့လိုတယ်။
အဲဒီအချိန်မှာ အရေးအကြီးဆုံးက ပုဂ္ဂလိက၊ အစိုးရနဲ့ ဝန်ကြီးဌာနတွေ နီးနီးကပ်ကပ် ပေါင်းလုပ်ဖို့လိုတယ်။ အစိုးရဝန်ကြီးဌာနမှာလည်း တစ်ယောက်နဲ့တစ်ယောက် စည်းဝါးကိုက်ဖို့လိုတယ်။ ဒါတွေကို ကျွန်တော်တို့က ဖြည့်စွက်ပြီးတော့ တင်ပြချင်ပါတယ်။
ဒေါ်ခိုင်ခိုင်နွယ်။ ။ လုပ်ငန်းစဉ်ကရှိနေရမယ်။ ပြီးတော့ လုပ်ငန်းစဉ်ကလည်း တိုးတက်မှု ရှိနေရမယ်။ ဘယ်တော့မှ ရပ်သွားလို့မရဘူး။IFC နဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီဟာက မာရသွန် ပြေးသလိုပဲ တာတိုက အရမ်းကြီးပြေးတဲ့အခါမှာ ရောက်တော့ ရောက်သွားတယ်။ မာရသွန်ကတော့ စပြေးရင် အရမ်းကြီး ပြေးလို့ မရဘူး။ ဖြည်းဖြည်းလေးပြေးလို့ အရှိန်ရလာမှ ပန်းဝင်မယ့်နေရာကို ရောက်သွားရင် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုရသွားတာဖြစ်ပါတယ်။ ဒါက မဆုတ်မနစ် လုပ်နေရမယ်။ တစိုက်မတ်မတ်နဲ့ တိုးတက်အောင် အမြဲလုပ်နေရမယ့်အပိုင်းတွေ ဖြစ်ပါတယ်။
ဒေါ်သီတာမြင့်။ ။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်မှပဲ နိုင်ငံ တကာကို ယှဉ်နိုင်မယ်ဆိုပြီး ပြောင်းလဲတဲ့အချိန်မှာ ကျွန်မ တို့က အများကြီးလုပ်ရတယ်။ ပြောင်းလဲမှုလုပ်ပြီးတဲ့အခါ ပြောင်းလဲမှုတွေအကုန်လုံး ပြည်သူကို ပြန်ချပြမယ်ဆိုရင် လည်း အများကြီးပဲ Procedure လုပ်ရပါတယ်။ အဲဒီ အချိန်မှာ ပြောင်းလဲသွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ Procedure တွေကို ပြောပြပါမယ်။ လုပ်ငန်းရှင်ကြီးတွေကို ဖိတ်ပါတယ်ဆိုပြီး အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ လုပ်ငန်းရှင်တော်တော်များများက မလာဘဲ ရှိတဲ့သူကို လွှတ်လိုက်တယ်။ နောက်ထပ် ဒါနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ် တစ်ခုကို ရှင်းပြပါမယ်ဆိုပြီးခေါ်တဲ့အခါ နောက်တစ်ယောက် လွှတ်လိုက်တယ်။ ဒီနှစ်ယောက်ကလည်း မတူဘူး။ လုပ်ငန်းရှင်တွေအကုန်လုံးကို ပြောပေးပါ။
ကျွန်မတို့ရဲ့ ပြောင်းလဲမှုတွေအကုန်လုံးကို လိုက်ပါပြီး၊ နားလည်ပြီး ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း ပင်ပန်းပါ တယ်။ ပင်ပန်းသော်လည်း နိုင်ငံတော်တိုးတက်ဖို့အတွက် အများကြီး ကြိုးစားဆောင်ရွက်နေပါတယ်။
နောက်တစ်ခုက အချိန်ဖြစ်ပါတယ်။ Ease of Doing Businessမှာ အချိန်ဘယ်လောက်ကြာလဲဆိုတာ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို တိုင်းပါတယ်။ အဲဒီမှာ လုပ်ငန်းရှင်တွေက အကျိုးဆောင်တွေ၊ ပွဲစားတွေကို ပေးထားလိုက်တယ်။ အကျိုးဆောင်၊ ပွဲစားတွေကလည်း ယူထားလိုက်တယ်။ နောက်ထပ် ဘယ်နှယောက်လာပြီးတော့ အလုပ်အပ်သလဲ။ အပ်တဲ့အပေါ်မှာမူတည်ပြီး အဆင်ပြေရင် ပြေသလို သုံးရက်၊ ငါးရက် ကြာရင်ကြာမယ်။ တခြား တစ်ခုနဲ့တွဲပြီးတော့ ဌာနတစ်ခုကို သွားချင်သွားမယ်။ အဲဒီလိုဆိုရင် အချိန်တွေပိုကြာသွားတယ်။ ပိုကြာသွားတဲ့ အချိန်တွေအားလုံးက အကဲဖြတ်တဲ့အထဲမှာ ပါသွားတယ်။ အကျိုးဆောင်တွေ၊ ပွဲစားတွေနဲ့လည်း လွှတ်မထားဖို့ ပြောချင်ပါတယ်။ ကမ္ဘာ့ဘဏ်က မေးတဲ့မေးခွန်း ဖြေတဲ့ အခါမှာ သုံးရက်မသွားလိုက်လို့ကြာတာကို ထည့်မပြော တော့ဘဲ အားလုံးကြာတဲ့ရက်က ငါးရက်ဆိုပြီး ပြောလိုက် တယ်။ တကယ်ကြာတဲ့ရက်က တစ်မျိုးဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
ဒေါ်ခိုင်ခိုင်နွယ်။ ။ ဆရာမဆွေးနွေးတာ မမှားပါဘူး။ဘာကြောင့်လဲဆိုတော့ လုပ်ငန်းရှင် တွေက ကာလများစွာ အစည်းအဝေးတွေတက်ခဲ့တဲ့အခါ ယုံကြည်မှုကင်းတဲ့အပိုင်းတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းကာလတစ်ခုမှာ အစည်းအဝေးတွေကို လုပ်ငန်း ရှင်တွေက မလာကြတော့ဘူး။ အချိန်လာမပေးတော့ဘူး။ အလေ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီဘက်နောက်ပိုင်း လပေါင်းများစွာမှာ လုပ်ငန်းရှင်တွေက အစည်းအဝေးတက်လာကြပါပြီ။ ယုံကြည်မှုတစ်ခုပြန်တည်ဆောက်တဲ့အခါမှာ ရလာကြပြီ လို့ ပြောချင်ပါတယ်။ အခုပြန်လာကြပါပြီ။ အစိုးရဝန်ကြီး ဌာနများနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်ကို လုပ်ငန်းရှင်တွေက များများတွေ့လာတဲ့အခါမှာ အစည်း အဝေးတွေခေါ်ပါလို့ ပြောကြမယ့်အချိန်ကို မကြာမီ ရောက်လာပါလိမ့်မယ်။
ဒေါ်သီတာမြင့်။ ။ Ease of Doing Business Ranking တက်ဖို့ဆိုတာက အစိုးရပဲ ပြောင်းလဲလို့မရပါဘူး။ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်း ရှင်တွေကလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံ ရဲ့ပုံရိပ် ကမ္ဘာပေါ်မှာ အဆင့်ဘယ်လောက်ရနေတယ်ဆိုတာ ကိုမြင်စေချင်ပါတယ်။ ဒီလိုမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ရော၊ ကိုယ့်ဆီက လုပ်တဲ့လုပ်ငန်းတွေရော အောင်မြင်လာ မှာဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
ဦးအောင်နိုင်ဦး။ ။ ကျွန်တော်တို့ဌာနက ရင်းနှီးမြှုပ်နှံမှု ဥပဒေဆွဲတယ်။ ကုမ္ပဏီဥပဒေ၊ ရင်းနှီး မြှုပ်နှံမှုနည်းဥပဒေတွေ ဆွဲတယ်။ ဆွဲတဲ့လုပ်ငန်းစဉ် တစ်ခုလုံးမှာ ပုဂ္ဂလိကကဏ္ဍကို အမြဲဖိတ်တယ်။ ဆွဲတဲ့ အထဲမှာ UMFCCI က ကိုယ်စားလှယ်တစ်ယောက် ထည့်တယ်။ အစိုးရက ဆွဲတဲ့ဥပဒေကို တကယ်သုံးမှာက ပုဂ္ဂလိကကဏ္ဍက သုံးမှာဖြစ်ပါတယ်။ ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေးနီးကပ်ဖို့လိုတယ်။ ဥပဒေဆွဲတဲ့လုပ်ငန်းစဉ်တိုင်းမှာ မူကြမ်းဆွဲပြီးရင် ပုဂ္ဂလိက ကို ချပြတယ်။ သူတို့အကြံပြုချက်ရှိရင် ပြန်ပြင်တယ်။ ပြင်ပြီးတော့မှ လွှတ်တော်ကို ပို့တာဖြစ်ပါတယ်။ ဒါလေး တွေက ရှေ့လျှောက်လည်း အရေးကြီးပါတယ်။
ပုဂ္ဂလိကကဏ္ဍကို ထပ်ပြီးတော့ အကြံပေးချင်တာက ဝန်ကြီးဌာနတွေက သတင်းအချက်အလက်တွေကို ပုဂ္ဂလိကကဏ္ဍရောက်အောင် ဖြန့်ဝေတဲ့အခါ ကျွန်တော့် ဌာနမှာဆိုရင် ဝက်ဘ်ဆိုက်မှာ နေ့စဉ်သတင်းအချက် အလက်တင်တယ်။ Facebookကနေ ပြည်သူကို မျှဝေ တယ်။ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အရေးကြီးသတင်း တစ်ခုကို လူတွေမသိ သိအောင် သတင်းစာထဲမှာ ထည့်ပြီး တော့ ကြေညာပေးတယ်။ Communication ကောင်း ဖို့အတွက် သတင်းအချက်အလက်ကောင်တာတွေရှိတယ်။ virtualကောင်တာတွေ အများကြီးလုပ်ထားတယ်။ Viber ကမေးလည်း ဖြေပေးတယ်။Messenger က တစ်ဆင့် မေးလည်းဖြေပေးတယ်။ ဖြေပေးတဲ့ဝန်ထမ်းတွေ ရှိတယ်။ ဝက်ဘ်ဆိုက်ကမေးလည်း ဖြေပေးတယ်။ Private Sector အနေနဲ့ သိချင်တာတွေ များများမေးမြန်းပေးပါ။Doing Businessက အဓိကPrivate Sector အတွက်ကို ရည်ရွယ်တာဖြစ်ပါတယ်။ အစိုးရကPrivate ကို၊ Public က Private ကို Communicate လုပ်သလို Private က လည်း Public ကို လာပြီးထိတွေ့ပါ။ မေးပါ။ ဆက်သွယ်ပါ။ Private Sector ရဲ့လိုလားချက်ကိုလည်း သိမယ်။ သိမှDoing Business ပိုကောင်းအောင် လုပ်တဲ့အချိန်မှာ ပိုပြီးတော့ ထိရောက်မယ်။ အစိုးရတစ်ဖက်တည်းလုပ်နေ တာနဲ့စာရင် Private ကလည်း မိမိသိချင်တာနဲ့ မိမိလိုလား တာလေးတွေကို ပြန်မေးလို့ရှိရင် အဆင်ပြေနိုင်ပါတယ်လို့ အကြံပြုချင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ကျော်သူထက်၊ မျိုးသူဟိန်း
ဓာတ်ပုံ-အေးသန်း

No comments:

Post a Comment