Tuesday, November 27, 2018

မြောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးနှင့် အနောက်ပိုင်း စီးပွားရေးစင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးအတွင်းသို့ ပေါင်းစပ်သတ်မှတ်နိုင်ရေး ညှိနှိုင်းစည်းဝေး

Image may contain: one or more people, people sitting, table and indoor



နေပြည်တော်   နိုဝင်ဘာ   ၂၆
လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးနှင့် အနောက်ပိုင်းစီးပွားရေးစင်္ကြံ လမ်းမကြီးတို့အား  တောင် - မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးအတွင်းသို့ ပေါင်းစပ် သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊  ဦးသန့်စင်မောင်၊ ဒေါက်တာ သန်းမြင့်၊ ဦးသောင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က  လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ပိုင်းစီးပွားရေးစင်္ကြံ လမ်းမကြီးနှင့်   အနောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးတို့အား  တောင် - မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးအတွင်းသို့ ပေါင်းစပ်သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ယနေ့ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း။
မဟာမဲခေါင် စီးပွားရေးစင်္ကြံလမ်းကြောင်းများ အတည်ပြုသတ်မှတ်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သဘောထားမှတ်ချက်များကို ယနေ့ အစည်းအဝေးတွင်   တင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊   ရရှိလာသည့်  ဆွေးနွေး သဘောတူညီချက်များကို အစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် လမ်းဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က မြန်မာနိုင်ငံ အတွင်း ကျန်ရှိနေသော  မြောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးနှင့် အနောက်ပိုင်း စီးပွားရေးစင်္ကြံလမ်းမကြီးတို့အား ဦးစားပေးအဆင့်တွင် ပါဝင်နိုင်ရေးအတွက် တောင်- မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးအတွင်းသို့ ပေါင်းစပ်သတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်း ၍  ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စီးပွားရေး စင်္ကြံကိုGMSသတ်မှတ်ခဲ့စဉ်က အိန္ဒိယ - တမူးမှ လားရှိုးအထိ မြောက်ပိုင်းစင်္ကြံဟုခေါ်ပါကြောင်း၊ တစ်ဖန် မ္တလေးမှ ရန်ကုန် သီလဝါ အထိ   အနောက်ပိုင်းစင်္ကြံလမ်းဟုခေါ်ပါကြောင်း၊   ၄င်းစင်္ကြံလမ်းမကြီးနှစ်ခုအား တောင် - မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးအတွင်းသို့ ပေါင်းစပ်လိုခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့  NEC နှင့်  WECတို့ ပေါင်းစပ် လိုက်ခြင်းသည် များစွာအကျိုးကျေးဇူးရရှိလိမ့်မည်ဟု ယူဆသည့်အတွက် သဘော တူထောက်ခံပါကြောင်း ပြောကြားသည်။
ကျယ်ပြန့်စွာ ကုန်သွယ်မှုပြုနိုင်မည်
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က NEC နှင့်  WEC အား တောင် - မြောက် စီးပွားရေး စင်္ကြံလမ်းမကြီးအတွင်း ပေါင်းစပ်သတ်မှတ်ပါက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ပြီး စီးပွားရေးပိုမိုအားကောင်းလာပြီး ကျယ်ပြန့်စွာ ကုန်သွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြောက်ပိုင်းစီးပွားရေးစင်္ကြံ လမ်းမကြီးနှင့် အနောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေးစင်္ကြံလမ်း မကြီးအတွင်းသို့ ပေါင်းစပ်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုအပိုင်းအနေဖြင့် ကောင်းမွန် လာမည်ဖြစ်ပြီး စီးပွားရေးကုန်သွယ်မှု ကောင်းမွန်လာပါက ကုန်စည်စီးဆင်းမှုသွက်လက် မြန်ဆန်လာကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြပြီး မြောက်ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးနှင့် အနောက် ပိုင်းစီးပွားရေးစင်္ကြံလမ်းမကြီးတို့အား တောင် - မြောက် စီးပွားရေးစင်္ကြံလမ်းမကြီးအတွင်းသို့   ပေါင်းစပ်သတ်မှတ်နိုင်ရေးအတွက်   ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း   သိရ သည်။                                                                                            သတင်းစဉ်

No comments:

Post a Comment