Wednesday, November 7, 2018

စီးပွားရေးလုပ်ငန်းများ လွယ်ကူမှုအညွှန်းကိန်းနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိအောင် ပိုပြီးလုပ်လာပါပြီ

Image may contain: 5 people, people sitting
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး
ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပ
''ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ'' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) အထွေထွေမန်နေဂျာ ဦးတင်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပါဝင်ဆွေးနွေးကြသည်။
(ယမန်နေ့မှအဆက်)
အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ ဆက်လက်ပြီးတော့ ဒုတိယဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံ မှာ ဒီအညွှန်းကိန်းတွေတက်အောင် ဘာတွေ လုပ်ဆောင် နေသလဲဆိုတာကိုလည်း ပြောပြပေးပါဦး။
ဒုတိယဝန်ကြီး။ ။ ဒီအညွှန်းကိန်းတွေ တိုးတက်အောင် နဲ့ပတ်သက်ပြီးတော့ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ရှေ့ပိုင်းမှာ ထဲထဲဝင်ဝင် သိပ်ပြီးတော့ မသိတဲ့သဘောရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော် တို့ ထဲထဲဝင်ဝင်ပိုပြီးတော့မှ လုပ်လာတဲ့သဘောရှိတယ်။ အဲဒီအခါမှာ ပထမ သူတို့အညွှန်းကိန်းတွက်တဲ့အခါမှာ ဘာလုပ်သလဲဆိုရင် အစိုးရဌာနတွေကိုလည်း မေးခွန်းတွေ တစ်နှစ်တစ်ခါမေးတယ်။ အဲဒီမေးခွန်းတွေက ဖေဖော်ဝါရီ လလောက်ကစပြီးတော့ မေလလောက်အတွင်းမှာ ဖြေရ တယ်။ ပြီးရင် မေလဆိုရင် စာရင်းပိတ်ပြီးတော့ တွက်ချက်မှုတွေ လုပ်တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အစိုးရ ဌာနတွေကိုလည်း မေးတယ်။ ပုဂ္ဂလိက ကဏ္ဍတွေကိုလည်း မေးတယ်။ မေးတဲ့အခါ ပုဂ္ဂလိက ကဏ္ဍတွေနဲ့ တွဲဖက်ပြီး တော့ လုပ်နေတဲ့law firmတွေ၊ accounting firm တွေကိုလည်း သူတို့က မေးပြီးတော့ လုပ်ပါတယ်။
အဲဒီလိုမေးပြီး လုပ်တဲ့အခါမှာ တချို့လူတွေက ဒီမေးခွန်းတွေကို အလွယ်တကူ ပြောလိုက်တယ်။ ဥပမာ မေးခွန်းထဲမှာ ဒီကိစ္စက ဟုတ်သလား၊ မဟုတ်ဘူးလား မေးတယ်ဆိုရင် သူက ဟုတ်တယ်လို့ ဖြေလိုက်ရင် နောက်ဆုံးတွဲမေးခွန်းတွေက ထပ်ပြီးတော့ ရှိလာတယ်။ ရှိလာတဲ့အခါကျတော့ လူတွေက အလွယ်တကူပဲ မသိပါဘူး၊ မဟုတ်ပါဘူးဆိုပြီး ဖြေလိုက်ရင် အဖြေက အလွယ်လေးပဲ။ ဒါပေမယ့် နောက်ကွယ်မှာ အမှန်က မရတဲ့သဘော ရှိတယ်။
နောက်တစ်ခါကျတော့ ကုမ္ပဏီကလုပ်တဲ့ လူတွေဟာ လိုင်စင်တွေ၊ ပါမစ်တွေ ရအောင်လုပ်တဲ့နေရာမှာ ကိုယ်စားလှယ်တွေနဲ့ လုပ်ကြတယ်။ လုပ်တဲ့အခါမှာ ကိုယ်စားလှယ်တွေက သွားပြီးတော့ လုပ်တယ်။ လုပ်တဲ့ အခါမှာ သူတို့ဟာ အမှန်ကုန်ကျတဲ့ဟာတွေကို သူတို့က မှတ်တမ်းမတင်ထားဘူး။ ဥပမာဆိုရင် သွင်းကုန်လိုင်စင် တစ်ခုရဖို့ဆိုရင် ကုမ္ပဏီက ဘယ်လိုသတ်မှတ်ထားသလဲ ဆိုတော့ ဒါဟာ ဒေါ်လာ ၂ဝဝ ကျတယ်လို့ သတ်မှတ်ထား တယ်။ သူ့ရဲ့ ကိုယ်စားလှယ်ကို ဒေါ်လာ ၂ဝဝ ပေးလိုက် တယ်။ ဒီဒေါ်လာ ၂ဝဝ ကို ကိုယ်စားလှယ်က ဘယ်မှာ သုံးလိုက်သလဲတော့ မသိဘူး။ တကယ်တမ်း တွက်ကြည့် တော့ တစ်နေရာစီ တစ်နေရာစီမှာ ပေးလိုက်တာဟာ ဒေါ်လာ ၂ဝဝ မရှိဘူး။ ဒေါ်လာ ၁ဝဝ လည်း ဖြစ်ရင် ဖြစ်လိမ့်မယ်။ ၅ဝ လည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ပိုင်ရှင်က သူ ဒေါ်လာ ၂ဝဝ ပေးလိုက်ရတဲ့အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ဝဝ လို့ပြောတယ်။ ဒါပေမယ့် ဒေါ်လာ ၂ဝဝ မကျဘူး။ အဲဒါတွေကို မှန်မှန်ကန်ကန် မှတ်တမ်းမလုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ် တိုင်းမှာ ပိုပြီးတော့ ကုန်ကျတာတွေရှိတယ်။
နောက်တစ်ခုကတော့ ကြာမြင့်တဲ့အချိန်။ ကြာမြင့်တဲ့ အချိန်နဲ့ပတ်သက်ပြီးတော့ တချို့ကတော့ ရက်နဲ့ပဲ တွက်နေတယ်။ ရက်နဲ့တွက်တော့ ဒီနေ့ လျှောက်လွှာကို တင်တယ်။ မနက်ဖြန်မနက်မှာ ပြန်ရမယ်။ ကျွန်တော့် ဘက်က တွက်တာကတော့ ၂၄ နာရီအတွင်းမှာ ပြီးတယ်လို့ တွက်တယ်။ ဒါပေမယ့် သူတို့ဘက်မှာ တွက်တဲ့အခါကျတော့ တင်တဲ့ရက်က တစ်ရက်၊ ရတဲ့ရက်က တစ်ရက်ဆိုတော့ နှစ်ရက်ဖြစ်သွားတယ်။ အဲဒီအခါမှာ ကြာတဲ့အချိန်တွေက ပိုပြီးတော့ ကြာသွားတာတွေရှိတယ်။ နောက်တစ်ခုက procedureတွေနဲ့ပတ်သက်ပြီးတော့ တချို့ procedureတွေက ပယ်ဖျက်ထားတာတွေရှိတယ်။ ဒါပေမယ့် အရင် တုန်းက စာရင်းတွေအတိုင်းပဲ သွားပြီးတော့ ဝင်နေတာ တွေရှိတယ်။
အဲဒီတော့ ကျွန်တော်တို့တွေ ပုဂ္ဂလိက၊ UMFCCI နဲ့ပေါင်းပြီးတော့ မေးခွန်းတွေကို ဘယ်လိုဖြေကြမလဲ၊ မေးခွန်းတွေကို သေချာပြန်လေ့လာတယ်။ လေ့လာပြီး တော့ ပုဂ္ဂလိက ကဏ္ဍအနေနဲ့လည်း ဒီမေးခွန်းတွေကို သေသေချာချာ ဖြေနိုင်အောင်လို့ ကျွန်တော်တို့လုပ်တယ်။ နောက်ပြီးတော့ အစိုးရကဏ္ဍအတွင်းမှာလည်း မေးခွန်း တွေကို သေသေချာချာဖြေနိုင်အောင် လုပ်တယ်။
ဒီလိုလုပ်တဲ့အခါမှာ တချို့အချက်အလက်တွေဟာ ဦးဇေယျသူရမွန် ပြောသလိုပဲ count မလုပ်ထားတဲ့ အချက်တွေ ပါလာတာကို တွေ့ရပါတယ်။ ဒုတိယသမ္မတရဲ့ လမ်းညွှန်ချက်နဲ့ အရင်တုန်းက အထောက်အကူပြုအဖွဲ့ ၁ဝ ဖွဲ့ရှိတယ်။ အခု ဒုတိယသမ္မတက တကယ် လုပ်ဆောင်နိုင်မယ့် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးတွေကို အတွင်းရေးမှူး အဆင့်လောက်နဲ့ ပြန်ပြီးဖွဲ့စည်းပါတယ်။ ၁ဝ ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်တွေကို ပိုပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်လာပါတယ်။ အဲဒီလို ဆောင်ရွက်လာတဲ့အပြင် ကမ္ဘာ့ဘဏ်က ကျွမ်းကျင်သူ နှစ်ယောက်ကို ပံ့ပိုးထားတယ်။ နိုင်ငံခြားသားတစ်ယောက်နဲ့ ပြည်တွင်းတစ်ယောက်ပါ။
အဲဒီလိုပံ့ပိုးထားတဲ့အခါ စီးပွားရေးလုပ်ငန်းများ လွယ်ကူမှုအညွှန်းကိန်းတိုးတက်ဖို့ အစည်းအဝေးတွေ နှစ်ပတ်တစ်ကြိမ် ကျင်းပတယ်။ အဲဒီလို အစည်းအဝေး ကျင်းပပြီးတော့ ကျွန်တော်တို့ ဘာတွေ ဆက်လုပ်ဖို့လိုသလဲ ဆိုတာ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်တယ်။ တွေ့ရှိ ချက်က ဘာလဲဆိုတော့ စီးပွားရေးလုပ်ငန်းများ လွယ်ကူမှု အညွှန်းကိန်းနဲ့ပတ်သက်ပြီး အသိပညာပေးမှုက နည်းပါး တာကို တွေ့ရတယ်။ ပုဂ္ဂလိကကဏ္ဍ၊ အများပြည်သူနဲ့ အစိုးရမှာရော နည်းတယ်။ ဒါကြောင့် ပြန်ကြားရေး အစီအစဉ်တစ်ခုချမှတ်လိုတယ်ဆိုပြီး ချမှတ်ခဲ့ပါတယ်။ ချမှတ်ပြီး အများပြည်သူ သိရှိအောင် ပိုပြီးလုပ်လာပါပြီ။ အခုစကားဝိုင်းဟာလည်း အများပြည်သူသိအောင် လုပ်တဲ့ လုပ်ငန်းတစ်ခုပါ။
အများပြည်သူထင်သာမြင်သာသိအောင်လို့ Ease of Doing Business Website ကို ရေးဆွဲနေပါပြီ။ ဒီဟာကို မကြာခင် ထုတ်လွှင့်နိုင်မယ်။ နောက်တစ်ခုက procedure တွေနဲ့ပတ်သက်ပြီး ၁ဝ ဖွဲ့ဟာ SOP လို့ခေါ်တဲ့ standard operating procedure ပါ။ ဥပမာဆိုရင် ဆောက်လုပ်ရေးဆိုင်ရာ ခွင့်ပြုချက်တစ်ခုကို လျှောက်မယ်ဆိုရင် ဘယ်လိုအဆင့်တွေကို လုပ်ဆောင်ရ မယ်ဆိုသလဲဆိုတဲ့ အဆင့်တွေကို ဖော်ထုတ်ပါတယ်။ အဲဒီကဏ္ဍကြီး ၁ဝ ခုလုံးကို ဖော်ထုတ်ပါတယ်။
ဖော်ထုတ်ပြီးတော့ ဝက်ဘ်ဆိုက်မပေါ်ခင်မှာ စီးပွား ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝက်ဘ်ဆိုက်မှာ procedure တွေကို တင်ထားပါတယ်။ အများပြည်သူတွေအနေနဲ့ ဝင်ရောက်လေ့လာပြီး ရှင်းရှင်းလင်းလင်း သိနိုင်အောင်ပါ။SOPမှာလည်း ရှုပ်ထွေးမှုရှိပါတယ်။ ဒါတွေကို ရှင်းလင်း လွယ်ကူအောင်ဆိုပြီး လုပ်နေပါတယ်။ ရှင်းလင်းလွယ်ကူ အောင်လုပ်ပြီး procedure ကို Ease of Doing Business Website မှာ၊ သက်ဆိုင်ရာဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြမှာဖြစ်ပါတယ်။ အဲဒီလိုဖော်ပြတဲ့ အခါ အများပြည်သူအနေနဲ့ သူတို့ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိသွားမှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ ဒေါ်လှိုင်မော်ဦး အနေနဲ့ dealing with construction permit ရရှိဖို့အတွက် ကော်မတီက ဆောင်ရွက်နေမှု အခြေအနေကိုလည်း ရှင်းပြပေးပါ။
ဒေါ်လှိုင်မော်ဦး။ ။ ခုနက ဒုတိယဝန်ကြီးနဲ့ ဦးဇေယျ သူရမွန် ပြောပြဆွေးနွေးခဲ့တာလည်း ရှိပါတယ်။ လျှပ်စစ် indicator ကလည်း ပြောတာရှိပါတယ်။dealing with construction permit မှာလည်း အမှတ် ပေးတာ လေးခုရှိပါတယ်။ စလုပ်တဲ့ construction permit တင်တဲ့အချိန်ကစပြီး အဆောက်အအုံ ဆောက်ပြီး တဲ့အချိန်အထိ procedure ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာရှိပါတယ်။ ပြီးတော့ အချိန်၊ ကုန်ကျစရိတ် တိုင်းတာလည်း ရှိပါတယ်။ ဒါတွေ လွယ်ကူရုံနဲ့တင်မရပါဘူး။ ဘယ်လောက်အထိ reliable ဖြစ်တယ်ဆိုတာကိုလည်း အရည်အသွေးနဲ့ပတ်သက်တဲ့ quality control index ကို တိုင်းပါတယ်။ ပညာရှင်တွေ ဘယ်လောက်ပါသလဲ။
dealing with construction permit indicatorမှာအဆင့် ၆၆ ကနေ အဆင့် ၇၃ လောက်အထိ ပြန်ဆင်းတာရှိပါတယ်။ အဲဒါက ဟိုဘက်က မေးခွန်းတွေကို ဒီဘက်က တိတိကျကျ နားမလည်လို့ဖြစ်တာပါ။ နားမလည်ဘဲ ပြန်ဖြေတာတွေ တွေ့ရပါတယ်။ ဒါကြောင့်မို့dealing with construction permit indicator နဲ့ ပတ်သက်ပြီးတော့ လုပ်နေတာတွေ ဘာတွေရှိတယ်ဆိုတာ ကို ကမ္ဘာ့ဘဏ်က မှန်မှန်ကန်ကန်သိအောင် ပြန်ပြီး ဆန်းစစ်ဆောင်ရွက်ခဲ့တာရှိပါတယ်။
ကျွန်မတို့ရဲ့ Procedure တွေနဲ့ပတ်သက်ပြီး ခက်ခဲ နေတဲ့ Procedure တွေ ပြန်ပြင်တာလည်း ရှိပါတယ်။ အဲဒါအပြင် ကမ္ဘာ့ဘဏ်IFC ဘက်က propose လုပ်တာ တွေကို ပြန်ပြင်တာလည်း ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လောက်ပဲကောင်းအောင် လုပ်ပေမယ့် အပြင်က မသိဘူး။ မသိတော့ gap ဖြစ်တယ်။ အဲဒီ gap နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးလမ်းကြောင်း communication ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့အခါ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ တင်သလိုပဲ ကျွန်မတို့ ဝက်ဘ်ဆိုက်မှာလည်း အရင်တုန်းက လျှောက်လွှာနဲ့ တချို့အချက်အလက်လောက်သာ တင်ထား ရာကနေ အခုတော့SOP Data တွေပါ တင်ပေးပါတယ်။ ဒါ့ပြင် EC meeting တွေ ဘယ်အချိန်တွေ လုပ်တယ် ဆိုတာပါ တင်ပေးပါတယ်။ ပြီးတော့ IFC ရဲ့ recommendation တွေကိုလည်း တင်ပေးပါတယ်။ သုံးလပတ်တစ်ခါ ဘယ်အမျိုးအစားမှာ လျှောက်လွှာ ဘယ်လောက်ရှိတယ်၊ ဒါကို ဘယ်လောက်အထိ လုပ်ဖြစ် တယ်၊ ဘယ်လောက်အထိ permit ပေးတယ်ဆိုတာကို လည်း တင်ပေးပါတယ်။ အဲဒီအပြင် ပညာရှင်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်တာတွေကိုလည်း တင်ပေး ပါတယ်။
ရှင်မင်း
ဓာတ်ပုံ-အေးသန်း

No comments:

Post a Comment