Wednesday, November 7, 2018

ရန်ကုန်မြို့ ကျန်းမာရေးဆိပ်ကမ်းတွင်မာန်အောင် (၄) ရေယာဉ်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

Image may contain: outdoor and water
ရန်ကုန် နိုဝင်ဘာ ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ရေကြောင်းဌာနတွင် ရန်ကုန် ဆိပ်ကမ်းလုပ်ငန်းသုံးအတွက် အလျား ၃၂ မီတာ၊ အနံ ၁၁ မီတာနှင့် ဇောက် ငါးမီတာရှိပြီး တစ်နာရီ ရေမိုင်နှုန်း ၁၂ မိုင် မောင်းနှင်နိုင်သည့် မြင်းကောင်ရေ ၁၅၈၂ ရှိ YANMAR အင်ဂျင်နှစ်လုံး စုစုပေါင်းပါဝါ ၃၁၆၄ ရှိသော အင်ဂျင်စွမ်းအားကြီးမားသည့် တွန်း/ ဆွဲရေယာဉ် မာန်အောင် (၄) ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း အကုန်အကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းနှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသော Myanma Shipyards- AMECC JV. Co., Ltd. က တည်ဆောက်ပြီးသည့် မာန်အောင် (၄ ) ရေယာဉ်လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ကျန်းမာရေးဆိပ်ကမ်းရှိ ဆိပ်ခံတံတား ခန်းမဆောင်၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင်က ရေယာဉ်တည်ဆောက်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြား ရေးမှူး ဦးနီအောင်ထံသို့ Myanma Shipyards-AMECC JV. Co., Ltd. Chairman ဦးကြည်စိုးက ရေယာဉ်နှင့်ပတ်သက်သည့် စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ် သည်။ ဆက်လက်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးထံသို့ တွင်း/ဆွဲရေယာဉ် ပုံစံ ငယ် သစ်ထွင်းပန်းချီကားများအား အမှတ်တရလက်ဆောင် ပေးအပ် ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဆိပ်ခံတံတား ပေါ်တွင် ရေယာဉ်လွှဲပြောင်းပေးခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ မာန်အောင်-၄ တွင်း/ဆွဲရေယာဉ်ပေါ်သို့ တက်ရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment