Wednesday, November 7, 2018

မန္တလေးမြို့နှင့်အနီး ဆောင်းခိုငှက်များ စတင်ဝင်ရောက်

Image may contain: sky, tree, outdoor and nature
မန္တလေး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဥ့်ကိုင်မြို့နယ် ပလိပ်အင်း၊ တံတားဦးမြို့နယ်နှင့် မန္တလေးမြို့ အနီးတွင် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဆောင်းခိုငှက်များ ဝင်ရောက်လာပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဒေသတွင် အဦးဆုံး ရောက်ရှိလာသော ဆောင်းခိုငှက်များ မှာ တောငန်းရိုင်း၊ ခရုတုတ်၊ ဟင်္သာ၊ ဥပန်းငှက်၊ ကြိုးကြာငှက်များနှင့်အတူ အခြားရှားပါး ငှက်မျိုးစိတ်များလည်း ပါဝင်သည်။
ဆောင်းခိုငှက်များ ဝင်ရောက်မှု တွင် ကြိုးကြာငှက်အများအပြားကို ပထမဆုံးတွေ့ရပြီး ငှက်အုပ် တစ်အုပ်လျှင် အနည်းဆုံး ငှက်ကောင်ရေ ၃၅ဝ အထိရှိသည်။ ကြိုးကြာအများစုကို တံတားဦး လေယာဉ်ကွင်း သွားရာလမ်းအနီးတစ်ဝိုက်တွင်တွေ့ရပြီး အခြားဆောင်းခို ငှက်များကို ပလိပ်အင်းဒေသတွင် တွေ့ရှိရသည်။
ကျက်စား
ပလိပ်အင်းအတွင်းရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြား ငှက်မျိုးစိတ် ခုနစ်မျိုး၊ ငါးမျိုးစိတ် ရှစ်မျိုး ကျက်စားကြောင်း မှတ်တမ်းပြုထားသည်။ နှစ်စဉ် ကွင်းဆင်းလေ့လာမှု မှတ်တမ်းများအရ ရေငှက်မျိုးစိတ် ၃ဝ၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက် ၁၁ မျိုးနှင့် ဒေသမျိုးရင်းငှက်မျိုးစိတ် ၁၉ မျိုး ကျက်စားကြောင်း သိရသည်။
ပလိပ်အင်းတွင် ဆောင်းခိုငှက်များနှင့် အခြားငှက် မျိုးစိတ်များကို လေ့လာဓာတ်ပုံရိုက်ကူးရာတွင် အကောင်းဆုံး အင်းဖြစ်သည်။ ဧရာဝတီမြစ်လက်တက်ဖြစ်သော မြစ်ငယ် မြစ်မှ အင်းအတွင်း ရေဝင်ရေထွက်ပြုလုပ်ကာ ရေအရည် အသွေးမှာ PH ၉ ဒသမ ၂ ဖြစ်သည်။ အင်းအတွင်းတွင် ကြာလင်ပန်းပေါများစွာ ပေါက်ရောက်ခြင်းနှင့်အတူ အခြားအပင်များဖြစ်သည့် ရေမှော်၊ ကနဖော့၊ ဟင်းချန်၊ ရေကန်စွန်းတို့လည်း ပေါက်သည့်အတွက် ဆောင်းခိုငှက် အများအပြား ကျက်စားရာနေရာဖြစ်သည်။
လက်ရှိကာလတွင် ပလိပ်အင်း၊ တံတားဦးလေယာဉ် ကွင်းသွားရာလမ်းအနီးနှင့် မန္တလေးမြို့အနီးတွင် ဆောင်းခို ငှက်များ ဝင်ရောက်လာပြီဖြစ်သည့်အတွက် ငှက်ချစ်မြတ်နိုး သည့် ဓာတ်ပုံဆရာများ ပုလိပ်အင်းအတွင်းနှင့် တံတားဦး လေယာဉ်ကွင်းသွားရာလမ်းတစ်လျှောက် ငှက်အလှဓာတ်ပုံ များ နေ့စဉ်ရိုက်ကူးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ငှက် ချစ်မြတ်နိုးသူများ၊ ဓာတ်ပုံဆရာများ ဆောင်းခိုငှက်များကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း ငှက်များကို ဓာတ်ပုံရိုက်ကူးမှတ်တမ်းယူသူ ဆရာSolo(MDY)က ပြောပြသည်။
နွေနဒီ(မြစ်ငယ်)

No comments:

Post a Comment