ဝင်းဇေယျာထွန်း
(ယမန်နေ့မှအဆက်)
နိုင်ငံတကာစာချုပ်များ မှတ်ပုံတင်မှု
နိုင်ငံတကာစာချုပ်တွေအတွက် အရေးကြီးတဲ့အချက်က ကုလသမဂ္ဂမှာ မှတ်ပုံတင်(Register)ဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်၊ အခန်း (၁ဝ၂)အရ မည်သည့်နိုင်ငံတကာစာချုပ်မဆို ချုပ်ဆိုပြီးရင် ကုလသမဂ္ဂမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့စာချုပ်တွေကို ကုလသမဂ္ဂ ဆိုင်ရာကိစ္စရပ်တွေမှာ အထောက်အထားပြု ကိုးကားနိုင်ခွင့်မရှိပါဘူး။ ဒီနေရာမှာ သတိထားရမှာက ကုလသမဂ္ဂမှာ မှတ်ပုံမတင်ရင် နိုင်ငံတကာ စာချုပ်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။ စာချုပ်မှာပါဝင်နေတဲ့ နိုင်ငံ၊ အဖွဲ့ အစည်းတွေ သဘောတူနေသရွေ့ နိုင်ငံတကာစာချုပ်အဖြစ် ရပ်တည်ပြီး ဥပဒေပိုင်းဆိုင်ရာစွမ်းအားနဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာကိစ္စရပ်တွေမှာတော့ အကိုးအကားပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။
MoU ( Memorandum of Understanding)
MoU ဟာ နိုင်ငံတကာစာချုပ်အမျိုးအစားမှာ အကျုံးဝင်မှု ရှိ၊ မရှိ၊ နိုင်ငံတကာစာချုပ်လို ဥပဒေပိုင်းဆိုင်ရာသက်ရောက်မှုတွေ၊ ဥပဒေအရ စည်းနှောင်မှု(Legally binding) တွေရှိ၊ မရှိဆိုတာ အင်မတန်ဖြေရခက်တဲ့ မေးခွန်းဖြစ်ပါတယ်။ MoU ဆိုတဲ့အမည်ကို ကြည့်ရုံနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ လက်ရှိအခြေအနေမှာ အချို့ MoU တွေကို နိုင်ငံတကာစာချုပ်လို့ အသိအမှတ်ပြုထားပြီး အများစုဟာ ဥပဒေအရ စည်းနှောင်မှုမရှိတဲ့ သဘော တူညီချက်(Non-binding instrument) များ ဖြစ်နေကြပါတယ်။ MoU မှာ ပါဝင်တဲ့ စာသား၊ အသုံးအနှုန်းပေါ်မှာမူတည်၍သာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေအရ စည်းနှောင်မှုမရှိခြင်း
နိုင်ငံတွေအနေနဲ့ MoU တွေချုပ်ဆိုရတဲ့ ရည်ရွယ်ချက်ကိုကြည့်မယ် ဆိုရင် နိုင်ငံတကာဥပဒေအရ၊ နိုင်ငံတကာဥပဒေသကဲ့သို့ သတ်မှတ်၍ စည်းနှောင်မှုခံယူလိုခြင်းမရှိမှုဟာ အဓိကအချက်ဖြစ်နေကြောင်းကို တွေ့ရှိရ မှာဖြစ်ပါတယ်။ အချို့သော MoU တွေမှာ နိုင်ငံတကာစာချုပ်များကဲ့သို့ ဥပဒေအရ စည်းနှောင်မှုမရှိကြောင်းကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြ ထားလေ့ရှိပါတယ်။ ဥပမာ - ဥရောပဒေသလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စများအတွက် ချုပ်ဆိုတဲ့ MoU ဖြစ်တဲ့Helsinki Final Act 1975 rSm “…not eligible for registration (as a treaty) under Article-102 of the (UN) Charter”လို့ ဖော်ပြထားပါတယ်။ အဓိပ္ပာယ်က ''နိုင်ငံတကာစာချုပ်မဟုတ်သည့်အတွက် ဥပဒေအရစည်းနှောင်မှုမရှိကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်၊ အခန်း(၁ဝ၂)အရ မှတ်ပုံတင်ဖို့မလို ကြောင်း''ကို ဆိုလိုတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကုလသမဂ္ဂပဋိညာဉ် စာချုပ်၊ အခန်း(၁ဝ၂)အရ မှတ်ပုံတင်ဖို့မလိုအပ်ဘူး၊ မှတ်ပုံတင်ဖို့အရည်အချင်း မကိုက်ညီဘူးဆိုတာနဲ့ နိုင်ငံတကာစာချုပ်မဟုတ်ကြောင်း နိုင်ငံတကာဥပဒေ အရ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ အစ္စရေးနဲ့အမေရိကန် နှစ်နိုင်ငံ အကြား ချုပ်ဆိုတဲ့ ကုန်သွယ်ရေးဆိုင်ရာMoU မှာ “..the principle set forth below shall not be legally binding..” လို့ဖော်ပြထားပါတယ်။ဥပဒေအရ စည်းနှောင်မှုမရှိတဲ့အတွက် နိုင်ငံတကာစာချုပ်မဟုတ်ဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ တချို့ MoU တွေမှာတော့ သွယ်ဝိုက်ပြီး ဖော်ပြ ထားတတ်ပါတယ်။ ဥပမာ - Stockholm Conference on Confidence and Security-Building Measures and Disarmament in Europe အစည်းအဝေးအတွင်း ဥရောပနိုင်ငံများအတည်ပြုခဲ့တဲ့ သဘောတူညီချက်မှာ “..the measure adopted in this document are politically binding..” လို့ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီသဘောတူညီချက်ဟာ နိုင်ငံရေးအရသာ စည်းနှောင်မှုရှိပြီး နိုင်ငံတကာဥပဒေကြောင်းအရ စည်းနှောင်မှု၊ သက်ရောက်မှု မရှိတဲ့အတွက် နိုင်ငံတကာစာချုပ်မဟုတ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။
ကုလသမဂ္ဂပဋိညာဉ်စာချုပ်၊ အခန်း(၁ဝ၂)ဟာ နိုင်ငံတကာစာချုပ်များ အပေါ်သာ သက်ရောက်မှုရှိတဲ့အတွက် MoU တွေကို ကုလသမဂ္ဂမှာ မှတ်ပုံ တင်စရာမလိုပါဘူး။ ဒါပေမယ့် ကုလသမဂ္ဂမှာ မှတ်ပုံတင်ထားတဲ့ စာချုပ်များ စာရင်းမှာ MoU အချို့ပါနေတာကို တွေ့နိုင်ပါတယ်။ ကုလသမဂ္ဂ မှတ်ပုံတင်ဌာန အနေနဲ့ မှတ်ပုံတင်ဖို့အဆိုပြုလာတဲ့ MoU အဓိပ္ပာယ်ဖွင့်ဆိုမှုအရသော်လည်း ကောင်း၊ မှားယွင်းမှုအရသော်လည်းကောင်း ခွင့်ပြုခဲ့တာဖြစ်နိုင်ပါတယ်။
စကားလုံးအသုံးအနှုန်း
MoU ဆိုတာ သာမန်အားဖြင့် ဥပဒေကြောင်းအရ စည်းနှောင်မှု၊ သက်ရောက်မှုမရှိဘူးလို့ အကြမ်းဖျင်းယူဆနိုင်သော်လည်း MoU လို့ သတ်မှတ်နိုင်ဖို့ ပြည့်စုံရမယ့်အချက်တွေကို နိုင်ငံတကာစာချုပ်မှာကဲ့သို့ တိတိကျကျ သတ်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပြီး ကောက်ချက်အမျိုးမျိုးချနိုင်တဲ့အတွက်MoU ဟာ များစွာ ရှုပ်ထွေးမှုရှိပါတယ်။ MoU ချုပ်ဆိုရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ နိုင်ငံ တကာဥပဒေရဲ့၊ နိုင်ငံတကာဥပဒေကဲ့သို့သတ်မှတ်၍ စည်းနှောင်မှု၊ သက်ရောက်မှုများကို မခံယူဘဲ ရှောင်ရှားနိုင်ဖို့ဖြစ်တဲ့အတွက် MoU တွေ ချုပ်ဆိုရာမှာ၊ အထူးသဖြင့် MoU အထဲမှာ ပါဝင်တဲ့စာသားတွေ ရွေးချယ် ရာမှာ စကားလုံးအသုံးအနှုန်း အထူးသတိပြုဖို့လိုအပ်ပါတယ်။ အသုံးပြုတဲ့ စာသားတွေမှာ နိုင်ငံတကာဥပဒေကြောင်းအရ သက်ရောက်မှုရှိနိုင်တဲ့ စကားလုံးအသုံးအနှုန်းများကို သတိထားရှောင်ရှားရမှာ ဖြစ်ပါတယ်။ နိုင်ငံ တကာစာချုပ်တွေမှာ အသုံးပြုတဲ့စာသားတွေဟာ ဥပဒေကြောင်းအရ သက်ရောက်မှုပြင်းထန်ပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ စတင်ချုပ်ဆိုစဉ်က MoU ဟု အမည်တပ်၍ ချုပ်ဆိုခဲ့သော်လည်း အသုံးပြုတဲ့စာသားတွေမှာ နိုင်ငံတကာစာချုပ်တစ်ရပ်အဖြစ် သတ်မှတ်နိုင်တဲ့အသုံးအနှုန်းများ ပါဝင်သွားခဲ့ရင် တစ်ဖက်အဖွဲ့အစည်းက အဆိုပါသဘောတူညီချက်ဟာ MoU မဟုတ်ဘဲ နိုင်ငံတကာဥပဒေအရ စည်းနှောင်မှုရှိတဲ့ နိုင်ငံတကာစာချုပ်တစ်ရပ် ဖြစ်ကြောင်း ငြင်းဆိုပြောဆိုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာစာချုပ်တစ်ရပ်အဖြစ် သတ်မှတ်နိုင်ခြင်းရှိ၊ မရှိ၊ နိုင်ငံတကာဥပဒေရဲ့ စည်းနှောင်မှု၊ သက်ရောက်မှုရှိ၊ မရှိ ဆိုတာကို အခြားအချက်တွေအရ ကွဲပြားမှုမရှိတဲ့၊ ခွဲခြားနိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးကြုံရပြီဆိုရင် MoU ရဲ့စာသားမှာအသုံးပြုထားတဲ့ စာသားအသုံး အနှုန်းအရသာ ခွဲခြားသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် MoU မှာအသုံးပြုတဲ့ စာသားအသုံးအနှုန်းဟာ အလွန်အရေးကြီးကြောင်း သတိပေးရခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့် နိုင်ငံတကာစာချုပ်တွေမှာ “shall”လို့သုံးရင် ၎င်းရဲ့ သက်ရောက်မှုကိုလျှော့ချပြီး MoU မှာ “will” လို့သုံးသင့်ပါတယ်။ “shall”နဲ့ “ will” ရဲ့အဘိဓာန်လာအဓိပ္ပာယ်ဟာ သိပ်မကွာပေမယ့် စာချုပ်ချုပ်ဆိုတဲ့ နေရာမှာတော့ ဥပဒေပိုင်းဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်အရ များစွာကွာခြား ပါတယ်။ အရေးကြီးတဲ့စကားလုံးအသုံးအနှုန်းနမူနာလေးတွေကို အောက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် MoUမှာပါဝင်တဲ့ အကြောင်းအရာ၊ ချုပ်ဆို ချိန်မှာရှိတဲ့ ပတ်ဝန်းကျင်အခြေအနေ စတာတွေအပေါ်မူတည်ပြီး အသုံးပြုပုံနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု ကွဲပြားမှုတော့ရှိနိုင်ပါတယ်-
MoU ကိုယ်တိုင်ကသော်လည်းကောင်း၊ ပါဝင်သူများကသော်လည်း ကောင်း နိုင်ငံတကာဥပဒေရဲ့ စည်းနှောင်မှု၊ သက်ရောက်မှုများခံယူလိုတဲ့ ရည်ရွယ်ချက်(Intent)ရှိမယ်ဆိုရင်တော့ စာသားအသုံးအနှုန်းရဲ့သက်ရောက်မှု ကိုလျှော့ချပြီး အသုံးပြုပေမယ့်လည်း ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေရဲ့ စည်းနှောင်မှု၊ သက်ရောက်မှုများရှိမှာဖြစ်ပါတယ်။
MoU ရဲ့စကားလုံးအသုံးအနှုန်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပြည်ပြည် ဆိုင်ရာတရားရုံး (ICJ)က ဆုံးဖြတ်ခဲ့တဲ့ ဥပမာတစ်ခု ဖော်ပြလိုပါတယ်။ အမှု ကတော့ ကင်ညာနိုင်ငံနဲ့ ဆိုမာလီယာနိုင်ငံတို့အကြား ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးနဲ့ သက်ဆိုင်တဲ့အမှုတစ်ခုဖြစ်ပြီးICJ က ၂ဝ၁၇ ခုနှစ် နှစ်ဦးပိုင်းမှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ အမှုတစ်ခုလုံးမဟုတ်ဘဲ MoU နဲ့ သက်ဆိုင်တဲ့ ကဏ္ဍကိုသာ ရွေးချယ်ဖော်ပြပါမယ်။ ကင်ညာနိုင်ငံနဲ့ ဆိုမာလီယာနိုင်ငံတို့ဟာ ကုန်းမြေမှ ရေမိုင်၂ဝဝ ပြင်ပရေပိုင်နက်သတ်မှတ်ပေးဖို့အတွက် ကုလသမဂ္ဂရဲ့ “ပင်လယ်ပြင်ကမ်းလွန်နယ်နိမိတ်ဆိုင်ရာကော်မရှင် (Commission on the Limits of the Continental Shelf)”ကို နှစ်နိုင်ငံလုံးက တင်ပြလျှောက်ထား တဲ့အခါမှာ တစ်ဦးကိုတစ်ဦး ကန့်ကွက်ခြင်းမပြုဖို့ ၂ဝဝ၉ ခုနှစ်မှာ MoU ထိုးခဲ့ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တင်ပြတဲ့အခါမှာ နှစ်နိုင်ငံအကြား ပြဿနာများဖြစ်ခဲ့ပြီးICJ ရဲ့အဆုံးအဖြတ်ခံယူဖို့ ဆိုမာလီယာနိုင်ငံက လျှောက်ထားခဲ့ပါတယ်။ ကင်ညာနိုင်ငံက MoUကို နိုင်ငံတကာစာချုပ်လို့ သတ်မှတ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ကုလသမဂ္ဂ၌ မှတ်ပုံတင်ခဲ့ပါတယ်။ ကုလသမဂ္ဂ ကလည်း လက်ခံခဲ့ပါတယ်။ အမှုရင်ဆိုင်ချိန်မှာ ဆိုမာလီယာနိုင်ငံက အဆိုပါ MoU ဟာ နိုင်ငံတကာစာချုပ်မဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ သက်ရောက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်ICJ က အဆိုပါ MoU အား နိုင်ငံတကာစာချုပ်ဟုတ်၊ မဟုတ် စဉ်းစားရာမှာ အဆိုပါ MoU ဟာ ရေးသား၊ ပုံနှိပ်ပြီး လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ဖြစ်တယ်။ MoU အသက်ဝင်ခြင်းနဲ့စပ်လျဉ်းပြီး ဖော်ပြရာမှာလည်း “Enter in force” လို့သုံးနှုန်းဖော်ပြထားတယ်။ ဆိုမာလီယာနိုင်ငံကလည်း သဘောတူညီချက်မှာ လည်း ပါဝင်လက်မှတ်ရေးထိုးပြီး MoUအရ စည်းနှောင်မှုခံယူလိုမှု “consent to be bound”ကို ပြသထားတယ်။ ကော်မရှင်မှ ဆုံးဖြတ်မှုအပေါ် နှစ်နိုင်ငံ လုံးက “နိုင်ငံတကာဥပဒေအပေါ်အခြေခံပြီး သဘောတူညီသွားမှာဖြစ်ကြောင်း (..shall be agreed between the two coastal States on the basic of international law..)”ကိုလည်း MoU မှာဖော်ပြထားတယ်။ ကင်ညာနိုင်ငံက MoU ကို ကုလသမဂ္ဂမှာ မှတ်ပုံတင်ပြီး ငါးနှစ်နီးပါးကြာတဲ့အထိ ဆိုမာလီယာ နိုင်ငံက ကန့်ကွက်မှုမရှိဘူး အစရှိတဲ့အချက်တွေအပေါ်မူတည်ပြီး အဆိုပါ MoU ဟာ နိုင်ငံတကာစာချုပ်အဖြစ် သတ်မှတ်လို့ရတဲ့ အရည်အချင်းများ ကိုက်ညီကြောင်း၊ ဒါ့ကြောင့် နှစ်နိုင်ငံလုံးအပေါ် ဥပဒေပိုင်းအရ စည်းနှောင်မှု ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဆိုမာလီယာနိုင်ငံရဲ့ ငြင်းဆိုချက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအမှုကိုကြည့်ရင် MoU ရဲ့စာသားအသုံးအနှုန်းဟာ ဘယ်လောက်အရေးကြီး တယ်ဆိုတာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
အငြင်းပွားမှုဖြေရှင်းခြင်း
MoU တွေမှာ နိုင်ငံတကာစာချုပ်တွေလိုပဲ MoU ကို အသုံးပြုမှုအပေါ် မှာသော်လည်းကောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုရာမှာသော်လည်းကောင်း အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဖော်ပြထားလေ့ ရှိပါတယ်။ အများအားဖြင့် ပါဝင်သူများအကြား စေ့စပ်ညှိနှိုင်းခြင်းဖြင့် (Negotiation) ဖြင့်သာ ဖြေရှင်းရန်ဖော်ပြထားလေ့ရှိပြီး ပြင်ပတရားရုံးများ၊ အနုညာတခုံရုံးများမှာ ဖြေရှင်းဖို့ဖော်ပြလေ့မရှိပါဘူး။ ပြင်ပတရားရုံးများ၊ အနုညာတခုံရုံးများမှာ ဖြေရှင်းဖို့ဖော်ပြခဲ့ရင် MoU ရဲ့ ဥပဒေကြောင်းအရ သက်ရောက်မှု၊ စည်းနှောင်မှုမရှိဘူးဆိုတဲ့အချက် ပျက်ပြယ်သွားမှာဖြစ်လို့ ထည့်သွင်းခြင်းမပြုသင့်ပါဘူး။
အခြေခံမူနှင့် အကြိုဆွေးနွေးညှိနှိုင်းမှု
နိုင်ငံတကာစာချုပ်တွေနဲ့ MoU များ ချုပ်ဆိုရာမှာ ပါဝင်သူများရဲ့ ကောင်းကျိုးရှေးရှု၍ စိတ်ကောင်းနှလုံးကောင်းနဲ့ ပါဝင်ဆောင်ရွက်မှု (in good faith)ဟာ အရေးကြီးသော်လည်းပဲ ဘယ်''မူ''အပေါ် အခြေခံရမယ် ဆိုတာ စာချုပ်ချုပ်ဆိုရန် ဆွေးနွေးချိန်မှာရော စာသားညှိနှိုင်းထည့်သွင်းချိန် မှာပါ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ MoU များ အတွက်ကတော့ နိုင်ငံရေး(သို့မဟုတ်)စိတ်ဓာတ်ရေးရာ (Political or moral basic) ''မူ''အပေါ်အခြေခံကြောင်းနဲ့ နိုင်ငံတကာဥပဒေအပေါ် အခြေခံခြင်း မရှိကြောင်း ရေးသားဖော်ပြထားသင့်ပါတယ်။ စာချုပ်များ၊ MoU များ မချုပ်ဆိုခင် ဆွေးနွေးညှိနှိုင်းသဘောတူထားချက်တွေကို နိုင်ငံတကာက နားလည်နိုင်မယ့် ဘာသာစကား(ဥပမာ- အင်္ဂလိပ် ဘာသာ)နဲ့ပြုစုပြီး နှစ်ဖက် အတည်ပြုကာ သေချာစွာ မှတ်တမ်းတင်သိမ်းဆည်းထားဖို့လည်း အရေးကြီး ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာချိန်၊ ရရှိလာတဲ့ အထောက်အထားတွေအရ ဆုံးဖြတ်ဖို့ ခက်ခဲတဲ့အခြေအနေတွေမှာ စာချုပ်၊ MoU များ မချုပ်ဆိုခင်က အကြိုဆွေးနွေးညှိနှိုင်းချက်တွေ(Pre-paratory work)ကို ပြန်လည်ကြည့်ရှုဆုံးဖြတ်လေ့ရှိလို့ပဲ ဖြစ်ပါတယ်။
ဥပဒေအရစည်းနှောင်မှုမရှိခြင်းမှ နိုင်ငံတကာဥပဒေတစ်ရပ် ဖြစ်ပေါ်လာခြင်း
ဒီအချက်ဟာ နိုင်ငံတကာစာချုပ်၊ MoU တို့နဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး လို့ပြောလို့ရပေမယ့် သတိပြုနိုင်အောင် ဖော်ပြခြင်းဖြစ်ပါတယ်။ MoU ဟာ အခြေခံအားဖြင့် ဥပဒေအရစည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်း (non-binding instrument) ဖြစ်ပေမယ့် နိုင်ငံတကာဥပဒေအရ သက်သေ အထောက်အထား (Legal evidence)တစ်ရပ်အဖြစ် သတ်မှတ်လို့ရပါတယ်။ ဥပဒေအရ စည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်းဆိုပြီး ပေါ့လျော့မနေသင့် ပါဘူး။ ယနေ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဥပဒေအရ စည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်းများအသုံးပြုမှု ပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ၂ဝ၁၅ ခုနှစ်က တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (World Humanitarian Summit) ရဲ့ထုတ်ပြန်ကြေညာချက်များဟာ ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များအတွက် အလွန်အရေးကြီးတဲ့ ထုတ်ပြန်ချက် များဖြစ်ပေမယ့်လည်း ဥပဒေအရစည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်းအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ကိစ္စရပ်တစ်ခုတည်းအပေါ် ဥပဒေအရ စည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်းအဖြစ် ထုတ်ဝေတဲ့အကြိမ်အရေအတွက်လည်း များလာမယ်၊ ဒီလိုထုတ်ဝေတဲ့ကာလကလည်း အတိုင်းအတာတစ်ခုအထိ ရှည်ကြာလာမယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အဆိုပါစာရွက်စာတမ်းနဲ့ ပါဝင်တဲ့ အကြောင်းအရာတွေကို တောက်လျှောက်အသိအမှတ်ပြုလာခဲ့မယ်ဆိုရင် တော့ အဲဒီအကြောင်းအရာဟာ ''ဥပဒေဆိုင်ရာသက်သေအထောက်အထား များ''အဖြစ် တဖြည်းဖြည်းခိုင်မာမှုရှိလာပြီး နိုင်ငံတကာရဲ့ဓလေ့ထုံးတမ်း၊ အလေ့အထ (Custom)တစ်ခုအဖြစ် ရောက်ရှိလာမှာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ တွေက ၎င်းစာရွက်စာတမ်းများအပေါ် အသိအမှတ်ပြုမှုဟာလည်း အချိန်ကြာ လာတာနဲ့အမျှ အဆိုပါနိုင်ငံများရဲ့အလေ့အထ(State practice)အဖြစ် တဖြည်းဖြည်း ခိုင်မာမှုရှိလာပြီး တစ်ချိန်ချိန်မှာ အဆိုပါနိုင်ငံများအနေနဲ့ ၎င်းတို့ရဲ့အသိအမှတ်ပြုမှုတွေကို ဥပဒေကြောင်းအရ ထည့်သွင်းစဉ်းစား ဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတဲ့ယုံကြည်မှု (Belief)လည်း ဖြစ်ပေါ်လာနိုင် ပါတယ်။ နိုင်ငံတကာရဲ့ ဓလေ့ထုံးတမ်း၊ အလေ့အထများ၊ ကမ္ဘာ့နိုင်ငံများရဲ့ အလေ့အထ (State practice)များ၊ နိုင်ငံများအနေနဲ့ ၎င်းတို့ရဲ့အသိအမှတ်ပြုမှု တွေကို ဥပဒေကြောင်းအရ ထည့်သွင်းစဉ်းစားဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်မှုတို့ဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာရှည်လာတဲ့အခါမှာ ဥပဒေအရ စည်းနှောင်မှုမရှိတဲ့ စာရွက်စာတမ်းများကို နိုင်ငံတကာဥပဒေ တစ်ရပ်အဖြစ် ပြောင်းလဲဖြစ်ပေါ်နိုင်စွမ်းရှိတဲ့ အာနိသင်များ (Normative effect) ပိုင်ဆိုင်လာအောင် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်ကို နိုင်ငံတကာ ဥပဒေများဖြစ်ပေါ်စေတဲ့ Crystalized effect (တဖြည်းဖြည်း စုစည်းလာပြီး အချိန်အတိုင်းအတာတစ်ခုတွင် အကောင်အထည် ရုပ်လုံးပေါ်လာသည့်ပုံစံ) လို့ခေါ်ပါတယ်။ နိုင်ငံတကာဥပဒေများ ဖြစ်ပေါ်စေတဲ့အကြောင်းအရာများ ထဲက တစ်ခုဖြစ်လို့ ထည့်သွင်းစဉ်းစားနိုင်အောင် အကြမ်းဖျင်းဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စာရွက်စာတမ်းများရဲ့ ''ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိခြင်း''ဆိုတဲ့အချက်ဟာ ရေတိုကာလမှာ မသိသာပေမယ့် ရေရှည်အတွက်ဆိုရင် သတိထားရမယ့်အချက်တစ်ခု ဖြစ်ပါတယ်။
MoUဆိုတဲ့ အမျိုးအစားအောက်မှာ ''ဥပဒေအရစည်းနှောင်မှုခံယူလိုခြင်းမရှိမှု''ဆိုတဲ့အချက်အပေါ်မူတည်စဉ်းစားပါကLOA- Letter of Agreement၊ LOI-Letter of Intent၊ MOA-Memorandum of Agreement၊ MOA- Letter of Associationအစရှိသည်ဖြင့် အခြား မျိုးကွဲပေါင်းများစွာ ပါဝင်လာမှာဖြစ်တဲ့အတွက် ဖော်ပြဆွေးနွေးခဲ့တဲ့အချက် အလက်များကို အဆိုပါမျိုးကွဲသဘောတူညီချက်များ ချုပ်ဆိုရာမှာလည်း အသုံးချနိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
နိုင်ငံတကာစာချူပ်များ၊ MoU များ ချုပ်ဆိုရာမှာ မှန်ကန်ထိရောက်စွာနဲ့ အန္တရာယ်ကင်းစွာချုပ်ဆိုပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ။
No comments:
Post a Comment