မောင်ခိုင်မာ(အထက်မင်းလှ)
နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။ ဤနေ့ ဤရက်တွင် ဆရာ ဆရာမများ၏ အရေးပါမှုနှင့် ဂုဏ်ကျေးဇူးကို ဖော်ကျူးသည့်အခမ်းအနားများကို ကမ္ဘာတစ်ဝန်း၌ အနှစ်သာရရှိရှိ ကျင်းပမြဲ ဖြစ်ပါသည်။
ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်ပုံ
ကမ္ဘာ့ကုလသမဂ္ဂပညာသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ''ယူနက်စကို''က ဆရာ များ၏ ဂုဏ်သိက္ခာဆိုင်ရာ စာတမ်းတစ်စောင်ပြုစုပြီးနောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (အိုင်အယ်လ်အို)နှင့် ထပ်မံညှိနှိုင်းပြီး ဆရာများ၏ ဂုဏ်သိက္ခာဆိုင်ရာ ထောက်ခံချက်စာတမ်းကို ရေးဆွဲပြုစုခဲ့သည်။ အဆိုပါထောက်ခံစာတမ်းကို ကုလသမဂ္ဂအထူးညီလာခံကြီးသို့ တင်ပြခဲ့ရာ အားလုံးက အညီအညွတ်ဆွေးနွေးခဲ့ကြပြီး ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ထိုအထူးညီလာခံကြီးက အတည်ပြု ပြဋ္ဌာန်းပေးလိုက်ပါသည်။ အဆိုပါ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပြီး ၁၉၆၇ ခုနှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်းကျင်းပလာခဲ့ခြင်းဖြစ်ရာ ယခုနှစ် ၂ဝ၁၈ ခုနှစ်သည် (၅၁)နှစ် ပြည့်မြောက်ပြီဖြစ်သည်။ စာရေးသူတို့နိုင်ငံအနေဖြင့် ၂ဝဝ၂ ခုနှစ်ရောက်မှသာ နိုင်ငံတော်အဆင့် ကျင်းပခြင်းဖြစ်၍ ယခုနှစ် ဆိုလျှင် ၁၆ နှစ်တိုင်တိုင် ရောက်ခဲ့ပြီဖြစ်၏။
ဆရာဟူသည်
ဆရာဟူသည် သင်ကြားပြသပေးသောသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ ဟူ၍ ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ လောကီအကျိုး၊ လောကုတ္တရာ အကျိုး ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသောအကျိုးကို ပေးစွမ်းနိုင်သူဖြစ်သည်။ လူသားတိုင်း၏ လက်ဦးဆရာမှာ မိဘဟုဆိုလျှင် ကျွန်ုပ်တို့အတွက် မိဘသည် ပထမဆရာ၊ ဆရာတို့သည် ဒုတိယမိဘ ဖြစ်ပေမည်။ သို့ကြောင့်လည်း ဆရာကို အနန္တဂိုဏ်းဝင်အဖြစ် ဘုရားနှင့် တစ်ဂိုဏ်းတည်း၊ မိဘနှင့် တစ်တန်း တည်းထားကာ လေးစားရိုသေမှု ပြုနေကြခြင်းဖြစ်သည်။ သွေးမတော်သားမစပ် သူတစ်ဦးအား တန်ဖိုးထားလေးစားရိုသေမှု ပြုနေကြခြင်းမှာ သာမနိဂုဏ်ဒြပ် ဖြင့်တော့ မဟုတ်ပါ။
ဆရာဟူသောဝေါဟာရကို ပုဂံခေတ်ကျောက်စာ၊ မင်စာများတွင် ''ဆယာ၊ ဆြာ''ဟူ၍ အမျိုးမျိုးတွေ့ရကြောင်း၊ သက္ကတဘာသာစကားဖြင့် ''အာစာယ''၊ ပါဠိဘာသာအားဖြင့် ''အာစရိယ'' ဖြစ်ကြောင်း၊ ရှေးမွန် ကျောက်စာများတွင် ''အာစာရ်''ဟုတွေ့ရပြီး ''ဆရာ'' ဟူသော အဓိပ္ပာယ် ရကြောင်း၊ ထိုင်းလူမျိုးတို့က ဆရာကို ''အာဂျန်''ဟုခေါ်ဝေါ်ကြောင်း၊ ဆရာဟူသောဝေါဟာရကို မြန်မာစာအရေးအသားမပေါ်မီကတည်းက မြန်မာတို့၏နှုတ်တွင် အသုံးတွင်နေသည်ကို မှန်းဆနိုင်ကြောင်း စသည်ဖြင့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က ဆိုပါသည်။ ''ဆရာ''ဟူသော အဓိပ္ပာယ်ကို ရှုထောင့်အမျိုးမျိုးဖြင့် ဖွင့်ဆိုကြသည်။ ဆရာဟူသောဝေါဟာရကို ကချင် (ဂျိမ်းဖော)စကားဖြင့် ''ဆဓာ''(ဆ=ခြောက်၊ စ=စာရေတိစာရေဟိ-ဆောင်ထားခြင်း)ဟု ဆိုသည်။ ဆိုလိုသည်မှာ ဆရာဟူသည် ''ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု''ဟူသည့် ခြောက်ပါးဂုဏ်ကို ဆောင်ထားရသောသူဟုဆိုပါသည်။ နှစ်သက်ဖွယ်တစ်မျိုးကောင်းပါသည်။
ဂရိခေတ်တွေးခေါ်ပညာရှင် ပလေတိုက ''မီးတုတ်ကြီးများ ကိုင်ဆောင် လျက် အခြားမီးတုတ်ပေါင်းများစွာကို ကူးစက်လင်းလက်ပေးသူမှာ ဆရာ ဖြစ်၏''ဟူ၍ အဓိပ္ပာယ်ဖွင့်သည်။ ဂျပန်ဘာသာတွင် ဆရာဟူသော စကားလုံး ကို ''ခန်းဂျီး''စကားလုံးဖြင့် ဖော်ပြထားရာ ''စတင်မွေးဖွားသူ''ဟု အဓိပ္ပာယ် ရကြောင်း သိရသည်။ ဆရာTeacher ၏ အဓိပ္ပာယ်ကိုTalented၊ Elegance၊ Affection၊ Charming၊Honesty၊ Efficiency၊ Respectability ဟူသော စကားလုံးများမှ ရှေ့ဆုံးစာလုံးတစ်လုံးချင်း ရယူ ပေါင်းစပ်ဖွဲ့ဆိုပြပါသည်။
ဆရာဟူသည်ပါဠိစကား ''အာစရိယ'' ''ဆာယာ''မှ ဆင်းသက်လာသည်ဟု လည်းကောင်း၊ ''အာဆာရ'' ဟူသော သက္ကတဘာသာစကားမှ ဆင်းသက်လာသည် ဟူ၍လည်းကောင်း ဆိုကြပါသည်။ အချို့ကမူ ''ဆ=နှိုင်းနှိုင်းဆဆပြုတတ်သူ၊ ရာ= အရာခပ်သိမ်း၊ ထို့ကြောင့် ဆရာ= အရာခပ်သိမ်း နှိုင်းနှိုင်းဆဆပြုတတ်သူ''ဟုလည်း ဆို၏။ ရှေးပါဠိကျမ်းဂန်တွင် ''သိဿာနံဟိတံ အာစရတိ၊ ဣတိသဿ္မာအာစရိယော'' (သိဿာနံ-တပည့်တို၏၊ ဟိတံ-အကျိုးစီးပွားကို၊ အာစရတိ-ပြုကျင့်တတ်ပေ၏။ ဣတိသဿ္မာ-ထို့ကြောင့်၊ အာစရိယော-ဆရာမည်၏။)ဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ ဆရာကို (၁) ကိုယ်ထိလက်ရောက် ကျကျနန သင်ပြပေးသော သင်ဆရာ (မုတာစရိယ)၊ (၂) သူလုပ်ကိုင်နေသည်ကို တွေ့မြင်ကာမျှဖြင့် တတ်မြောက်ခြင်းရှိစေသော မြင်စရာ (ဒိဋ္ဌာစရိယ)၊
(၃) သူပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်ခြင်းရှိစေသော ကြားဆရာ (သုတစရိယ) ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားပါသည်။
(၃) သူပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်ခြင်းရှိစေသော ကြားဆရာ (သုတစရိယ) ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားပါသည်။
ဆရာကောင်း ဆရာမြတ်
လူ့ဘောင်လောကတွင် လူသားတို့သည် မွေးဖွားသည်မှစ၍ အတတ်ပညာ ပါလာကြသည်မဟုတ်ဘဲ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတည်းဟူသော ဆရာတို့ထံမှသာ သင်ယူတတ်မြောက်ကြရသည် မဟုတ်ပါလား။ မည်သည့် အမှုကိစ္စကိုမဆို ဆောင်ရွက်ရာတွင် ဆရာမပြလျှင် နည်းလမ်းမကျပါ။ ဆရာ ကောင်းတပည့်မှသာ ပန်းကောင်းပန်နိုင်ပါလိမ့်မည်။ သာဓကအားဖြင့် ၅၅ဝ နိပါတ်တော်လာသံဝရဇာတ်တွင် သံဝရမင်းသားသည် ဗာရာဏသီမင်းကြီး၏သားတော် ၁ဝဝ အနက် အထွေးဆုံးသားတော်ဖြစ်သော်လည်း ဘုရားလောင်း ပညာရှိ ဆရာအမတ်ကြီး၏ သွန်သင်ဆုံးမလမ်းညွှန်မှုရသဖြင့် နောင်တော် ၉၉ ပါးတို့ကို ကျော်လွန်ကာ ဗာရာဏသီပြည့်ရှင် ဘုရင်တစ်ပါး ဖြစ်ခဲ့ရသည်။ ထို့အတူ မင်းမြတ်အနော်ရထာသည်လည်း ဆရာကောင်း ရှင်အရဟံကြောင့်သာ သာသနာပြုမင်းတစ်ပါး ဖြစ်ခဲ့ရသည်။ အပြန်အလှန်အားဖြင့် ပဉ္စာနန္ဒရိယကံကြီး ထိုက်ခဲ့သော ''အဇာတသတ်''နှင့် လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့သည့် ဒုစရိုက်သမားကြီးဖြစ်သွားသော အင်္ဂုလိမာလတို့သည် ဆရာတင်မှားခဲ့သော ကြောင့် မဟုတ်ပါလော။
ဤသည်ကိုကြည့်လျှင် ကျွန်ုပ်တို့ လူ့ဘောင်လောကတွင် ''ဆရာ အခန်း ကဏ္ဍ မည်မျှအရေးပါကြောင်းနှင့် ဆရာကောင်းဆရာမြတ်တို့၏ ထပ်ဆင့် တိုး တန်ဖိုး''ကို လေးစားဖွယ်တွေ့မြင်ရပေမည်။ ကျေးဇူးရှင် ပထမ ရွှေကျင် ဆရာတော်ဘုရားကြီးက ဆရာကောင်းဆရာမြတ်ဟူသည် (၁) လက်အောက် ငယ်သားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရရှိခြင်း(ပီယ)၊ (၂) တပည့်များနှင့်တကွ ပတ်ဝန်းကျင်၏ အလေးဂရုပြုမှုကို ခံယူရခြင်း(ဂုရု)၊ (၃) တပည့်တို့၏မေတ္တာ စိတ်ကို မိမိအပေါ် ပွားနိုင်အောင် အားထုတ်ခြင်း (ဘာဝနီယ)၊ (၄) တပည့်တို့ အား အပြစ်တွေ့လျှင် မညှာမတာ ပြောဆိုဆုံးမတတ်ခြင်း (ဝတ္တာ)၊ (၅) အကျိုး လိုလားသော စိတ်ဖြင့် တပည့်တို့က တစ်စုံတစ်ရာ မိမိအပေါ် ထောက်ပြပြောဆို လာလျှင် ကောင်းမွန်စွာ နားထောင်လက်ခံပေးခြင်း (ဝစနက္ခမ)၊ (၆) တပည့်တို့ အပြစ်မဖြစ် စေရန်နှင့် လေးနက်သောအသိÓဏ်များရရှိစေရန် လေးနက်ခိုင်ခံ့သော စကားတို့ကို ပြောခြင်း (ဂမ္ဘီရကထာကတ္တာ)၊ (၇) တပည့်များအပြစ်ဖြစ်စေမည့် လောကဓမ္မ ကိစ္စရပ်များကို မစေခိုင်း၊ မတိုက်တွန်းရခြင်း (နေစဌာနေနိယောဇယ)၊
ဟူသည့် အချက်ခုနစ်ချက်နှင့် ပြည့်စုံ ကုံလုံရမည်ဟု မိန့်ပါသည်။
ဆရာသည်သာ အခရာ
ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ရပ်အနက်ပန်းတိုင် လေးတွင် ''လူသားအားလုံး အကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေး ရှိသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက် အစဉ်လေ့လာသင်ယူ နိုင်သော အခွင့်အလမ်းရရှိရေး'' ဟူ၍ ချမှတ်ပေးထားခြင်းက နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတွင် ပညာရေး၏အရေးပါမှုကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးကို မြှင့်တင်ရာတွင် ဆရာ ဆရာမတို့၏ အရည်အသွေး မြင့်မားဖို့လိုပါမည်။ ထို့ကြောင့်လည်း ၂၃-၂-၂ဝ၁၇ ရက်နေ့က ကျင်းပသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁) စတင် ဆောင်ရွက်ခြင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''အနာဂတ် ကာလကောင်းမွန်ရေးသည် ပညာရေးပေါ်တွင် မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးသည် ဆရာ ဆရာမအပေါ်တွင် မူတည်ကြောင်း'' ထည့်သွင်း ပြောဆိုခဲ့ပါသည်။
ဆရာများ၏ အရည်အသွေး
ယနေ့ကမ္ဘာကြီးက ပညာခေတ်ဆီသို့ ချီတက်နေချိန်ဝယ် ဆရာများ၏ အရည်အသွေး မြင့်မားရေး၊ တစ်နည်းအားဖြင့် ဆရာများ၏ အခန်းကဏ္ဍက အရေးအကြီးဆုံးသော အချက်ဖြစ်ကြောင်း လက်ခံနေရပါပြီ။ အရည်အသွေး ရှိသော ပညာရေးကို အရည်အသွေးရှိသော ဆရာ ဆရာမများကသာ သင်ကြား ပို့ချနိုင်ပေမည်။ ထို့ကြောင့် အရည်အသွေးရှိသော ဆရာ ဆရာမများက ပြုစုပျိုးထောင်ခြင်းကို အနာဂတ်ရင်းနှီးမြှုပ်နှံမှုဟုဆို ခြင်းဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပသော ''ဖွံ့ဖြိုးရေးအတွက် ပညာရေး'' ထိပ်သီးဆွေးနွေးပွဲတွင် အရည်အသွေးပြည့်မီသော ဆရာ ဆရာမ များ မလုံလောက်မှုကို ဖြေရှင်းရေးနှင့် ဆရာ ဆရာမများ ပညာရေးတွင် ရင်းနှီးမြှုပ်နှံရေးတို့ကို ဖော်ပြခဲ့ပါသည်။
ပါမောက္ခချုပ် ဆရာတော်ဘုရားက ''တပည့်များ လေးစားမြတ်နိုးတဲ့ ဆရာ'' တရားတော်တွင် တပည့်များက လေးစားမြတ်နိုးကြသည့် အကြောင်း အရင်းကို ဟောကြားတော်မူသကဲ့သို့ ''လူမိုက်ဆိုတာ အရက်သောက်နေမှ၊ ဖဲရိုက်နေမှ၊ ဓားပြတိုက်နေမှ၊ လူမိုက်လို့ သတ်မှတ်တာမဟုတ်ဘူး၊ အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိရင် ဒီလူဟာ လူမိုက်ပါပဲ''ဟု ဟောကြားတော်မူသည့်အတိုင်း အကြောင်း၊ အကျိုး၊ အမှား၊ အမှန် ပိုင်းခြားနိုင်သည့် ''ပညာ''ဟူသော အရာသင်ကြားပြသ ဆုံးမနေသူတို့မှာ ဆရာများပင် မဟုတ်ပါလား။ ဆရာတို့သည် တပည့်များ အခြေအနေနှင့် ဥာဏ်ရည်ဥာဏ်သွေးကို သိသည်။ ရင်ဝယ်ဖြစ်သော သားသမီး ကဲ့သို့ စေတနာ၊ မေတ္တာထားသည်။ ဘယ်တပည့်ကို ဘယ်ကဲ့သို့ သင်ပေးရမည် ကို သိသည်။ တစ်နည်းအားဖြင့် ဆရာအတတ်ပညာရှိကြကြောင်းကို ''အခြေ ပါဒ၊ သင်ဦး စက၊ ချနည်းမကျယ်၊ ဓိပ္ပာယ်ကောင်းစွာ၊ လိုရုံသာဖြင့်၊ အပ်ရာ မသည်း၊ နားထွင်းနည်းသို့၊ ညံ့ဖျင်းမွေ့မွေ့၊ တရွေ့ရွေ့လျှင်၊ တစ်နေ့တစ်ထူး၊ ကျေးဇူး ချဲ့ထွင်၊ ကျမ်းရိုးငင်လျက်၊ သင်သင်အံ့အံ့၊ ကြံကြံကြည့်ကြည့်၊ ပညာဖြည့်သည်၊ တပည့်ပုဏ္ဏား၊ သားခြောက်သောင်းဖ၊ ငါသေဌကား၊ ဆရာ့လက်အုပ်၊ မှန်ထုတ်လျှို့ဝှက်၊ သူသိခက်ဟု၊ အသက်ခန္ဓာ၊ ဆုံးကားခါမှ၊
ဆိုရာသတတ်၊ မှတ်သည်လေးတွဲ့၊ နည်းထုံးဖွဲ့သည်၊ ကြွင်းမဲ့လင်းလင်း ပြပြီးတည်း''ဟူသည့် ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့က ဖော်ပြနေပါသည်။
ဆိုရာသတတ်၊ မှတ်သည်လေးတွဲ့၊ နည်းထုံးဖွဲ့သည်၊ ကြွင်းမဲ့လင်းလင်း ပြပြီးတည်း''ဟူသည့် ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့က ဖော်ပြနေပါသည်။
မြတ်သော အသက်ရှင်ခြင်း
ဤလောကမြေမဟီဝယ် ဘယ်ဂုဏ်ကိုမျှ မမက်မော၊ တန်ဖိုးမထားဘဲ ပညာရေးလုပ်ငန်းခွင်တွင် ဇောက်ချ၍ ရသမျှသော လစာကလေးဖြင့် တင်းတိမ်ရောင့်ရဲ ရုန်းကန်နေသည့် ''ဆရာ''ဟူသော ဂုဏ်တို့သာ အမြတ်တနိုး တန်ဖိုးထား မက်မောနေကြသည့် ဆရာ ဆရာမများကလည်း ''အနမတဂ္ဂ'' ရှိကြောင်း တလေးတစား တွေ့ရပါသည်။ ထိုဆရာ ဆရာမများသည် ''ပညာဇိဝိံ ဇီဝိတမာဟု သေဌံပညာဖြင့် အသက်မွေးသောသူ၏ အသက်ရှင်ခြင်းကိုသာလျှင် မြတ်သောအသက်ရှင်ခြင်း'' ဟု ခံယူမှတ်ပိုက်ထားသူများ ဧကန်မုချ ဖြစ်ကြ ပေလိမ့်မည်။ ထိုသို့သော မွန်မြတ်လှသည့် ဆရာ ဆရာမများကိုလည်း တပည့် အပေါင်းက ထာဝစဉ်ပူဇော်ကန်တော့နေကြသည်သာ ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment