Tuesday, October 2, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (၆၉)ကြိမ်မြောက်Executive Committee of the High Commissioner’s Programme (Ex-COM)သို့ တက်ရောက်


Image may contain: one or more people and suit
နေပြည်တော် အောက်တိုဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး UEHRD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဒေသ စံတော်ချိန် ယနေ့ နံနက် ၁ဝ နာရီတွင် ကုလသမဂ္ဂ အဆောက်အအုံAssembly Hall ၌ ကျင်းပသည့် (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဂျီနီဗာမြို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံး ယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မိန့်ခွန်းပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့် အစည်း အဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားပြီး မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက်ရှိသည့် ဒုက္ခသည်များနှင့်စပ်လျဉ်းသည့် ကိစ္စအား ရှင်းလင်းပြောကြားလိုကြောင်း၊ ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ARSA အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများအား တိုက်ခိုက်မှုဖြစ်စဉ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ အစ္စလာမ်ဘာသာဝင် များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်မှု ဖြစ်ပွားခဲ့ကြောင်း။
မိမိတို့အနေဖြင့် လတ်တလောအရေးကို ဖြေရှင်းနေ ရသည့် နည်းတူ ဖြစ်ပွားရသည့် အကြောင်းရင်းများအား ဖြေရှင်းနိုင်ရန် ဒေါက်တာကိုဖီအာနန် အကြံပေးကော်မရှင် ၏ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကိုလည်း ဆွေးနွေးလိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံတွင် နေထိုင်ခဲ့သူများကို ပြန်လည် လက်ခံရန် အသင့်ရှိမှုအား ထပ်လောင်းအတည်ပြုလို ကြောင်း၊ ပြောင်းရွှေ့မှုများဖြစ်ပေါ်ပြီး သုံးလအတွင်း မှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရွှေ့ပြောင်းသူများပြန်လည် လက်ခံရေး နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ခဲ့သည့်နည်းတူ ယင်းသဘောတူညီချက်ပါ အချက် အလက်များကိုလည်း အကောင်အထည်ဖော်လျက် ရှိပါ ကြောင်း၊ လတ်တလော ရွှေ့ပြောင်းမှုဖြစ်စဉ်သည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဖြစ်စဉ်ဖြစ်သဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု သည် အလွန်အရေးပါကြောင်းကို ထပ်လောင်းတင်ပြ လိုပါကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါကလည်း နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရေးသည် အသင့်လျော်ဆုံး ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ များဖြင့် ပူးပေါင်းဆောင်ရွက်မှုအား အလေးထားသကဲ့ သို့ အခက်အခဲများ ညှိနှိုင်းရန်ကိုလည်း ဆွေးနွေးဖြေရှင်း လျက်ရှိပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေဖန်တီးရန် လိုအပ်မှုများကိုလည်း မိမိတို့ အလေးထားပါကြောင်း၊ ထို့အတွက်UNDP, UNHCRတို့နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ဆောင်ရွက် နေပါကြောင်း၊ နည်းပညာလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပထမအဆင့် ရွေးချယ်ထား သည့် ကျေးရွာများသို့ ကွင်းဆင်းဆန်းစစ်မှု ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်UNDP, UNHCRျ တို့၏ ဆောင်ရွက်မှုသည် ပြန်လည်လက်ခံရေးတစ်ခုတည်း မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်း တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက်ပါ အကြံပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများရှိမည်ဟု မျှော်လင့်ကြောင်း။
မိမိတို့လက်ရှိအစိုးရသည် ခေတ်သစ်မြန်မာနိုင်ငံ သမိုင်းတွင် ရခိုင်ပြည်နယ်ပြဿနာ၏ အရင်းခံ အကြောင်း အရာများအား ကြိုးစားဖြေရှင်းနေသည့် အစိုးရအဖွဲ့ဖြစ်ပါ ကြောင်း၊ အစိုးရအဖွဲ့သစ် တာဝန်ယူစ ၂ဝ၁၆ ခုနှစ်ကပင် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင် ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနှင့် တည်ငြိမ် အေးချမ်းမှုရရှိမည့် နည်းလမ်းများ အကြံပြုပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း။
သို့ရာတွင် အကြံပေးအဖွဲ့၏ အစီရင်ခံစာထွက်သည့် နေ့တွင်ပင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်လာသဖြင့် မိမိတို့၏ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီပေးခြင်းအား အာရုံစိုက်ခဲ့ ရပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော် ရေးကော်မတီကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည့်အပြင် လက်တွေ့အကောင်အထည်ဖော် မှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့သော အကြံပြုချက် များ (ဥပမာ-လူမှုသဟဇာတဖြစ်မှု)သည် သဘောသဘာဝ အရ ပြီးပြည့်စုံရန် အချိန်ယူဆောင်ရွက်ရသည်ကို အသိ ပေးလိုကြောင်း။
သို့ရာတွင် မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းကြိုးစားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဟု စွပ်စွဲချက်များကိုလည်း အလေးထားပါ ကြောင်း၊ မိမိတို့အစိုးရသည် တရားဥပဒေစိုးမိုးမှုအား ဦးစားပေးဆောင်ရွက်မည်ဟု ရွေးကောက်ပွဲမူဝါဒဖြင့် နိုင်ငံတာဝန်ထမ်းဆောင်နေသည့် အစိုးရဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ အဆိုပါကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိကြောင်း အထောက်အထား တွေ့ရှိပါကလည်း ဥပဒေ နှင့်အညီ အရေးယူလျက်ရှိပါကြောင်း၊ စွပ်စွဲမှုများအတွက် နိုင်ငံတကာမှ ထင်ရှားသည့် ပုဂ္ဂိုလ်များပါဝင်သော လွတ်လပ်သော စုံစမ်းရေးကော်မရှင်ကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်သဖြင့် ယင်းကော်မရှင်၏ တွေ့ရှိချက်အရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မိတ်ဆွေများအနေဖြင့်လည်း ၎င်းကော်မရှင်အား ပံ့ပိုး ကူညီရန် နှိုးဆော်တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး နှင့် ပုံမှန်အခြေအနေရရှိရေး အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံ တွင်း နေထိုင်ခဲ့ကြောင်း အတည်ပြုထားသူများ ၎င်းတို့ ၏ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် ချိန်တွင် လုံခြုံပြီး လူသားဂုဏ်သိက္ခာရှိရှိ ဝင်ရောက်ခွင့် ရစေရန် ပြင်ဆင်ထားပါကြောင်း၊ သို့ရာတွင် ကျယ်ပြန့် သော အရေးကိစ္စဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် အပြု သဘောပူးပေါင်း ဆောင်ရွက်ပံ့ပိုးလိုသူများအား ကမ်းလှမ်း ဖိတ်ခေါ်ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရန် ပံ့ပိုးကြစေလိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာနိုင်ငံအရေး စိတ်ဝင်စား သည့် နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ဆက်လက် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment