Tuesday, October 2, 2018

ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင် ခရီးသည်များ ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသား ခရီးသည်များကို ဆိုက်ရောက်ဗီဇာခွင့်ပြုမှု စတင်ဆောင်ရွက်


Image may contain: one or more people and people standing
ရန်ကုန် အောက်တိုဘာ ၁
ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ် သော မကာအို၊ ဟောင်ကောင်နိုင်ငံသား ခရီးသည်များကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption)နှင့် တရုတ်နိုင်ငံသားများအနက် လေကြောင်းဖြင့်လာရောက်သည့် ခရီးသည် များကို ဆိုက်ရောက်ဗီဇာ(Visa On Arrival) ခွင့်ပြုမှုကို ယနေ့(အောက်တိုဘာ ၁ ရက်)မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ''ဗီဇာဖြေလျှော့မှုစနစ်အနေနဲ့ ဒီနေ့ကစပြီး တော့ တောင်ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဟောင်ကောင်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် (Visa Free)နဲ့ ဝင်ရောက်ခွင့်ပေးနေပါပြီ။ တရုတ်နိုင်ငံသားတွေကိုတော့ ဆိုက်ရောက်ဗီဇာ (Visa On Arrival)နဲ့ စတင်ခွင့်ပြုနေတာပါ။ လတ်တလောမှာ အနောက်နိုင်ငံတွေက လာရောက်တဲ့ခရီးသည်တွေ ကျဆင်းမှုရှိလာတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံသားတွေ ပိုပြီး လာရောက်လည်ပတ်နိုင်ဖို့ အခုလို ဗီဇာဖြေလျှော့မှု စနစ်သစ်တွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်'' ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ပေးမှုကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ စမ်းသပ်ကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး နေထိုင်ခွင့်သက်တမ်း မှာ ရက်ပေါင်း ၃ဝ ခွင့်ပြုထားကြောင်း သိရသည်။
''ဗီဇာကင်းလွတ်ခွင့် (Visa Free) နဲ့ဝင်ရောက်လာ တဲ့ နိုင်ငံသားတွေအနေနဲ့ကတော့ ဗီဇာကြေး ပေးသွင်းဖို့ မလိုအပ်တော့ဘူး။ ဒါ့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ မကာအို၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံက ဝင်ရောက် လာတဲ့ နိုင်ငံသားတွေအနေနဲ့ Show Money ပြစရာ မလိုတော့ပါဘူး။ အပြန်ခရီးစဉ်အတွက် လေယာဉ် လက်မှတ်လည်း ပြစရာ မလိုတော့ပါဘူး။ သတ်မှတ် ရက်ထက် ပိုပြီးနေခွင့် မရှိပါဘူး။ ထပ်မံသက်တမ်း တိုးချင်ရင်တော့ ပြန်လည်ထွက်ခွာပြီးတော့မှ နောက် တစ်ကြိမ် ဝင်ရောက်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်''ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားသည်။
ဗီဇာကင်းလွတ်ခွင့် (Visa Free) ရရှိထားသော မကာအို၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်၊ ကုန်းလမ်းဂိတ် ဝင်ပေါက်၊ ထွက်ပေါက် များမှတစ်ဆင့် ဝင်၊ ထွက် သွားလာခွင့် ရရှိနိုင်မည်ဖြစ် သော်လည်း ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်ဖြင့် ဝင်ရောက်လာမည့် တရုတ်နိုင်ငံသားများအနေ ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှသာ ဝင်ရောက်ခွင့်ပြုထားကြောင်း သိရ သည်။
မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာသည့် ဂျပန်နိုင်ငံသူYu Ka က ''ဒီလိုဗီဇာ မလိုဘဲနဲ့ လာရောက်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ နောက်နောင် ဒီထက်ပိုပြီး တော့ ဂျပန်နိုင်ငံက ခရီးသွားဧည့်သည်တွေ ပိုများလာ မယ်လို့ထင်ပါတယ်။ အရင်တုန်းက ဗီဇာလျှောက်ရတာ အခက်အခဲရှိတယ်။ အခုတော့ ဗီဇာမလိုတော့တဲ့ အတွက် အချိန်ကုန်သက်သာသွားတယ်။ မြန်မာနိုင်ငံကို အချိန်မရွေး အလွယ်တကူ လာလို့ရတဲ့အတွက် အများကြီး အကျိုးရှိပါတယ်''ဟု ပြောသည်။
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရေး၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးတို့အတွက် ဝင်/ ထွက်လည်ပတ်မှု လွယ်ကူစေရေး အစီအစဉ်အနေဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုအနက် လွတ်လပ်စွာ သွားလာခွင့်ပြုထားသည့် တိုင်းဒေသကြီး ခြောက်ခု ရှိပြီး ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ကန့်သတ်ဧရိယာများရှိသော်လည်း အဆိုပါနေရာ များမှအပ ကျန်နေရာများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း လွတ်လပ်စွာ သွားလာခွင့်ပြုထား ကြောင်း ဦးမြင့်ထွေးက ပြောကြားသည်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုအနေ ဖြင့် ပြီးခဲ့သည့်နှစ်တွင် ၃ ဒသမ ၄၄ သန်းရှိပြီး ယခုနှစ် တွင် ၄ ဒသမ ၅ သန်းခန့် မျှော်မှန်းထားကြောင်း သိရ သည်။ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုအနေဖြင့် ပြီးခဲ့သည့်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ကြည့်ပါက ယခု အခါ အနည်းငယ်လျော့နည်းနေသော်လည်း ယင်းကဲ့သို့ ဗီဇာဖြေလျှော့မှု စနစ်သစ်ကြောင့် ပွင့်လင်းရာသီ ရောက်ရှိပါက နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှု ပိုမို များပြားလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment