Thursday, October 4, 2018

ရန်ကုန်တောင်ပိုင်း ရေပေးဝေရေးစီမံချက်အတွက် အကူအညီပေးရေးဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုး


Image may contain: one or more people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၃
ဂျပန်နိုင်ငံအစိုးရမှ ရန်ကုန်တောင်ပိုင်း ရေပေးဝေရေး စီမံချက်အတွက် ဂျပန်ယန်း ၄ ဒသမ ၁၇၆ ဘီလီယံ အကူအညီပေးရေးဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Ichiro Maruyama နှင့် သံရုံးမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးMr. Ichiro Maruyama တို့က အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ် ရေးထိုးလဲလှယ်ကြသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က အကူအညီပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဂျပန်သံအမတ်ကြီး တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ရန်ကုန်တောင်ပိုင်း ရေပေးဝေရေးစီမံချက်အရ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ်များတွင် သန့်ရှင်းသော သောက်သုံးရေနှင့် အများသုံးရေများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရေပေးဝေရေး ကဏ္ဍ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ''ဒီနေ့ လက်မှတ်ထိုးတဲ့ စာချွန်လွှာ ဟာ ရန်ကုန်တောင်ပိုင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိသုံးစွဲနိုင်ဖို့ဖြစ်ပါတယ်။ ရေပေးဝေရေးစီမံကိန်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ပို့ဆောင်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေဟာ ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးကဏ္ဍတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီကို အသုံးပြုနေပါ တယ်။ အဲဒီအခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်း ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောကြား သည်။
သတင်းစဉ်

No comments:

Post a Comment