Wednesday, October 3, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့်အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

Image may contain: one or more people, people sitting and indoor

နေပြည်တော် အောက်တိုဘာ ၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက မြန်မာနိုင်ငံကြက်ခြေနီ အသင်း ရပ်တည်နေသည့် အခန်း ကဏ္ဍ၊ အသင်း၏မူဘောင်၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် သဘာဝဘေးတုံ့ပြန်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ပဋိပက္ခလုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေမှု၊ ကြက်ခြေနီအသင်းဥပဒေ ပြဋ္ဌာန်း ထားရှိမှု၊ ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းစည်းကမ်း၊ အလုပ်အမှု ဆောင်ဦးရေနှင့် ကောင်စီဝင်ဦးရေ၊ စေတနာလုပ်အားရှင်များနှင့် ရာသက် ပန်အသင်းဝင်အင်အား၊ ဝန်ထမ်း ခန့်ထားမှု၊ နိုင်ငံတကာအသင်းများ နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရန်ပုံငွေရရှိမှု၊ ရှေ့ဆက်ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။
လုပ်ဆောင်ချက်ပေါ်လွင်
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ တစ်ခုတည်းသော အမျိုးသား ကြက်ခြေနီအသင်းမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတော် ၏ အရန်အင်အားဖြစ်ပါကြောင်း၊ လူမှုကရုဏာ လုပ်ငန်းများတွင် လွတ်လပ်၍ ဘက်မလိုက်သော အသင်းအဖွဲ့အဖြစ် တည်ရှိပါ ကြောင်း၊ ဂျီနီဗာသဘောတူညီချက် များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့် လခြမ်းနီလှုပ်ရှားမှုဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ ဆုံးဖြတ် ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ မြန်မာ နိုင်ငံကြက်ခြေနီအသင်း၏ လုပ်ဆောင် ချက်များ ပေါ်လွင်လာမည်ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးနှင့် အမျိုးသားအကျိုးစီးပွား အတွက် ရပ်တည်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အလှူငွေများ လှူဒါန်းမှုကို လက်ခံ နိုင်သော်လည်း နှောင်ကြိုးဖြင့် လှူဒါန်းမှုများ မဖြစ်စေလိုပါကြောင်း၊ မွန်မြတ်သည့် လူမှုကရုဏာလုပ်ငန်း လုပ်ဆောင်သူများအနေဖြင့် ငွေကြေး အလွဲသုံးစားမှုများ မရှိနိုင်ပါကြောင်း၊ သို့သော်လည်း လုပ်မှားကိုင်မှား ရှိနိုင် ပါကြောင်း၊ ယင်းသို့ မဖြစ်စေရန် ပွင့်လင်းမြင်သာမှုရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမှတ်တံဆိပ်နှင့် သင်္ကေတအား အလွဲသုံးမှုနှင့်ပတ်သက်၍ မိမိအနေ ဖြင့် အကြံပြုလိုသည်မှာ ယင်းနှင့် စပ်လျဉ်းသည့် ဥပဒေကို အသစ် ပြန်လည်ရေးဆွဲခြင်း သို့မဟုတ် လက်ရှိဥပဒေကို ပြင်ဆင်ဖြည့်စွက် ခြင်း စသည်ဖြင့် မည်သို့ ဆောင်ရွက် သင့်သည်ကို စဉ်းစားစေလိုပါကြောင်း၊ ပြင်ဆင်မည်ဆိုပါက ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင်ရမည် ဖြစ်ပါ ကြောင်း၊ ဥပဒေတစ်ခုသည် ရာနှုန်း ပြည့် မပြည့်စုံနိုင်ပါကြောင်း၊ လိုအပ် ပါက နည်းဥပဒေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆက်လက်ပြဋ္ဌာန်း ရပါကြောင်း၊ လိုအပ်ပါက လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် များ ထုတ်ပြန်၍ ဆောင်ရွက်နိုင်ပါ ကြောင်း။
လူငယ်များကို ပြုစုပျိုးထောင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဥပဒေနှင့်အညီ အသုံး ချပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ကျစ်လျစ်ခိုင်မာ တောင့်တင်းသည့် အဖွဲ့အစည်းများ အဖြစ် အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက် သွားစေလိုပါကြောင်း၊ လူမှုကရုဏာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လူငယ်များကို စနစ်တကျ ပြုစုပျိုးထောင် ပညာပေးစေလိုပါ ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင် ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအတွက် လိုအပ် သည့် ရန်ပုံငွေကိုလည်း ဝန်ကြီးဌာန ၏ တင်ပြချက်အပေါ်တွင် တတ်စွမ်း သရွေ့ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက မြန်မာနိုင်ငံကြက်ခြေနီ အသင်း ရာသက်ပန်အသင်းဝင် တံဆိပ်ကို ဂါရဝပြုတပ်ဆင်ပေးပြီး အသင်း၏အမှတ်တံဆိပ် ကျောက်စီ ပန်းချီကားကို ဂါရဝပြုလက်ဆောင် အဖြစ် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အတွက် အလှူငွေ ကျပ်သိန်း ၅ဝ ကို ပေးအပ်လှူဒါန်းပြီး တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်နန်းထွမ်းလှ၊ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကင်ဘွိုင်းနှင့် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမောင်မောင်ခင်၊ ဦးပေါ်မြင့်ဦး၊ ဦးဂဲနက်စ်၊ ဒေါက်တာတင်ညွန့်၊ ဦးမျိုးမင်းနောင်နှင့် ဦးဝေဠုကျော် (ခ) ဦးဝေဠုကျော်စွာတို့ တက်ရောက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment