Tuesday, October 2, 2018

နက်ဖ်တာကုန်သွယ်ရေးစာချုပ် ပြန်လည်ပြင်ဆင်ရေးကနေဒါနှင့်အမေရိကန်တို့သဘောတူ


Image may contain: 3 people, people smiling
ဝါရှင်တန် အောက်တိုဘာ ၁
ဒေသဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်သစ်တစ်ရပ်ရရှိရေးအတွက် အချိန်ဇယားသတ်မှတ်၍ ရေးဆွဲသွားကြရန် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့ သဘောတူညီလိုက်ကြကြောင်း၊ ကုန်သွယ်ရေး စာချုပ်ပြင်ဆင်ရေးဆွဲရေးကိစ္စနှင့် ပတ်သက်၍ တစ်နှစ်ကျော်မျှ ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပြီးနောက် သဘောတူညီချက်ရရှိခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်(နက်ဖ်တာ)အား ပြင်ဆင်ရေးဆွဲရန် ကနေဒါနှင့် အမေရိကန် စေ့စပ်ဆွေးနွေးရေးမှူးများက စက်တင်ဘာ ၃ဝ ရက် ညနှောင်းပိုင်းတွင် သဘောတူညီခဲ့ကြသည်။
၂၅ နှစ်နီးပါး သက်တမ်းရှိ နက်ဖ်တာစာချုပ်သည် နှစ်သက်လိုလားဖွယ်ရာမကောင်းဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝေဖန်ရှုတ်ချခဲ့ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို တစ်နှစ်ကျော်မျှ ပြုလုပ်ခဲ့ကြသည်။
နက်ဖ်တာစာချုပ်သစ်အတွက် အရေးပါသော စည်းမျဉ်းများနှင့်ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြကြောင်း အမေရိကန် အထက်တန်းတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် ကနေဒါရုပ်မြင်သံကြားဌာနက သတင်းထုတ်ပြန်သည်။
နက်ဖ်တာ စာချုပ်ဟောင်းကို ဖျက်သိမ်းပစ်မည်ဟု သမ္မတထရန့်က ခြိမ်းခြောက်ခဲ့ပြီး အသစ်ပေါ်ထွက်လာမည့် စာချုပ်တွင် မက္ကဆီကိုနိုင်ငံလည်း ပါဝင်မည်ဖြစ်ရာ အမေရိကန်-မက္ကဆီကို-ကနေဒါသဘောတူညီချက် (ယူအက်စ်အမ်စီအေ)ဟု ခေါ်တွင်သည်။ စာချုပ်သစ်ကို ပြန်လည်ရေးဆွဲနိုင်ခြင်းဖြင့် ဈေးကွက်များ ပိုမိုလွတ်လပ်လာမည်ဖြစ်ပြီး ပိုမိုမျှတသော ကုန်သွယ်မှုကို ပြုလုပ်နိုင်ကြမည်ဖြစ်ကာ ဒေသတွင်း၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာမည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ်တီယာ ဖရီးလန်းတို့၏ ပူးတွဲကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
နောက်ဆုံးပြုလုပ်သည့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုမှာ ရက်သတ္တခြောက်ပတ်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အကြိတ်အနယ် ဆွေးနွေးခဲ့ ကြရသည်ဆို၏။
ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့ကြရာတွင် နှစ်ဖက်အပေးအယူအလျှော့အတင်းများ ရှိခဲ့ကြပြီးနောက် သဘောတူညီချက် ရရှိခဲ့သည်။အမေရိကန်-မက္ကဆီကို-ကနေဒါသုံးပွင့်ဆိုင် ကုန်သွယ်ရေးသဘောတူညီချက်သည် ဒေသခံပြည်သူသန်း ၅ဝဝ အတွက် အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ပြီး တစ်နှစ်လျှင် ကုန်သွယ်မှုပမာဏ ဒေါ်လာ တစ်ထရီလီယံခန့်အတွက် ဝါဏိဇ္ဇရေးရာ လှုပ်ရှားမှုများ ပေါ်ထွန်းလာမည်ဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment