Wednesday, October 24, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအား ကူညီထောက်ပံ့ပေး





ပဲခူး အောက်တိုဘာ ၂၃



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ကဝနှင့် သနပ်ပင်မြို့နယ်များအတွင်း အောက်တိုဘာ ၂၁ ရက်က လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းများ တွေ့ကြုံရသည့် ဒေသခံများကို သွားရောက်အားပေးကူညီထောက်ပံ့သည်။
ပျက်စီးဆုံးရှုံးမှုအခြေအနေများ ဆွေးနွေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုအခြေအနေများကို ဆွေးနွေးကြသည်။
မဆိုင်းမတွ ထောက်ပံ့ပေးနိုင်ရန် စီစဉ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဝမြို့နယ် သက္ကလမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ရုံးခန်းမ၌ လေပြင်းတိုက်ခတ်မှုကြုံတွေ့ရသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် လူမှုစီးပွားဘဝကို အဟန့်အတားဖြစ်စေမည့် လူကြောင့်ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေး မည်သည့်ဘေးမျိုးကို ခံစားရသည်ဖြစ်စေ ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုလျော့ပါးရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးကျရောက်ပါက လိုအပ်သောကူညီပံ့ပိုးမှုများကိုလည်း မဆိုင်းမတွ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် အကောင် အထည်ဖော်နိုင်ရေးအတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဘေးအန္တရာယ်ဒဏ်ခံစားရမှုများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသဖြင့် ဘေးအ္တရာယ်လျော့ပါးရေး ဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။
လက်ခံရယူ
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘေးသင့်ပြည်သူများအတွက် အားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကဝမြို့နယ်အတွင်းရှိ ဘေးသင့် အိမ်ထောင်စု ၁၅၈၆ စုအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၃၄၈၁၈ဝဝ နှင့် အိမ်ဆောက် ပစ္စည်းဖိုး ငွေကျပ် ၇၂၅၇ဝဝဝဝ၊ သနပ်ပင်မြို့နယ်အတွင်းရှိ ဘေးသင့်အိမ်ထောင်စု ၂၇၄ စုအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၆၅၉ဝဝ နှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၉၆၉ဝဝဝဝ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။
ကျေးဇူးတင်စကား ပြန်လည်ပြောကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သက္ကလကျေးရွာအတွင်း သုံးမြွာပူး ကလေးမွေးဖွားသည့် မိသားစုတစ်စုကို လူမှုကာကွယ်စောင့်ရှောက်မှုအဖြစ် ငွေကျပ် ငါးသိန်း ထောက်ပံ့ပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အားပေးစကား ပြောကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သက္ကလစံပြကျေးရွာရှိ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သော မိသားစုဝင်များကိုတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး၏ ပဲခူးတိုင်းဒေသကြီးခရီးစဉ်အတွင်း စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၈၆၄ဝ၇၇ဝဝ ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment