Wednesday, October 3, 2018

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ လွှဲပြောင်းအပ်နှံ

Image may contain: 6 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာနက တာဝန်ယူပုံနှိပ်ပြီးစီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များကို နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်ပုံနှိပ်စက်ရုံမှ တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲများထံ ယနေ့နံနက် ၉ နာရီက လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ဆန္ဒမဲလက်မှတ်များ လွှဲပြောင်းလက်ခံမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ကျော်စိုးက ''ဒီနေ့ထုတ်ပေး တဲ့ မဲလက်မှတ်တွေကတော့ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်တွေ ထုတ်ပေးတာပါ။ နှစ်ကြိမ်ခွဲပြီး ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
''ပထမအကြိမ်ကတော့ ကြိုတင်ဆန္ဒမဲပေးမယ့်သူတွေ အတွက် တစ်ကြိမ်ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၄ ရက်က ထုတ်ပေးပြီးပါပြီ။ ဒီတစ်ကြိမ်ကတော့ မဲရုံတွေမှာ မဲပေးမယ့်သူတွေအတွက် ဆန္ဒမဲလက်မှတ်တွေ ထုတ်ပေး တာဖြစ်ပါတယ်။ ဆန္ဒမဲလက်မှတ်တွေကိုတော့ စာရင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဦးစီးဌာန မှအပ်နှံပြီး ခုရိုက်နှိပ်ပြီးစီးတဲ့ ဆန္ဒမဲလက်မှတ်တွေကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မဲဆန္ဒနယ် ၁၃ နယ်အတွက် ထုတ် ပေးတာဖြစ်ပါတယ်။
''အခုလို ထုတ်ပေးတဲ့အချိန်မှာလည်း မဲလက်မှတ်တွေ ကို ထုတ်ပေးချိန်မှာ လုံခြုံရေးတွေပါတယ်။ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက တာဝန်ခံ တွေနဲ့ ဝန်ထမ်းတွေပါပါတယ်။ အဲဒီလို ထုတ်ပေးတဲ့ နေရာ မှာလည်း ကချင်၊ ရခိုင်၊ ရှမ်းစတဲ့ ဝေးလံခေါင်သီတဲ့နေရာတွေ ကို အရင်ဆုံးဦးစားပေးပြီး ထုတ်ပေးခဲ့ပါတယ်။ ဆန္ဒမဲ လက်မှတ်တွေလုံခြုံရေးအနေနဲ့ကတော့ ပြည်ထဲရေးဝန်ကြီး ဌာနကနေ သတ်မှတ်ပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီစဉ်ပေးပါ တယ်။ ဒါတွေကို လမ်းခရီးအစအဆုံး လုံခြုံရေးဆောင်ရွက် ပြီးတော့ ဟိုရောက်လို့ရှိရင် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ရှိတဲ့ ဘဏ်တိုက်တွေမှာ ထိန်းသိမ်းမယ်။
''လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ ရဲစခန်းတွေ ကနေ တာဝန်ယူပြီးတော့ ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်ရုံးအနေနဲ့ကတော့ စတင်ထုတ် ပေးပြီး သယ်သွားတဲ့ လမ်းခရီးတစ်လျှောက်အခြေအနေ တွေနဲ့ သက်ဆိုင်ရာမြို့ကို ရောက်ရှိပြီး ဘဏ်တိုက်တွေမှာ ထည့်ပြီးတဲ့အထိ စဉ်ဆက်မပြတ် ဗဟိုရုံးကနေ ကြီးကြပ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ပြောကြားသည်။
ကြိုတင်မဲပေးမည့် ပြည်ပရောက်မဲလက်မှတ်များ ပေးပို့မှုနှင့်ပတ်သက်၍ မေးမြန်းရာ ''ပြည်ပရောက် မဲဆန္ဒ ရှင်တွေအတွက်ကိုတော့ နိုင်ငံခြားသံရုံးတွေက ဆန္ဒမဲပေး မယ့် မဲဆန္ဒရှင်စာရင်းကို ပုံစံ ၁၅ ဖြင့် တောင်းတယ်။ သက်ဆိုင်ရာသံရုံးတွေက စာရင်းပြုစုပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံးကိုပို့တယ်။ ကော်မရှင်ကနေ စိစစ်ပြီးတာနဲ့ သက်ဆိုင်ရာ မြို့နယ်အဖွဲ့ခွဲတွေဆီက ဆန္ဒမဲလက်မှတ်တွေ ကို နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ပြန်ပို့တယ်။ ဝန်ကြီးရုံးက တစ်ဆင့် သက်ဆိုင်ရာ သံရုံးတွေကို သူတို့အစီအစဉ်နဲ့ ပို့ပါတယ်။
''အဲဒီကြိုတင်မဲတွေကို ပြည်ပက မဲဆန္ဒရှင်တွေဆန္ဒမဲ ပေးပြီးတာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်ပို့တယ်။ ကော်မရှင်က တစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေဆီကို ဆန္ဒမဲလက်မှတ်တွေကို ပြန်ပို့ပေးပါတယ်။ မဲလက်မှတ်တွေ ရဲ့ အရည်အသွေးပိုင်းကိုတော့ ကော်မရှင်ကလက်ထောက် ညွှန်ကြားရေးမှူးတစ်ဦး ဦးစီးပြီးတော့ စစ်ဆေးဆောင် ရွက်ခဲ့ပါတယ်''ဟု ၄င်းက ဆက်လက်ရှင်းပြသည်။
ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ခဲ့သည့် အခြေအနေ နှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ပုံနှိပ်) ဦးထွန်းထွန်းနိုင်က ''ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကနေ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်တွေ ပုံနှိပ်ဖို့အတွက် အမှာစာ ပေးပို့ခဲ့ပါတယ်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ အတွက် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ စုစုပေါင်း ၄၅၂၇ဝဝ၊ အမျိုးသားလွှတ်တော် အတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ စုစုပေါင်း ၂၃၃၉၅ဝ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် ဆန္ဒမဲ လက်မှတ်အရွက်ရေ စုစုပေါင်း ၃၄၇၅ဝဝ နဲ့ တိုင်းရင်း သားလူမျိုးရေးရာ လစ်လပ်မဲဆန္ဒနယ်အတွက် ဆန္ဒမဲလက် မှတ်အရွက်ရေ စုစုပေါင်း ၉၄၉ဝဝ အပ်နှံတာ ဖြစ်တဲ့ အတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ စုစုပေါင်း ၁၁၂၉ဝ၅ဝ ရိုက်နှိပ်ပေးဖို့ လုပ်ငန်းအပ်နှံခဲ့ပါတယ်။
''ဆန္ဒမဲလက်မှတ်တွေကို နေပြည်တော် ပုံနှိပ်စက်ရုံ တစ်ရုံတည်းပဲ သြဂုတ် ၂၉ ရက်ကနေ ၃၁ ရက်အထိ သုံးရက်ကြာ ပုံနှိပ်ဆောင်ရွက်ခဲ့ပါတယ်။ မဲလက်မှတ်တွေရဲ့ အရည်အသွေးပိုင်းနဲ့ပတ်သက်လို့ကတော့ စက္ကူကိုတော့ လုံခြုံရေးအမှတ်အသား ရေစာပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံ ထုတ် ၈ဝGSM Woodfree အဝါရောင် စက္ကူနဲ့ ရိုက်နှိပ် ခဲ့ပါတယ်။ ဆန္ဒမဲလက်မှတ်စတင်ပုံနှိပ်တဲ့အချိန်ကစပြီး ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် သက်ဆိုင်ရာ ပြည်ထဲ ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုံခြုံရေးယူပေးတာမျိုး၊ မဲလက်မှတ်တွေရိုက်နှိပ်ချိန်မှာ မီးမပျက်ဖို့ သက်ဆိုင်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ဝန်ကြီးရုံးအနေနဲ့ ညှိနှိုင်း ပြီးတော့ဓာတ်အားမပြတ်တောက်စေဖို့လည်း ဆောင်ရွက် ခဲ့ပါတယ်။
''ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဦးစီးဌာနအနေနဲ့ကတော့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ခု ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်တွေကို လုံခြုံမှုရှိရှိနဲ့ အဆင့်အတန်းပြည့်မီစွာ ပုံနှိပ်ဆောင်ရွက်ခဲ့ ပြီးဖြစ်ပါတယ်''ဟု ပြောကြားသည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန နေပြည်တော် ပုံနှိပ်စက်ရုံမှ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော် မဲဆန္ဒနယ်များအလိုက် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် လိုအပ်မည့် ဆန္ဒမဲလက်မှတ်များကို အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြည်ပတွင် ရောက်ရှိနေသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ပြည်တွင်းရှိ မဲဆန္ဒနယ်ပြည်ပ ရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒ မဲလက်မှတ်များကို သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံ ပထမအကြိမ်အဖြစ် အရွက်ရေ ၅ဝ ပါ ဆန္ဒမဲလက်မှတ်စာအုပ် ၂၂၅၉ အုပ် စုစုပေါင်း ဆန္ဒမဲလက်မှတ် အရွက်ရေ ၁၁၂၉၅ဝ ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၄ ရက်က စတင်ထုတ်ပေးခဲ့ ပြီးဖြစ်သည်။
ယနေ့တွင် ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ကျန်ရှိသည့် အရွက်ရေ ၅ဝ ပါ မဲလက်မှတ်စာအုပ် ၂ဝ၃၂၂ အုပ် စုစုပေါင်းဆန္ဒမဲလက်မှတ် အရွက်ရေ ၁ဝ၁၆၁ဝဝ ကို ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီကစတင်၍ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအလိုက် လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)ဖြစ်ကြောင်းနှင့် လစ်လပ် တိုင်းဒေသ ကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်း နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ရှမ်းတိုင်းရင်း သားလူမျိုး မဲဆန္ဒနယ်တို့ဖြစ်ကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ-သီဟစည်သူ

No comments:

Post a Comment