Wednesday, October 3, 2018

နိုင်ငံတော်အလံ ဥပဒေပြဋ္ဌာန်းချက်များအကြောင်းကို ပြည်သူများပိုမိုသိရှိစေရန် အသိပညာပေးနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဟုဆို

Image may contain: one or more people and people standing
ရန်ကုန် အောက်တိုဘာ ၂
နိုင်ငံတော်အလံကို မလေးမစားပြုသူများအား နိုင်ငံတော်အလံ ဥပဒေပြဋ္ဌာန်း ချက်အရ အရေးယူနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို ပြည်သူများ ပိုမိုသိရှိစေရန် အသိပညာပေးနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
''နိုင်ငံတော်အလံ ဥပဒေမှာ နိုင်ငံတော်အလံကို မလေးမစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထက်ပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။ အဆိုပါ ပြဋ္ဌာန်းထားမှုကို ပြည်သူများ လေးစားလိုက်နာစေဖို့ အသိပညာပေးနည်းလမ်းတွေနဲ့ ပိုမိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်း အဝေး (၁၄) ရက်မြောက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ''ရုပ်ရှင်ရုံများအတွင်းတွင် မြန်မာနိုင်ငံအလံ အလေးပြုခြင်း အစီအစဉ်တွင် မတ်တတ်ရပ်၍ အလေးပြုကြ ရန် ရုပ်ရှင်ရုံမှ စာဖြင့်ပြသထားပါသော်လည်း ဂရုမစိုက်၊ အလေးမထားဘဲ ထိုင်နေသူအချို့အား နိုင်ငံတော်အလံဥပဒေအရ စည်းကမ်းချက် လိုက်နာ ဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင် ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး က ပြောကြားခဲ့ခြင်းဖြစ်သည်။
''ရုပ်ရှင်ရုံများအနေနဲ့ ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံကို အလေးပြုကြရန် မေတ္တာရပ်ခံပါသည်ဟု အသိပေးစာတန်းထိုး ပြသလျက်ရှိပါတယ်။ ဌာနအနေ ဖြင့်လည်း နိုင်ငံတော်အလံကို တစ်ပြေးညီဖြစ်စေရန် စီစဉ်ရိုက်ကူး၍ ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံများတွင် ပြသရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိပါတယ်''ဟု ဝန်ကြီးက ဆိုသည်။
ထို့ပြင် ယခင်ရုပ်ရှင်ကော်ပိုရေးရှင်းအမည်ဖြင့် ဆောင်ရွက်စဉ်က မြန်မာ နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံအားလုံးတို့တွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံကို အလေးပြုရန်၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းအား ပြသရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံပြသည့်အခါ မတ်တတ်ရပ် အလေးမပြုကြသူများရှိကြောင်း တွေ့ရှိရသဖြင့် ပြန်ကြားရေးဝန်ကြီး ဌာနဝန်ကြီးက ''နယ်များတွင် နိုင်ငံတော်အလံနှင့် အမျိုးသားသီချင်းလွှင့်ချိန်တွင် မတ်တတ်မရပ်သူအများအပြားရှိနေသည်၊ ဌာနအနေနဲ့ ရုပ်ရှင်ရုံငှားထားသူ များထံ ညွှန်ကြားဆောင်ရွက်ပါ''ဟု လမ်းညွှန်ချက်အရ ပြန်ကြားရေးဝန်ကြီး ဌာန ယခင်မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် ရန် ရုံးခွဲများနှင့် လုပ်ငန်းစုရုံးများသို့ အကြောင်းကြားခဲ့ကြောင်း၊ ရုံးခွဲများက လည်း ရုပ်ရှင်ရုံများသို့ ထပ်မံအကြောင်းကြားခဲ့ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံတော်အလံနှင့် စပ်လျဉ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၁-၁ဝ-၂ဝ၁ဝ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် အလံဥပဒေ အခန်း (၄) ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃)တွင် နိုင်ငံတော်အလံကို မလေးမစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထက်ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။
သီသီမင်း

No comments:

Post a Comment