Tuesday, October 2, 2018

အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေတစ်ရပ်ပေါ်ထွန်းရေး လုပ်ထုံးလုပ်နည်းတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး


Image may contain: one or more people
နေပြည်တော် အောက်တိုဘာ ၁
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အစည်းအဝေးကာလအတွင်း အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေ တစ်ရပ်ပေါ်ထွန်းရေး လုပ်ထုံးလုပ်နည်း (Code of Conduct Towards Achieving A World Free of Terrorism) လက်မှတ် ရေးထိုးသည့် အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ကုလသမဂ္ဂဌာနချုပ် စီးပွားရေးနှင့် လူမှုရေး ကောင်စီ အစည်းအဝေးခန်းမ၌ ကာဇက်စတန် နိုင်ငံက ကမကထပြုလုပ်၍ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်၍ အကြမ်းဖက်ဝါဒ ကင်းစင်သည့် ကမ္ဘာမြေတစ်ရပ်ပေါ်ထွန်းရေး လုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရကိုယ်စား ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း လက်မှတ် ရေးထိုးထားသည့် မှတ်တမ်းကို ကာဇက်စတန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Kairat Abdrakhmanov ထံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်။
အခမ်းအနားတွင် ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Kairat Abdrakhmanov ၊ ကုလသမဂ္ဂအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးရုံး (UNOCT)လက်ထောက်အတွင်းရေးမှူးချုပ် H.E.Mr.Vladimir Voronkov၊ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကော်မရှင်နာ H.E.Mr.Smail Chergui ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးကော်မတီ သဘာပတိ ကုလ သမဂ္ဂဆိုင်ရာ ပီရူးနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Gustavo Meza-Cuadra၊ ကုလသမဂ္ဂအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စင်တာ၊ အကြံပေးဘုတ်အဖွဲ့ဝင်နှင့် ကုလ သမဂ္ဂဆိုင်ရာ ဆော်ဒီနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် H. E. Ambassador Ahdallah Y.Al-Mouallimi တို့က အမှာစကား ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အထက်ပါလုပ်ထုံး လုပ်နည်းကို လက်မှတ်ရေးထိုးခြင်းဖြင့် အကြမ်းဖက် ဝါဒအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အခြားသော လက်မှတ်ရေးထိုးဖက် နိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည့် အခွင့်အလမ်း ရရှိလာမည်ဖြစ်သည့်အပြင် အကြမ်းဖက်ဝါဒကို ပိုမိုထိရောက်စွာ ကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် ကုလသမဂ္ဂ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ(GCTS)နှင့် ယင်းကို ပြန်လည်သုံးသပ်ထားသည့် သုံးသပ် ချက် (Biennial UN GCTS Review) တို့ပါ အကြံပြုချက်များကို အကောင်အထည် ဖော်ရာတွင် ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်သည့် အခွင့်အရေးများ ရရှိ လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သိရသည်။
သတင်းစဉ်

No comments:

Post a Comment