Tuesday, October 2, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဏိပူရမြစ်ကူး ဗားရ်တံတားတည်ဆောက်ရန် လျာထားသည့်နေရာ၊ဝေဘူလလမ်း၊ ဘုတ်ဗားရ်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် မဏိပူရရေလှောင်တမံတို့အား ကြည့်ရှုစစ်ဆေး


Image may contain: 1 person, standing, mountain, outdoor and nature
နေပြည်တော် အောက်တိုဘာ ၁
ဖလမ်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်အမှတ် ၆၈/၅ အနီး မဏိပူရမြစ်ကူး ဗားရ်တံတားအသစ်တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတား ဆောက်လုပ်မည့်နေရာ ရွေးချယ်ထားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကလေး-နတ်ချောင်း-ဗားရ်-ဖလမ်းကို ဆက်သွယ်ပေးသည့် ဝေဘူလလမ်းပြုပြင်ခြင်း၊ လမ်းသားချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် လမ်း၏အခြေအနေကို မော်တော်ယာဉ် များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ယင်းလမ်းပေါ်ရှိ ဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့်တာဝန်ရှိသူ များက တံတားဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဝေဘူလမြို့သို့ရောက်ရှိရာ ဒေသခံများက ရိုးရာယဉ်ကျေးမှု အကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ မဏိပူရရေလှောင်တမံဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေလိုအပ်ချက်နှင့် နှစ်အလိုက် ရန်ပုံငွေသုံးစွဲမှု၊ စီမံကိန်းအကောင်အထည်ဖော်ပြီးစီးမှု၊ B.O.T စနစ်ဖြင့် လွှဲပြောင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ကြည့်ရှုစစ်ဆေး
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက မဏိပူရရေလှောင်တမံ စီမံကိန်းသည် စိုက်ပျိုးရေအတွက် သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရမြစ် ရေလမ်းကြောင်းကောင်းမွန်လာမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှုလုပ်ငန်းများကိုပါ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခု စီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးကို တိုက်ရိုက် အကျိုးပြုနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး ရှုရပ်မှနေ၍ မဏိပူရရေလှောင်တမံစီမံကိန်း ဆောင်ရွက် ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
လျော့ပါးသက်သာစေမည်
မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်း၌ရှိပြီး မြစ်သာမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော မဏိပူရမြစ်ပေါ်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်းကို အကောင်အထည် ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာ ဧက ၈ဝဝဝဝ ခန့် စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ မူလဒီဇိုင်း အတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် ၃၈ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ စေမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကလေးမြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ပြန်လည်ထွက်ခွာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment