Thursday, October 4, 2018

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကျောက်မျက်ရောင်းချပွဲပြုလုပ်မည့်မဏိရတနာကျောက်စိမ်းခန်းမ ကြည့်ရှုစစ်ဆေး


Image may contain: one or more people, people on stage, people standing, shoes and indoor
နေပြည်တော် အောက်တိုဘာ ၃
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ မည့် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဏိ ရတနာကျောက်စိမ်းခန်းမဝင်းအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာ ကျောက်စိမ်းခန်းမ ယာဉ်ရပ်နားကွင်းသို့ ရောက်ရှိလာရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များ ပြပွဲတက်ရောက်ရန် မှတ်ပုံတင်သည့် အဆောက် အအုံကို မော်တော်ယာဉ်ရပ်နားကွင်းတွင် သီးခြား ဆောက်လုပ်၍ လက်ရှိရတနာကုန်သည် မှတ်ပုံတင် အဆောက်အအုံကို ရတနာကုန်သည် ဝင်ပေါက်အဖြစ် တိုးချဲ့ဆောက်လုပ်မည့် အစီအမံများ၊ မော်တော်ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရန်အတွက်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ထုထည်ကြီးမားပြီး အရေအတွက်များပြားသော ကျောက်အတွဲများ ခင်းကျင်း ပြသရန်အတွက်လည်းကောင်း၊ ကျောက်စိမ်းဥယျာဉ် အတွင်းရှိ မြေကွက်လပ်ကို မြေဖို့ပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်မည့်အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပြီး ခန်းမဧည့်ခန်းမဆောင်၌ ပြပွဲဗဟိုကော်မတီအတွင်း ရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီ အသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ကြ သည်။
သတင်းစဉ်

No comments:

Post a Comment