Sunday, October 21, 2018

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ





Image may contain: 4 people, people sitting and text
 နေပြည်တော် အောက်တိုဘာ ၂ဝ



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်ကြီးကြပ်ရေးကော်မတီရုံး ကနောင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်အမှာစကား ပြောကြား သည်။
စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ကြီး (၃)ရပ်အနက် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကို အကောင် အထည်ဖော်ရာတွင် နိုင်ငံသားအားလုံးအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ ¤င်းတို့၏ နိုင်ငံသားအရည်အချင်းနှင့်ကိုက်ညီသည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်ရုံးများတွင်သာမက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း အချို့သောပြည်သူ များသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထား ရယူရန် ကျန်ရှိသူများ ယခုတိုင် ရှိနေဆဲဖြစ်ပါကြောင်း။
အခွင့်အရေးများ ဆုံးရှုံးလျက်ရှိ
ထို့ကြောင့် လက်ငင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ္စာစီမံချက်ရေးဆွဲကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် အခြေခံပညာ ကျောင်းများဖွင့်ချိန်တွင် အသက် ၁ဝ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး ခြင်းလုပ်ငန်းများကိုလည်း သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများနှင့် ပတ်သက်၍လည်း အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားအချို့သည် ¤င်းတို့၏ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသည့် ကတ်ပြား မရှိသည့်အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည့်အပြင် ယင်းကတ်ပြားမရှိသည့်အတွက် နိုင်ငံ ရပ်ခြားသို့ တရားဝင်အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
အဆင့် (၅) ဆင့်ဖြင့် ဆောင်ရွက်ပေး
ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား များအနက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ¤င်းတို့ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ လုပ်ငန်းခွင်မပျက် ကွင်းဆင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ အလုပ် သမားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက် ရာတွင် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူပြုစုခြင်း၊ ကိုယ်ရေးအချက်အလက် ကောက်ယူခြင်း၊ နိုင်ငံသားအရည်အချင်းစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းဟူသည့် အဆင့် (၅) ဆင့်ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အောက်တိုဘာ ၆ ရက်ကလည်း ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရှိ သာကေတ၊ ဒဂုံ(တောင်)နှင့် ဒဂုံ(အရှေ့) စက်မှုဇုန်တို့မှ အလုပ်သမား ၁၂ဝဝ အား လုပ်ငန်းခွင် မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ မြောက်ပိုင်းခရိုင်အတွင်းရှိ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ လှည်းကူးနှင့် တိုက်ကြီးစက်မှုဇုန်တို့မှ အလုပ်သမား ၁၃၈၉ ဦးအား လုပ်ငန်းခွင်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အား သတ်မှတ်ကာလအတွင်း အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သဖြင့် လုပ်ငန်းများအောင်မြင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်း ကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ကွင်းဆင်းဆောင်ရွက်ပေးမှု ရှင်းလင်းပြောကြား
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ လုပ်ငန်းခွင်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် တာဝန်ရှိသူများက စက်မှုဇုန် များမှ အလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ကြပြီး စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကိုယ်စား ရွှေပြည်သာစက်မှုဇုန် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးကိုနှင့် အလုပ်သမားတစ်ဦးတို့က ကျေးဇူးတင်စကားများ ပြောကြား ကြသည်။
အလုပ်သမား ၁၃၈၉ ဦး ထုတ်ပေးနိုင်ခဲ့
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများ များပြားသည့် မြို့နယ် ၁၄ မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံ ၃ဝ၈၁ ခုမှ လုပ်သားဦးရေ လေးသိန်းခန့်တွင် ရှစ်ထောင်ခန့်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြောင်း စာရင်းအရ သိရသဖြင့် ယင်းလုပ်သားများအား ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေးအတွက် စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၈ ရက်အထိ နှစ်လတာ သတ်မှတ်၍ သစ္စာစီမံချက်ဖြင့် လုပ်ငန်းခွင်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခမ်းအနားတွင် ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်းရှိ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ လှည်းကူးနှင့် တိုက်ကြီး မြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ၁၃၈၉ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment