ရန်ကုန် စက်တင်ဘာ ၃ဝ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း (Film Analysis) အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင် ကြားလမ်း အမှတ်(၅ဝ)ရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင် ပြခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်အမှာစကား ပြောကြားသည်။
ထိရောက်စွာအသုံးပြု
ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးလည်း တစ်ခုပါဝင်ကြောင်း၊ ရုပ်ရှင်နှင့်ပတ်သက်လျှင် ရုပ်ရှင် လောကသားများက အဓိက ဆောင်ရွက်ကြပြီး မိမိတို့ အနေဖြင့် ဆောင်ရွက်နိုင်သည့် အစိတ်အပိုင်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီဖြည့်ဆည်းပေးနေခြင်း ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍပေါင်းစုံ တွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းကဏ္ဍမျိုးစုံ အနက် ရုပ်ရှင်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။
ရုပ်ရှင်နှင့်ပတ်သက်လျှင် အခြေခံအဆောက်အအုံ၊ အနုပညာနှင့် အတတ်ပညာလုပ်ငန်းများနှင့် စီးပွားရေး ကဏ္ဍ စသည်ဖြင့် ပါဝင်နေပြီး ယင်းကဏ္ဍများအားလုံး ဖွံ့ဖြိုးတိုးတက်အောင် ထူထောင်ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ လေ့လာသင်ယူခြင်း၊ လေ့ကျင့်ခြင်း၊ ညှိနှိုင်းဆွေးနွေး ခြင်းများဖြင့် တည်ဆောက်ရမည်ဟု မြင်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးရည်ရွယ်ပြီး ရုပ်ရှင်အနုပညာ ရပ်ဝန်းကို တတ်စွမ်းသမျှ စီစဉ်ဆောင်ရွက်ပေးထားခြင်း ဖြစ်ရာ ရုပ်ရှင်လောကသားများအနေဖြင့် ထိရောက်စွာ အသုံးပြုစေလိုပါကြောင်း။
တတ်စွမ်းသမျှဆောင်ရွက်ပေးမည်
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပညာရှင်၊ အတတ်ပညာရှင်များ အချင်းချင်း စိတ်ကူးစိတ်သန်းများ နှီးနှောဖလှယ်ရာ၊ အသိပညာမျှဝေရာ နေရာတစ်ခုအဖြစ် အသုံးပြုကြစေလိုပါကြောင်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံဥာဏ်များလည်း ပေးစေလိုပြီး အကြံပြု ချက်များအပေါ် စိတ်အားထက်သန်စွာ တတ်စွမ်းသမျှ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကျင်းပခဲ့ပြီးဖြစ်သည့် မြန်မာရုပ်ရှင် ရာဇဝင်ဇာတ်ကားများ ရိုက်ကူးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆက်စပ်သည့် မြန်မာသမိုင်း ဖြစ်စဉ်ဖြစ်ရပ်များမှ ထူးခြားသည့်ပုဂ္ဂိုလ်များနှင့် စရိုက် လက္ခဏာများဆိုင်ရာ စာတမ်းဖတ်ပွဲကို မကြာမီ ကျင်းပ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်လိုသူများအတွက် အထောက်အကူပြုနိုင်မည်ဟု မြင်ပါကြောင်း၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရုပ်ရှင်သင်တန်းကျောင်းနှင့် စတူဒီယိုများ ပေါ်ပေါက်လာရေးအတွက်လည်း ရည်မှန်းချက်ထားရှိပြီး စီစဉ်ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် ရုပ်ရှင်ပညာရှင် ဒေါက်တာအောင်မင်း က Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်ဖြစ်သည့် ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဆန်းစစ်ခြင်း (Film Analysis) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာArt House Film အမျိုးအစားဖြစ်ပြီး ၁၉၉၉ ခုနှစ် Cannes Film Festival ရုပ်ရှင်ပွဲတော်တွင် Best Actress Winner ဆု နှင့် Plamed' or Winner ဆု ရရှိခဲ့သော ဒါရိုက်တာJean-Pierre and Luc Dardenne တို့ ရိုက်ကူးခဲ့သည့် ''Rosetta'' ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကြသည်။
မေးမြန်းဆွေးနွေး
ယင်းနောက် တက်ရောက်လာကြသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှင့် ပညာရှင်များက ''Rosetta'' ဇာတ်ကား ၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းခွဲခြမ်းစိတ်ဖြာလေ့လာ ဆန်းစစ်ခြင်းကို သုံးသပ်ဆွေးနွေးကြပြီး သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုပ်ရှင်ချစ်ပရိသတ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဝေဖန်သုံးသပ်
အလားတူ Film Analysis ဆောင်ရွက်မှုကို စက်တင်ဘာ ၁၆ ရက်က ရုပ်ရှင်ပြခန်းမတွင် ရုပ်ရှင်ပညာ ရှင် ဒေါက်တာအောင်မင်းက ဦးဆောင်၍ ဒါရိုက်တာ Edward Yang ၏Yi Yi ဇာတ်ကားကို ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာဆန်းစစ် ခြင်းနှင့် ဝေဖန်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်းရှိ ဖလင်ပိဋကတ်တိုက်သို့ သွား ရောက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲနှင့်Save Myanmar Film (SMF) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်ရှင်ဖလင် များ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေ၊ ရုပ်ရှင်ပြတိုက်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေမှုနှင့် ပစ္စည်းများစုဆောင်းနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရုပ်ရှင်ပိဋကတ်တိုက်
မြန်မာ့ရုပ်ရှင်လောက၏ သမိုင်းအမွေအနှစ်များဖြစ် သော နှစ်အလိုက်ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ နှင့်သတင်းမှတ်တမ်းများကို ပုံမှန်စုဆောင်းနေမှုမှ ပြုပြင် ထိန်းသိမ်းသည့် လုပ်ငန်းတစ်ခုအဖြစ် ရုပ်ရှင်ပိဋကတ်တိုက် ကို ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင်SMFနှင့် ပူးပေါင်းကာ လုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖလင်ပိဋကတ်တိုက်တွင် ထိန်းသိမ်းထားသည့် အဖြူ၊ အမည်း မြန်မာ့ရုပ်ရှင်ဇာတ်ကား ၁၂ ကားအနက် ၁၁ ကား၊ ရောင်စုံရုပ်ရှင်ဇာတ်ကား ၁၅၅ ကားအနက် ကား ၅ဝ၊ သတင်းမှတ်တမ်း ၂၉၈၄ ပိုင်းအနက် အပိုင်း ၁ဝဝ တို့ကိုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များဖြစ်သော စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများအပြင် ရှေးဟောင်းရုပ်ရှင် ဖလင် များ၊ ကြော်ငြာနှင့် ပိုစတာများ စုဆောင်းထိန်းသိမ်းခြင်း၊ မှတ်တမ်းနှင့် သုတေသနပြုလုပ်ခြင်းများကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment