Monday, October 1, 2018

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်-မြိတ်လမ်းပေါ်ရှိ ပဲဒက်တံတားနှင့် ဝင်းဝတံတားဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

Image may contain: one or more people, people standing and outdoor

နေပြည်တော် စက်တင်ဘာ ၃ဝ
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် တနင်္သာရီ တိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ရန်ကုန်-မြိတ် လမ်းပေါ်ရှိ ပဲဒက်တံတားနှင့် ဝင်းဝတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တစ်ပြိုင်တည်းကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ဖွင့်လှစ်ပေးသည်။
ပဲဒက်တံတားဖွင့်ပွဲကို နံနက် ၉ နာရီခွဲတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း လမ်းဦးစီးဌာနမှ လမ်းမိုင် ၉၆၉ မိုင် ၅ ဖာလုံ ဖောက်လုပ်ထိန်းသိမ်းထားပြီး လမ်းများကိုလည်း ကတ္တရာ၊ ကွန်ကရစ် (AC) လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနမှလည်း ကျေးလက်လမ်း ၅၁၃ မိုင် ဖောက်လုပ် ထိန်းသိမ်းထားပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ၉ဝ ရာခိုင်နှုန်းအတွက် ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်းများရရှိလာရန် နှစ်စဉ်နှစ်တိုင်း အဆင့် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မြို့ပြနှင့်အိမ်ရာများကို စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး အတွက် လာမည့် သုံးနှစ်တာကာလတွင် မြို့ပြစီမံကိန်းများ နှင့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ၆၄ လုံး၊ အခန်း ၆၇ဝ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြို့ကြီး ငါးမြို့တွင် မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲပြီးဖြစ်ပါကြောင်း။
တံတားဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပေ ၁၈ဝ နှင့်အထက် တံတား ၂၂ စင်း တည်ဆောက်ပြီး ဖြစ်ရာ တနင်္သာရီတံတား၊ ပုလုံးတုံးလုံး တံတားအပါအဝင် တံတား ရှစ်စင်း ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။
ယခုဖွင့်လှစ်သည့် ပဲဒက်တံတားသည် ထားဝယ်-မြိတ်လမ်းပေါ်ရှိ အချက်အချာကျသည့် တံတားတစ်စင်း ဖြစ်ပြီး အရှည်ပေ ၃ဝဝ နှစ်လမ်းသွားတံတားဖြစ်ပြီး ဘိုးပိုင် အုတ်မြစ်ပေါ်တွင် သံကူကွန်ကရစ် ကိုယ်ထည်၊ တံတား အပေါ်ထည်အဖြစ် သံကူကွန်ကရစ် ရက်မအဖြစ် တည်ဆောက်ထားပါကြောင်း၊ ၄င်းတံတားကို တနင်္သာရီ တိုင်းဒေသကြီး၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းများအဆင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ တံတားသစ်များ ဆောင်ရွက် ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးတိုးတက်မှု ပိုမိုလျင်မြန်စေပြီး အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်တော့မည် ဖြစ် ကြောင်း၊ ပဲဒက်တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အမှာစကားပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားကြီး ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲဒက်တံတားကို ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ သရက်ချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဥက္ကဋ္ဌ ဦးကြည်ရှိန်နှင့် ပဲဒက်အခြေခံပညာအထက်တန်းကျောင်း ဒသမတန်း ကျောင်းသူ နော်မေသဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားဖွင့်ပွဲ မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပဲဒက်တံတားကမ္ပည်းမော်ကွန်းကျောက် စာတိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်နှင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှုကြသည်။
ဆက်လက်၍ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ ၁၃ မှ တည်ဆောက်ပြီးစီးသော ဝင်းဝတံတားဖွင့်ပွဲကို အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အမှာစကားပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားကြီး တည်ဆောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဝင်းဝတံတားကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဝင်းဝတံတား ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့က စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားကြီးပေါ်မှ ဖြတ်သန်း ကြည့်ရှုကြသည်။
ဝင်းဝတံတားသည် ရန်ကုန်-မြိတ်လမ်း (ထားဝယ်-မြိတ် အပိုင်း) မိုင်တိုင်အမှတ် ၆၂ ဒသမ သုည ကီလိုမီတာ တွင် တည်ရှိပြီး တံတားအမျိုးအစားမှာ အပေါ်ထည် သံကူကွန်ကရစ် ရက်မနှင့် Plate Girder ၊ အောက်ထည် သံကူကွန်ကရစ်နှင့် အုတ်မြစ်ကို တစ်မီတာအချင်းနှင့် ၁ ဒသမ ၂ အချင်း ဘိုးပိုင်အုတ်မြစ်တို့ဖြင့် တည်ဆောက် ထားပြီး တံတားအရှည်ပေ ၆၂ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီပါရှိပြီး ယာဉ် တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ တန် ၆ဝ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment