နယူးယောက် အောက်တိုဘာ ၁
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကြုံတောင့်ကြုံခဲ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် ပျက်ပြားသွားခဲ့ရပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကုလသမဂ္ဂတွင် အပြန်အလှန်အပြစ်ဖို့ခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အိန္ဒိယစစ်သည်သုံးဦး သေဆုံးမှုကို ဖြစ်စေခဲ့သော တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆုရှမာဆွာရတ်က ပြောကြားခဲ့ပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ်သစ် အီမရာခန်း အဆိုပြုထားသော ဆွေးနွေးမှုပြုလုပ်ရေးအစီအစဉ်ကို အိန္ဒိယဘက်မှ ပြန်လည်ဖျက်သိမ်းခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကွာရေရှီနှင့် မိမိအကြား တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက် ပျက်ပြားစေရန် မိမိ၏အစိုးရအဖွဲ့က ဆင်ခြေပေးခဲ့သည်ဟု ပြောဆိုခြင်းမှာ မှန်ကန်ခြင်းမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။
နှစ်နိုင်ငံ ဆွေးနွေးပွဲလုပ်ငန်းစဉ်များကို အိန္ဒိယနိုင်ငံက တမင်ဖျက်ဆီးနေသည်ဆိုသော ပြောဆိုမှုမှာ လုံးဝမှန်ကန်ခြင်းမရှိကြောင်း ဝန်ကြီးဆွာရတ်က ပြောကြားသည်။
ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်သမားပေါက်ပွားမှုကို လက်သင့်ခံနေပြီး ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု၏ ကြိုးကိုင်ရှင် အိုစမာဘင်လာဒင်အား ခိုလှုံခွင့်ပေးခဲ့သည့်နိုင်ငံဖြစ်ကြောင်း ဝန်ကြီးဆွာရတ်က ဆက်လက် ပြောကြားသည်။
ဟိမဝန္တာတောင်တန်းဒေသရှိ ကက်ရှ်မီးယားဒေသ၏ သူပုန်အုပ်စုများကို ပါကစ္စတန်က လက်နက်တပ်ဆင်ပေးထားသည်ဟု အိန္ဒိယက ကာလကြာရှည် စွပ်စွဲလာခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ကွာရေရှီကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အိန္ဒိယနိုင်ငံအား ပြန်လည်၍ အပြစ်ဖို့ခဲ့သည်။
နှစ်နိုင်ငံ ဆွေးနွေးပွဲပြုလုပ်ရန်အစီအစဉ် ပျက်ပြားခဲ့ရသည်မှာ သုံးကြိမ်တိုင်ရှိခဲ့ပြီဖြစ် ကြောင်း၊ အကြိမ်တိုင်းတွင် မည်မည်ရရ အကြောင်းပြချက်မရှိဘဲ ဆွေးနွေးပွဲကို အိန္ဒိယဘက်မှ ဖျက်သိမ်းခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ငြိမ်းချမ်းရေးကို မြတ်နိုးခြင်းထက် နိုင်ငံရေးကစားရန် လိုလားကြောင်း၊ ကက်ရှ်မီးယားပိုင်နက် နယ်မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးဖြေရှင်းရန် ဝန်ကြီးချုပ်သစ်အီမရာခန်းက မူဝါဒချမှတ်ထားသော်လည်း အိန္ဒိယဘက်မှ ကဖျက်ယဖျက်လုပ်နေကြောင်း၊ ကက်ရှ်မီးယား၌ အပစ်အခတ်ရပ်စဲမှုကို အိန္ဒိယ ဘက်မှ ချိုးဖောက်ပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု သတိပေးလိုကြောင်း ၎င်းက ပြောကြားသည်။

အေအက်ဖ်ပီ
No comments:
Post a Comment