
သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ခုနစ်မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိခဲ့သည့် ပြည်ပကုန်တင်သင်္ဘောSam Ratulangiအား ဆွဲယူခဲ့သည့် Independence Ulaan Baatar သင်္ဘောနှင့် သင်္ဘောအမှုထမ်း အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးအား ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဇာဒက်ကြီးရေတပ်စခန်းမှ တိုင်းဒေသကြီးရေကြောင်းဦးစီးဌာနနှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၃၁ ရက်က မြန်မာ့ပင်လယ်ကမ်းရိုးတန်း ကော့သောင်းမြို့မှ ရေမိုင် ၅ဝ ခန့်အကွာ ပင်လယ်ပြင် အတွင်း တစ်ဖက်နိုင်ငံရေပြင်အတွင်းသို့ ဦးတည်ခုတ်မောင်းလျက်ရှိသော မသင်္ကာဖွယ်ရာတွေ့ရှိရသည့်Independence Ulaan Bataarသင်္ဘောနှင့်အတူ သင်္ဘောအမှုထမ်း အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးအား ဇာဒက်ကြီးရေတပ်စခန်းသို့ တပ်မတော်စစ်ရေယာဉ်က ခေါ်ယူထိန်းသိမ်းထားရာမှ ရေကြောင်းဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကာ အဆိုပါသင်္ဘောအား ကော့သောင်းမြို့ မြန်မာ့ရေပြင်ပိုင်နက် သူဌေးကျွန်းနှင့် ဘုရင့်နောင်အငူအကြား ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားပြီး သင်္ဘော အမှုထမ်းများအား သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)
No comments:
Post a Comment