Monday, September 24, 2018

၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ဖတ်ကြားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ စာတမ်း

Image may contain: 1 person, hat

ယနေ့ မြန်မာနိုင်ငံအနေဖြင့် ပြုလုပ်ကျင်းပသည့် (၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီမှ ဦးခွန်အောင်ကျော် ဖြစ်ပါသည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဒီမိုကရေစီစနစ်ထွန်းကားလာရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် နိုင်ငံတကာပါလီမန်အဖွဲ့ (IPU) မှ ၂ဝဝ၇ ခုနှစ်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု သိရပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ၂ဝ၁၁ ခုနှစ်တွင် စတင် ကျင်းပလာခဲ့သည်မှာ ယနေ့ထိတိုင် ရှစ်ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီ နေ့အား ကျင်းပခြင်းသည် ''မိမိတို့သည် ဒီမိုကရေစီကို မြတ်နိုးသူနှင့် မိမိတို့ နိုင်ငံသည်ဒီမိုကရေစီနိုင်ငံ''ဖြစ်ကြောင်းကို ပြသလိုခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီဟုဆိုပါက ''ပြည်သူလူထုက မိမိတို့ ကြိုက်နှစ်သက်သည့်အစိုးရအား မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်ရှိသည့်စနစ်'' ဖြစ်သည်ဟု အားလုံးနားလည်လက်ခံထားကြပါသည်။ သို့သော် နိုင်ငံအသီး သီးမှ ကျင့်သုံးနေကြသည့် ဒီမိုကရေစီစနစ်၌ နည်းလမ်းအမျိုးမျိုး၊ ပုံစံ အမျိုးမျိုးဖြင့် ကွဲပြားခြားနားသည်ကို ကျွန်ုပ်တို့အနေဖြင့် သတိချပ်စရာ အချက်များဖြစ်ပါသည်။ အဓိကအချက်မှာ ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံရေးအခြေ အနေ၊ သမိုင်းအခြေအနေ၊ ယဉ်ကျေးမှုအခြေအနေ စသည့် ရေခံမြေခံနှင့် သင့်တော်သည့်နည်းလမ်းဖြင့် တည်ဆောက်သွားရမည်ဖြစ်ပါသည်။
ဒီမိုကရေစီစံနှုန်းသည် ''လွတ်လပ်မှု၊ တန်းတူမှု၊ စည်းကမ်းရှိမှု''ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်နှင့်အညီ ဒီမိုကရေစီ၏ အနှစ်သာရ မပျောက် ကွယ်၊ မပျက်စီးစေရန် ပြည်သူများအကြား ဒီမိုကရေစီစိတ်ဓာတ်ကို အစဉ် မြှင့်တင်ပေးရမည်ဖြစ်သကဲ့သို့ အစိုးရနှင့် ပြည်သူအားလုံး လိုက်နာကျင့်သုံး ကြရန်လည်း လိုအပ်ပါသည်။ ပြည်သူအားလုံးသည် ဒီမိုကရေစီစနစ်ကို နားလည်ပြီး အသိပညာပြည့်ဝစွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းထိန်းသိမ်းမှ သာလျှင် အနှစ်သာရပြည့်ဝပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် ပြောကြားလိုသည်မှာ မည်သည့်စနစ်တွင်မဆို ရာနှုန်းပြည့်ကောင်းသည့်စနစ် မရှိပါ။ အားသာချက်ရှိသော စနစ်ရှိသကဲ့သို့ အားနည်းချက်များလည်း ရှိတတ်သည့် သဘောသဘာဝကိုလည်း လက်ခံနိုင်မှသာလျှင် ကျွန်ုပ်တို့ တစ်တွေ ဖြေသာလို့ရမည်ဖြစ်ပါသည်။ ယခုလက်ရှိ ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီဖြစ်သော်လည်း ပြဿနာများစွာ ရင်ဆိုင်နေရ သည်ကို ဝန်ခံရလိမ့်မည် ဖြစ်သည်။ ဤသည်များသည် ဒီမိုကရေစီရင့်ကျက်မှု မရှိသေးသည့်နိုင်ငံနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းသည့် နိုင်ငံများ၌ ဖြစ်ပေါ် တတ်သည့် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ယခုအချိန်တွင် ပြဿနာများကို အစိုးရနှင့် ပြည်သူများက ဒီမိုကရေစီနည်းကျကျဖြင့် ဖြေရှင်း၍ရနိုင်သည့် နည်းလမ်းများကိုသာ ရှာဖွေရမည်ဖြစ်ပါသည်။ ပြဿနာများအား ဖြေရှင်းနိုင် ရန်အတွက် ဒီမိုကရေစီစနစ်တွင် အာဏာသည် ပြည်သူကသာပိုင်သည့်အတွက် ကြောင့် ပြည်သူတွင်လည်း တာဝန်ရှိသကဲ့သို့ ပြည်သူမှ ရွေးချယ်တင်မြှောက် ထားသည့် အစိုးရအဖွဲ့တွင်လည်း ပိုမို၍ တာဝန်ရှိမည် ဖြစ်ပါသည်။
ယခုလက်ရှိ ကျွန်ုပ်တို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်မှ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်သွားနေသည့် ကာလပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုသို့ ဖော်ဆောင်သွား နေသည့်အချိန်တွင် ဒီမိုကရေစီစနစ်ကို ပိုမိုခိုင်မာစေရန် တည်ဆောက်ရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် ခိုင်မာမှုမရှိပါက ဖက်ဒရယ်သို့ သွားရာလမ်း သည်လည်း ခိုင်မာမှုရှိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဖက်ဒရယ်၏ပုံစံသည် အာဏာခွဲဝေမှု၊ မတူကွဲပြားမှု၊ လူနည်းစုအခွင့်အရေးစသည်တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ဤသည်များသည် လူနည်းစုဒီမိုကရေစီ ကျင့်စဉ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် ယခု ကျွန်ုပ်တို့ ကျင့်သုံးနေ သည့် ဒီမိုကရေစီစနစ်အား ပိုမိုခိုင်မာစေရန်အတွက် တည်ဆောက်ထားရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် ဒီမိုကရေစီ ဆောင်ပုဒ်ဖြစ်သည့် ''ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး''ဆိုသည့်အတိုင်း မြန်မာ့ဒီမိုကရေစီစနစ်ကြီး ထွန်းကားလာစေရန်အတွက် မှန်ကန်သည့်အမြင်၊ မျှတသည့်ကျင့်စဉ်များနှင့် ပြည်ထောင်စုဖွား တိုင်းရင်း သားများနှင့်အတူ လက်တွဲပူးပေါင်း၍ ကြိုးစားအားထုတ်သွားမည် ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် ယနေ့ (၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံမှလည်း မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စုအတွက် ရလဒ်ကောင်းများ ပေါ်ထွက်ကာ နိုင်ငံတော်ကြီး အမြန်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment