Tuesday, September 25, 2018

(၈)ကြိမ်မြောက် မြို့လုံးကျွတ် ဆီဇွန်းလောင်းလှူပူဇော်ပွဲ စည်ကားစွာ ကျင်းပ

Image may contain: 8 people, crowd, tree and outdoor
ကျောက်တံခါး စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၏ဒေသအတွင်း ထင်ရှားလူသိများသောပွဲတော်များအနက်မှ ဓူတင်ကုန်း ဆရာတော်ကြီး ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဆီဇွန်း လောင်းလှူပူဇော်ပွဲကို ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့သည်။
အဆိုပါဆီဇွန်းလောင်းလှူပူဇော်ပွဲကို ယခုနှစ်တွင် (၈)ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး တော်သလင်းလပြည့် (စက်တင်ဘာ ၂၄ ရက်) မွန်းလွဲပိုင်းက ကွင်းမြောက် ရပ်ကွက် ဓူတင်ကုန်းလမ်းမှစတင်၍ စာတိုက်ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအထိ ကျင်းပရာ ဆီဇွန်းလောင်းလှူပူဇော်ပွဲသို့ ကျောက်တံခါးဖြူ၊ ကျောက်ကြီးမြို့နယ်တို့မှ ပင့်လျှောက်ထားသော ကျောင်း ပေါင်း ၆၇ ကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ရဟန်း သာမဏေငယ် စုစုပေါင်း ၅ဝ၄ ပါးတို့က အပူဇော်ခံ အလှူခံကြွရောက်တော်မူခဲ့ပြီး ဆီဇွန်းလောင်းလှူရာတွင် နှမ်းဆီကိုသာ လောင်းလှူပူဇော်ရသည်။ လောင်းလှူပူဇော် ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ရပ်ဝေး၊ ရပ်နီးမှ စေတနာရှင်၊ အလှူရှင်များက လှူဒါန်းခဲ့ကြသည်။
''ကျွန်တော်တို့ မြို့နယ်အတွင်းမှာ ဘာသာရေးနဲ့ ပတ်သက်လို့ အစည်ကားဆုံးပွဲတော်တစ်ခုပါ။ ဓူတင်ကုန်း ဆရာတော်ကြီးကနေပြီး ကြီးမှူးကျင်းပလာတာ ယခုနှစ်ဆို ရှစ်ကြိမ်မြောက်ပါ။ အရင်နှစ်ကထက် ပိုမို စည်ကားတယ်။ အလှူရှင်တွေလည်း ပိုများလာတာကို တွေ့ရတယ်။ အရင်နှစ်က ဆရာတော်တစ်ပါးကို ဆီအချိန် ၁ဝ ပိဿာအထိရတယ်'' ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment