Tuesday, September 25, 2018

မူးယစ်ဆေးဝါးများကို ထိရောက်စွာတိုက်ဖျက်

Image may contain: text
ယနေ့ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေရန်၊ လူ့ဘောင်လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်ရန် ခေတ်မီလက်နက် များအစား မူးယစ်ဆေးဝါးအား လက်နက်သဖွယ်အသုံးပြုလာကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းများကိုဖျက်ဆီးပြီး ဗိုလ်ကျ လွှမ်းမိုးလိုသူတို့က ဘာသာရေး၊ စစ်ရေး၊ စီးပွားရေးစစ်ပွဲများ ဆင်နွှဲ ခဲ့ကြသည့်အပြင် ဘိန်းစစ်ပွဲများပါ ဖန်တီးခဲ့ကြသည်ကို သမိုင်းတွင် မြင်တွေ့ရမည်ဖြစ်သည်။
အစောပိုင်းကာလက ဘိန်းစိုက်ပျိုးမှုကို မသိနားမလည်သော လူမျိုးစုဒေသများ၌ အမြစ်တွယ်စေခဲ့ပြီး ဘိန်းမှ ဘိန်းဖြူ၊ မူးယစ်ဆေးဝါး အမျိုးမျိုးကို ထုတ်လုပ်၍ လူ့ဘောင်လောကကို တစ်စတစ်စဖျက်ဆီးလာခဲ့ သည်။ မျက်မှောက်ကာလတွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆေးဝါးများ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့စိမ့်ဝင်ထိုးဖောက် ဝင်ရောက်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်းကို လူ့ဘောင် လောကမှ လူသားများအားလုံးတို့က ဝိုင်းဝန်းတိုက်ဖျက်ကာကွယ်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပြဿနာမှာ တစ်စတစ်စကြီးမား ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။ ယခင်က နယ်စပ်ဒေသများတွင်သာ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားကြရာမှ ယခုအခါ နယ်စပ်များ သာမက မြို့ရွာများတွင်ပါ ရောင်းဝယ်ဖောက်ကား၊ သုံးစွဲမှုများရှိလာပြီး ပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များ၏ ဘဝများနှင့် ပတ်ဝန်းကျင်ကို ပျက်စီးအောင် ဖျက်ဆီးနေပြီဖြစ်သည်။
ယင်းကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ စီမံချက်၊ စစ်ဆင်ရေး၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း သိသာစွာ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်တိုးတက် ဖြစ်ပေါ်နေသဖြင့် မူးယစ် ဆေးဝါးပြဿနာကို ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး က တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသော မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာနသို့ နိုင်ငံတစ်ဝန်းမှ တာဝန်သိပြည်သူများက မူးယစ်ဆေးဝါးသတင်းများကို ပေးပို့ကူညီသတင်းပေးမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မူးယစ်အထူးသတင်း တိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ခဲ့သည့် ယခုနှစ် ဇွန်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှ တိုင်ကြားလာသောအမှုပေါင်း ၇ဝ၃ မှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ စုစုပေါင်း ၂၉၁ မှု ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ တရားခံ ၄၅ဝ ကျော်၊ စိတ်ြ<ွက ရူးသွပ်ဆေးပြား တစ်သိန်းခွဲခန့်နှင့် လက်နက်ခဲယမ်းများပါ ဖမ်းဆီး ရမိခဲ့သည်။
ယင်းတို့သည် တာဝန်သိပြည်သူများက သတင်းပေးသော အမြို့မြို့ အနယ်နယ်မှ ရောင်းဝယ်ဖောက်ကား၊ သုံးစွဲမှု အသေးစားများသာ ဖြစ်သည်။ စိတ်ကြွရူးသွပ်ဆေးပြားများ သိန်းနှင့်၊ သန်းနှင့်ချီ၍ သယ်ဆောင်မှုများကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိမှုများလည်းရှိသည်။ သို့သော် ထုနှင့်၊ ထည်နှင့် ပမာဏကြီးမားသော ထုတ်လုပ်သူများ၊ ရောင်းဝယ်ဖောက်ကားသူများအား ဖော်ထုတ်ဖမ်းဆီး ရမိမှု နည်းပါးသေးသည်။ ရှာဖွေဖော်ထုတ်ရန် ခက်ခဲသော မူးယစ် ဆေးဝါးလက်ကြီးသမားများကို ပြည်သူများ ပူးပေါင်းကူညီမှုဖြင့် ရှာဖွေ ဖမ်းဆီးထုတ်ဖော်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေပြီး လူ့ဘောင်လောက အေးချမ်းသာယာမှုကို နှောင့်ယှက်ဖျက်ဆီးနေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို နိုင်ငံတော်အစိုးရက ပြည်သူများနှင့် လက်တွဲပြီး အမျိုးသားရေးအသွင်ဖြင့် အလေးထားဆောင်ရွက်နေသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများအား ရှာဖွေ ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးများအား ပိုမို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် လက်ကြီးသမားများကို ဝိုင်းဝန်း ကူညီဖော်ထုတ် သတင်းပေးကြရန် တိုက်တွန်းပါကြောင်း။ ။

No comments:

Post a Comment