Tuesday, September 4, 2018

လှည်းကူးမြို့၌ ယာဉ်နှစ်စီးနှင့်အတူ ကျွန်းသစ် ၁၂ တန်ခန့် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပြီး ဖမ်းဆီးရေးအဖွဲ့အား ရန်ပြုသူများကို အမှုဖွင့်အရေးယူထား


Image may contain: grass, plant, tree, outdoor and nature======================

နေပြည်တော် စက်တင်ဘာ ၃
အမှတ်(၁)သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ခွဲ(မြောက်ပိုင်းခရိုင်) မှ တပ်ဖွဲ့ဝင်များ၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၆ နာရီ မိနစ် ၂ဝ က သတင်းအရ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂ဝ တွင် ဖောယာဉ် တစ်စီးနှင့် ကင်တာယာဉ် နှစ်စီးတို့အား ဘောနတ်ကြီး လမ်းဆုံမှ ရန်ကုန်သို့ မောင်းနှင်လာသည်ကို တွေ့ရှိ၍ စစ်ဆေးရန်ဆောင်ရွက်သော်လည်း အစစ်ဆေးမခံဘဲ မိုင်တိုင်(၂ဝ/၂)ရှိ အမြန်လမ်းမှ ဂငယ်ကွေ့ရန် ခွင့်ပြုထား သော ယာဉ်ကြောမှတစ်ဆင့် ဘောနတ်ကြီးဘက်သို့ ပြန်ကွေ့မောင်းနှင်သွားသော ကြောင့် ဖမ်းဆီးရေးအဖွဲ့က လိုက်လံဖမ်းဆီးရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မိုင်တိုင် (၃၂/၁)အနီး ယာဘက်ရှိ ဒေသလမ်းငယ်အတွင်း အမြန် လမ်းနှင့် ပေ ၂ဝဝ ခန့်အကွာ၌ YGN 1K/---- ကင်တာ ယာဉ်အား ကျွန်းသစ် လေးတန်နှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး ဖောယာဉ်တစ်စီးမှ ကျွန်းသစ် လေးတန်ခန့်ကိုချ၍ ၎င်းလမ်းအတိုင်း ပဲခူးဘက်သို့ မောင်းနှင်သွားသဖြင့် မော်တော်ယာဉ် တစ်စီးနှင့် ကျွန်းခွဲသား ရှစ်တန့်ခန့်တို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ဖမ်းဆီးရေးအဖွဲ့က အမြန်လမ်းတစ်လျှောက် ဆက်လက်ရှာဖွေရာ နံနက် ၇ နာရီတွင် မိုင်တိုင် (၃၆/ ၅)ရှိ ရော်ဘာခြံအတွင်း အမြန်လမ်းနှင့် လေးမိုင်ခန့်အကွာ၌ ရပ်တန့်ထားသော AYY 8M/---- ကင်တာယာဉ်အား ကျွန်းသစ်လေးတန်နှင့် ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိခဲ့ သည်။
နံနက် ၉ နာရီခွဲတွင် ဖမ်းဆီးရေးအဖွဲ့၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့တို့ ပူးပေါင်း၍ အမြန်လမ်းတစ်လျှောက် ဆက်လက် ရှာဖွေရာ မိုင်တိုင်(၃၇/၂)ရှိ အမြန်လမ်းမကြီး စစ်ပင် ဆိပ်တံတားအောက် စစ်ပင်ဆိပ်ရွာ ထိပ်ရှိ Under Pass ၌ YGN 5F/----WISHယာဉ်အား တွေ့ရှိသဖြင့် စစ်ဆေး ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီခွဲတွင် စစ်ပင်ဆိပ် ကျေးရွာအတွင်းမှ ကျေးရွာသား နေဇော်ပါ ၂ဝ ဦး ခန့်သည် တုတ်၊ ဓားများ ကိုင်ဆောင်ထွက်လာကာ ဖမ်းဆီးရေးအဖွဲ့အား ရန်ပြုခဲ့ရာ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ခါးကိုထိမှန်ခဲ့၍ သေနတ်ဖြင့် တစ်ချက် သတိပေးပစ်ခတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်တွင် ၎င်းကျေးရွာသားများအတွင်းမှ တစ်ဦးကWISH ယာဉ်အား မောင်းနှင်ကာ စစ်ပင်ဆိပ်ရွာအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိသော ကျွန်းသစ် ၁၂ တန်ခန့်နှင့် ကင်တာ ယာဉ် နှစ်စီးအား ဘောနတ်ကြီးအမြန်လမ်း ရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး နေဇော်ပါ ၂ဝ ဦး (စိစစ်ဆဲ)အား ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်း(ပ)၂၈၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်းနှင့် သိမ်းဆည်းရမိသော သစ်များ၏ ပိုင်ရှင်အား ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment