Tuesday, September 4, 2018

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

Image may contain: 1 person
နေပြည်တော် စက်တင်ဘာ ၃
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းဖြင့် နှုတ်ခွန်း ဆက်သပါတယ်။
လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ်များအတွက် အဲဒီ မဲဆန္ဒနယ်မြေတွေမှာ မကြာတော့မယ့်အချိန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မန္တလေးတိုင်းဒေသကြီး လွှတ်တော် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)မှာ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ဖွဲ့စည်း ထူထောင်ခဲ့တာဟာ အနှစ် ၃ဝ ပြည့်မြောက်လာပြီး စည်းလုံးညီညွတ် တည်ငြိမ်ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီမှာ ''လူအများကောင်းစားရေး''ကိုအခြေခံတဲ့ လမ်းညွှန်သဘောတရားမူဝါဒ အခိုင်အမာရှိပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်တဲ့ ''ပြည်သူ့ အကျိုးပြု မြန်မာ့လမ်းစဉ်''ကိုလည်း ပီပီပြင်ပြင် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ပါတီရဲ့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အစွန်းတရားတွေဘက် ရောက်မသွားစေဖို့အတွက် ''မဇ္ဈိမပဋိပဒါကျင့်စဉ်'' နဲ့ ကိုက်ညှိကျင့်သုံးလျက် ရှိပါတယ်။ ပါတီရဲ့ မူဝါဒရယ်၊ လမ်းစဉ်နဲ့ကျင့်စဉ်တွေကို ဟန်ချက်ညီညီ ချမှတ်ကျင့်သုံးနေပါတယ်။
ပါတီတွင်းမှာ တစ်ဦးကောင်းတစ်ယောက်ကောင်းဝါဒကို ရှောင်ရှားပြီး ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်း တာဝန်ရှိမှု၊ တာဝန်ယူမှုတွေကို အခိုင်အမာကျင့်သုံးလျက်ရှိပါတယ်။
အဓိကကျတာကတော့ ကျွန်တော်တို့ပါတီရဲ့ ပါတီဝင်တွေအနေနဲ့ ပါတီအပေါ်ထားရှိတဲ့ သစ္စာတရားနဲ့အတူ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စွမ်းရည်တွေနဲ့ အနစ်နာခံဆောင်ရွက်မှုတွေကြောင့်လည်း အခုလို အနှစ် ၃ဝ အထိ တည်ငြိမ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ပါတီအပေါ်မှာ မဲဆန္ဒရှင်ပြည်သူများ အကဲခတ်ဆန်းစစ်နိုင်အောင် တင်ပြနေခြင်းဖြစ်ပါတယ်။
အခုကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှာ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းကတော့ ဦးညီညီ ဖြစ်ပါတယ်။ သပိတ်ကျင်းမြို့နယ် ဇာတိသား လိပ်ကျကျေးရွာက ဖြစ်ပါတယ်။ ဒေသသားဖြစ်ပြီး ကိုယ့်ရပ်ဆွေ၊ ရပ်မျိုးဖြစ်နေတာကြောင့် ပါတီအနေနဲ့ တင်ပြစရာမလိုအောင် ''အူမချေးခါး'' ကအစ သိနေကြမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အကဲခတ် မှတ်ကျောက်တင်စိစစ်ခံနိုင်သူ ဖြစ်ပါတယ်။
ပါတီစုံစနစ်မှာ ဒီမိုကရေစီယဉ်ကျေးမှုအရ မဲဆန္ဒရှင်များအနေနဲ့ မိမိတို့ရဲ့ကိုယ်စားလှယ်တွေကို ရွေးချယ်ကြရာမှာ လူကိုမကြည့်ဘဲ ပါတီကိုပဲ ကြည့်ပြီး ရွေးချယ်တာဟာ လိုအပ်ချက်ဖြစ်သလို ပါတီကိုမကြည့်ဘဲ လူကိုပဲ ကြည့်ပြီး ရွေးချယ်ပြန်ပါကလည်း မပြည့်စုံတဲ့ရွေးချယ်မှုဖြစ်မှာပါ။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီကိုရော လူ(ကိုယ်စားလှယ်လောင်း)ကိုပါကြည့်ပြီး ဆန်းစစ်အကဲဖြတ်ကြပါ၊ ဆန္ဒမဲ ပေးကြပါလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ကိုယ်စား အလေးအနက်ပန်ကြားအပ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
မကြာခင်ကာလအတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်ငါးခုမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူလယ်သမားမိသားစုတွေနဲ့ ကျေးလက် နေပြည်သူတွေဟာ ရေဘေးဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အစိုးရရော၊ နိုင်ငံသူ နိုင်ငံသား၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း များပါမကျန် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြရပါတယ်။ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာကဏ္ဍမှာ စိုက်ဧကသိန်းနဲ့ချီပြီး ထိခိုက်ပျက်စီးတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီလို ထိခိုက်တဲ့နေရာမှာ တောင်သူလယ်သမားတွေရဲ့ လယ်ယာစီးပွားရေးဘဝ ပြန်ပြီးနာလန်ထူလာအောင် အားလုံးက ဝိုင်းပြီး အဓိကဦးစားပေးလုပ်ငန်းအနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြရမယ်ဆိုတာ ကျွန်တော်တို့ပါတီက အလေးအနက် ခံယူထားပါတယ်။
ရေဘေး၊ လေဘေးကြောင့် ပျက်စီးသွားတဲ့ အိုးအိမ်၊ လမ်း၊ တံတား၊ စာသင်ကျောင်း၊ လျှပ်စစ်ဆက်သွယ်မှု စတဲ့ အခြေခံအဆောက်အအုံတွေကို မူလအခြေအနေပြန်ရောက်အောင် ဆောင်ရွက်ရေးဟာလည်း အထူးဦးစားပေး လုပ်ငန်းအဖြစ် ကျွန်တော်တို့ပါတီက သတ်မှတ်ထားပါတယ်။ အားလုံးဝိုင်းဝန်း ကူညီလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ ၂ဝဝ၈ ခုနှစ် နာဂစ် လေမုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်း နှစ်တိုင်းလို ရာသီဥတုဖောက်ပြန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ငွေကြေးအရင်းအနှီး မပြည့်စုံမှု၊ လယ်ယာ လုပ်သားရှားပါးမှု၊ လယ်ယာသွင်းအားစုတွေရဲ့ ဈေးနှုန်းကြီးမှု၊ လယ်ယာထွက် ကုန်သီးနှံဈေးနှုန်းတွေရဲ့ ဈေးကွက်မတည်ငြိမ်မှု၊ ပုံစံ ၇ စတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် မတည်ငြိမ်မှု စတာတွေကို နှစ်စဉ်လိုကြုံတွေ့ပြီး လယ်ယာလုပ်ငန်း ခွင်မှာ မပျော်ပိုက်တဲ့ အခြေအနေရှိနေပါတယ်။
ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် တည်ဆဲဥပဒေအနေနဲ့ ''တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင် ရေးဥပဒေ'' ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေမှာပါတဲ့ တောင်သူ လယ်သမားတွေအတွက် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ပြည့်စုံအောင် အကောင်အထည်မဖော်နိုင်သေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ပါတီအနေနဲ့ တည်ဆဲဥပဒေဖြစ်တဲ့ ''တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ''ပါ ပြဋ္ဌာန်းချက်များ အမြန်ဆုံးအကောင် အထည်ဖော်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား
အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခကြေးငွေကို ကျပ် ၄၈ဝဝ တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး နာမကျန်းဖြစ်နေမှု ကြောင့် အခြေခံစားကုန်ဈေးနှုန်းတွေ တက်လာတဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်ခနဲ့ဈေးနှုန်းဟာ ''ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့်''ဆိုသလို ဖြစ်ပြီး အလုပ် သမားတွေ အကျိုးမခံစားရပါဘူး။ ရေရှည်အတွက် အလုပ်သမားတွေရဲ့ အကျိုးစီးပွားကိုကြည့်ပြီး ''လုပ်ခနဲ့ဈေးနှုန်း''မူဝါဒတွေကို ချမှတ်ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။
အချို့စက်ရုံ၊ အလုပ်ရုံပိတ်မှုတွေ၊ လူအင်အားလျှော့ချမှုတွေ၊ စက်ရုံ၊ အလုပ်ရုံတွေရဲ့ လုပ်ငန်းအပြောင်းအရွှေ့တွေ၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက် တွေကို ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကျွန်တော်တို့ပါတီအနေနဲ့ အလုပ်သမားအကျိုးစီးပွား ကာကွယ်မြှင့်တင် ရေးလုပ်ငန်းအဖွဲ့များကို တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ အလုပ်သမားတွေရဲ့ အကျိုး စီးပွား ကာကွယ်မြှင့်တင်ရေးလုပ်ငန်းတွေကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြင်ဆင်ထားတဲ့ ဘတ်ဂျက်နှစ်အတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အရ အသုံးကို လွှတ်တော်မှာ တင်ပြတဲ့အခါ ၂ဝ၁၈/၂ဝ၁၉ ခုနှစ် ဘတ်ဂျက်လိုငွေဟာ ကျပ်ဘီလီယံ ငါးထောင်နီးပါးရှိပြီး စံချိန်တင် လိုငွေပြလျက်ရှိနေပါတယ်။ ဒီလိုငွေကို နိုင်ငံတော်က ဖြည့်ဆည်းတဲ့အခါမှာ အခွန်အတုပ်ကောက်ခံမှုဟာ နည်းလမ်းတစ်ခုအနေနဲ့ မလွဲမသွေ ပါလာမှာဖြစ်ပါတယ်။ လုပ်သားပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အခွန်အကောက် ဆိုင်ရာ မူဝါဒများချမှတ်ပြီး ပြည်သူများ အခွန်ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကို လှုံ့ဆော်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင် ပြည်သူ အပေါင်းတို့ခင်ဗျား
ငြိမ်းချမ်းရေးဟာ ကျွန်တော် တို့နိုင်ငံရဲ့ အမျိုးသားရေးဖြစ်တဲ့အပြင် နိုင်ငံရဲ့အနာဂတ်လည်း ဖြစ်ပါတယ်။ ပြည်သူတွေလိုလားနေတဲ့ ''ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး'' ''ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး'' မျှော်မှန်းချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အပေါ်မှာ အဓိကမူတည်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အားသွန်ခွန်စိုက် ကြိုးပမ်းပါဝင်လျက် ရှိပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ကျွန်တော်တို့ ပါတီက ကိုင်စွဲထားတဲ့ သဘောထား တွေကတော့-
- တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုး ကြရေး၊
- အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင် စွာ ကျင်းပနိုင်ရေး၊
- ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်လာရေး၊
- အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးမူဝါဒတွေ ချမှတ်ရေးတို့ ဖြစ်ပါတယ်။
ဒီသဘောထားတွေနဲ့အညီ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ ထဲထဲဝင်ဝင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့အရေးကိစ္စဟာ ပြည်တွင်းသာမက ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံများကပါ ဖြစ်ရပ်မှန်များနဲ့ နိုင်ငံတော်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ လျစ်လျူရှုပြီး အနောက်မီဒီယာ များရဲ့ မမှန်သတင်းလုပ်ကြံမှုတွေ၊ ကောက်ချက်တွေအပေါ်အခြေခံပြီး ပြောဆိုလုပ်ဆောင်နေတာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေကို စွက်ဖက်ထိပါးစေတဲ့ လုပ်ရပ်တွေလို့ ကျွန်တော်တို့ပါတီက ခံယူထားပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်အရေးကိုအခြေခံပြီး နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးစွက်ဖက်လာတဲ့ကိစ္စ၊ ပြည်ထောင်စုရဲ့ ပိုင်နက် နယ်မြေကို ခြိမ်းခြောက်လာတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံအေးချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်မှန်သမျှကို ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့အတူ ကန့်ကွက်ဆန့်ကျင်သွားမှာဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ခင်ဗျား
အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများအနေနဲ့ ဆန္ဒမဲပေးရာမှ ပါတီအဖွဲ့အစည်းကိုရော ကိုယ်စားလှယ် လောင်း''လူ''ကိုပါကြည့်ပြီး အကဲခတ် ဆန္ဒမဲပေးနိုင်ဖို့ ပါတီရဲ့ အနေအထား၊ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်မြေ(၁) ပါတီကိုယ်စားလှယ်လောင်းရဲ့ အခြေအနေများနဲ့ ပါတီရဲ့ သဘောထားလုပ်ငန်းစဉ်တွေကို ကျွန်တော် အကျဉ်းချုပ် တင်ပြခဲ့ပြီးဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများက နိုင်ငံတော်ရဲ့အကျိုး၊ ဒေသရဲ့အကျိုးနဲ့ ပြည်သူ တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို အမှန်တကယ်သယ်ပိုးပေးနိုင်မယ့် ကျွန်တော် တို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးကြပါလို့ ဆန္ဒပြုလိုက် ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တို့ပါတီအောင်ရမည်
နှစ်ပေါင်းထောင်သောင်းချီ ရှေးရှေးတုန်းကအမွေအနှစ် အတိတ်ဆီက မြန်မာပြည်တို့ ဘိုးဘွားများ တည်ဆောက်ခဲ့ကြသည်-
(နိုင်ငံတော်ရဲ့အလံ တလွင့်လွင့်ချီ)၂
လွတ်လပ်တဲ့မြန်မာပြည် တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ် နိုးသည် မြန်မာနိုင်ငံ ကမ္ဘာတည် တို့ချစ်တဲ့အလံတော် တလွင့်လွင့်ချီ
တိုင်းရင်းသားအားလုံးညီညွတ်မည်။ ညီရင်းအစ်ကိုပမာ တို့ချစ်ကြည်၊ ထာဝစဉ်မကွဲ လက်တွဲမည်။ ဒါမှ ဒို့ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်။
မြန်မာပြည် တို့-တိုင်းပြည် မြန်မာတို့ရဲ့ဇာတိသွေးက ဇွဲမာန် အစစ်ဖြစ်သည်။ တိုင်းရင်းသားတို့ ထာဝရစည်းလုံးညီညွတ်မည်။ အမျိုးသားရေးကိုဦးတည် နိုင်ငံတော်ကို ချစ်မြတ်နိုးသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်။

No comments:

Post a Comment