Tuesday, September 4, 2018

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း (၁၆)နှစ်ပြည့် အခမ်းအနားကျင်းပ

Image may contain: 2 people, people sitting and indoor
ရန်ကုန် စက်တင်ဘာ ၃
အောင်မြင်မှုများစွာနှင့်အတူ အစဉ်အလာ ကြီးမားခဲ့သည့် စာရေးဆရာ၊ ကဗျာဆရာကြီး များ၏ ဂုဏ်ကျေးဇူးများကို နောင်မျိုးဆက်သစ် လူငယ်များအနေဖြင့် ပြန်လည်အောက်မေ့ သတိရဂုဏ်ပြုနိုင်ရန် ရည်ရွယ်၍Yangon Book Plazaမှ စီစဉ်ကျင်းပသော ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သံဈေးရှိ Yangon Book Plaza၌ ကျင်းပရာ ဆရာမောင်ချောနွယ်၏ မိသားစု ဝင်များ၊ ကဗျာဆရာကြီးများ၊ မျိုးဆက်သစ် ကဗျာဆရာများနှင့် ကဗျာချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
''အမှတ်တရပွဲကို နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ တချို့ကဗျာဆရာတွေက ပြည်တို့၊ မန္တလေး တို့မှာလည်း လုပ်ကြတာရှိတယ်။ သူမရှိတော့ ပေမယ့် ကဗျာကိုချစ်မြတ်နိုးတဲ့ သူတွေက အမှတ်တရအနေနဲ့ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူငယ်ငယ်တုန်းက ဗိုလ်သင်တန်းတက်တယ်၊ မတက်ဘဲပြန်လာ တယ်။GTIတက်တယ်၊ မတက်ဘဲ ပြန်လာ တယ်။ သူအဖေ့က နယ်ပိုင်ရာဇဝတ်တရား သူကြီးတဲ့၊ ကမ္ဘာကျော်တဲ့ နယ်ပိုင်ဆိုတာ မရှိ ဘူးတဲ့။ ကမ္ဘာကျော်တဲ့ ကဗျာဆရာပဲရှိတယ် ဆိုပြီးတော့ ကဗျာရေးတဲ့ အလုပ်ကို သူ့အနေနဲ့ မြတ်မြတ်နိုးနိုး လုပ်ခဲ့တာပါ။ ကဗျာရေးတဲ့ အလုပ်ကို သူလုပ်နေတဲ့အချိန်မှာ အန်တီက ကလေးသုံးယောက်နဲ့ မိသားစုတာဝန်ကို ထမ်းခဲ့ရတာတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သူ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ကဗျာတွေ အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူမိပါ တယ်''ဟု ဆရာမောင်ချောနွယ်၏ ဇနီး ဒေါ်မြင့်မြင့်စိန်က ခင်ပွန်းသည်၏ အမှတ်တရ များကို ပြန်ပြောင်းပြောပြသည်။
ကဗျာဆရာ မောင်ချောနွယ်ကို ၁၉၄၉ ခုနှစ်တွင် ဖခင်ဖြစ်သူ နယ်ပိုင်ကြီး ဦးကျော်မြင့်နှင့် မိခင်ဖြစ်သူ မင်းကတော် ဒေါ်သန်းသန်းတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့ သည်။ မွေးချင်းငါးဦးအနက် သားအကြီးဆုံး ဖြစ်ကာ အခြေခံပညာအထက်တန်းအောင်မြင် ခဲ့ပြီး ဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့ခြင်း မရှိပေ။ လူငယ်ဘဝကို ပြည်မြို့၌ ဖြတ်သန်းခဲ့ ပြီး ပြည်မြို့၏ အထင်ကရ အနုပညာရှင်များထဲ တွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ မြန်မာ့ ခေတ်ပေါ် ကဗျာရေစီးကြောင်းတွင် အရေးပါ ဆုံး ကဗျာဆရာအဖြစ် ဝေဖန်ရေးသမားများနှင့် ကဗျာချစ်သူများက တညီတညွတ်တည်း သတ်မှတ်ခြင်း ခံထားရသူလည်း ဖြစ်သည်။
ကဗျာဆရာ မောင်ချောနွယ် ကဗျာ များ၏ ထူးခြားချက်တစ်ခုသည် ခေတ်ပြိုင် ကဗျာများဖြစ်သော်လည်း အလွတ်ရွတ်ဆိုနိုင် ရန် လွယ်ကူခြင်း၊ အသံသာခြင်း၊ မှတ်သား စရာများ၊ အလင်္ကာများ မြောက်မြားစွာ ပါဝင် ခြင်းတို့ကြောင့် ယနေ့တိုင် ခေတ်မီအောင်မြင် လျက်ရှိနေခြင်းဖြစ်သည်။ မျိုးဆက်သစ် ကဗျာ ဆရာများအပေါ် လွှမ်းမိုးမှုအရှိဆုံး ကဗျာ ဆရာတစ်ဦးဖြစ်ပြီး ကဗျာစာအုပ်ဈေးကွက် အတွင်း ရေပန်းစားအောင်မြင်လျက်ရှိနေ တုန်းပင်ဖြစ်ရာ ထိုသို့အောင်မြင်မှုများစွာနှင့် အတူ အစဉ်အလာကြီးမားခဲ့သည့် ကဗျာ ဆရာ မောင်ချောနွယ်သည် ၂ဝဝ၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-
အေးမင်းသူ၊ ဇာနည်မောင်

No comments:

Post a Comment