
၂ဝ၁၈ တရုတ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ ပထမနေ့ကို စက်တင်ဘာ ၄ ရက် (ယနေ့)တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၅ မိနစ်တွင် မြန်မာ ယူ-၂၁ အသင်း နှင့် တရုတ် ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယှဉ်ပြိုင်ကြမည်
တရုတ်လေးနိုင်ငံ ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲတွင် တရုတ်၊ မြန်မာ၊ ဥဇဘက် ကစ္စတန်၊ တာဂျစ်ကစ္စတန် ယူ-၂၁ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး လေးသင်းပတ်လည်စနစ် ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ပြိုင်ပွဲ၏ ပထမဆုံးပွဲအဖြစ် ဥဇဘက် ကစ္စတန် ယူ-၂၁ အသင်းနှင့် တာဂျစ် ကစ္စတန် ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုပွဲ များကို စက်တင်ဘာ ၄၊ ၆၊ ၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည် ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်နေသော်လည်း နိုင်ငံတကာ ပွဲအတွေ့အကြုံမရှိသည့် လူငယ်လိဂ် ပြိုင်ပွဲမှ ကစားသမားများဖြင့် ဖွဲ့စည်း ထားသောကြောင့် အတွေ့အကြုံရစေ ရန် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ရက် ၂ဝ ကျော်သာရှိရခဲ့ ပြီး ပြိုင်ပွဲမတိုင်မီ အကြိုပြင်ဆင်မှုအဖြစ် ပြည်တွင်း MNL ကလပ်အသင်းများ ဖြစ်သည့် ဧရာဝတီ၊ မကွေး၊ ရှမ်းယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် ခြေစမ်းပွဲများတွင် ဧရာဝတီကို နှစ်ဂိုး-ဂိုးမရှိ၊ မကွေးကို လေးဂိုး-နှစ်ဂိုး၊ ရှမ်းယူနိုက်တက်ကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၂၁ အသင်းသည် ယခုပြိုင်ပွဲပြီးပါက မူလဖွဲ့စည်းထားသည့် ယူ-၂၁ (က) အသင်းမှ ကစားသမားများဖြင့် ပေါင်းစပ်ကာ နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်
No comments:
Post a Comment