
ပထမဆုံးအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲကြီးကို လာမည့်အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်တို့ ပူးပေါင်း၍ အဆိုပါ စက်ရုပ်ပြိုင်ပွဲကြီးကျင်းပနိုင်ရေး စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ နံနက်ပိုင်းကMICT Park ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများ၊ စက်ရုပ်ပညာရှင်များ တက်ရောက် ကြသည်။
''ကျွန်တော်တို့ ဒီပြိုင်ပွဲကြီးကို လာမယ့်အောက်တိုဘာ ၂၈ ရက်မှာ MICT Park Conference Hallမှာ နံနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရန်ကုန်က နည်းပညာတက္ကသိုလ် သုံးခုအပါအဝင် အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အသင်းပေါင်း ၂ဝ ပါဝင်ဖို့ ခန့်မှန်းထားပါတယ်''ဟု ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် သိပ္ပံနှင့်သုတေသနကလပ်ဥက္ကဋ္ဌ ကိုဟိန်းထက်က ရှင်းပြသည်။
ပြိုင်ပွဲတွင် ဆူမိုစက်ရုပ်ပြိုင်ပွဲ၊ အမှိုက်ကောက်စက်ရုပ်ပြိုင်ပွဲနှင့် အပြေးပြိုင်စက်ရုပ်ပြိုင်ပွဲ တို့ ပါဝင်မည်ဖြစ်ကြောင်း၊ အသင်းတစ်သင်းလျှင် သုံးယောက်မှ ငါးယောက်Designer Programmerနှင့် Controller ဟူ၍ ပါဝင်မည်ဖြစ်ကြောင်း၊ ဆုအနေဖြင့် ပြိုင်ပွဲတစ်မျိုး တစ်ဆုအပြင်Best Creation Award ဆုနှင့် People Choice Award ဆုတို့ကို ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ Application form ကို စက်တင်ဘာ ၃ ရက် ည ၇ နာရီတွင်https;//www.facebook.com/clash-Of-Robots-278231492930366/တွင် တင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်စိုး(ကြေးမုံ)
No comments:
Post a Comment