Monday, September 24, 2018

ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်အဖြစ် အမေရိကန် ပင်လယ်ဆိပ်ကမ်းများ အရှုံးပေါ်လာနိုင်

Image may contain: sky and outdoor
ဝါရှင်တန် စက်တင်ဘာ ၂၃
အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အထိနာလာ ရသည့်ဖြစ်စဉ်များ ပေါ်ပေါက်လာရာ အမေရိကန် ပင်လယ် ဆိပ်ကမ်းများအနေဖြင့် စီးပွားရေးအရ အကြီးအကျယ် ဆုံးရှုံးနစ်နာမှုများ တွေ့ကြုံလာနိုင်မှုအတွက် စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်လာရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများ က စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး အရ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက်စားချေ တုံ့ပြန်ကြခြင်းဖြင့် သင်္ဘောတင်လုပ်ငန်းများ ထိခိုက်နိုင်ပြီး ပင်လယ်ဆိပ်ကမ်း များ၏ ဝင်ငွေကျဆင်းလာနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာသည်။
ကမ္ဘာ့စီးပွားရေး မဟာအင်အားကြီးနှစ်နိုင်ငံအကြား အပြန်အလှန် လက်တုံ့ပြန်မှုများရှိနေရာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းသော အခြေအနေဖြစ်ကြောင်း အမေရိကန် ပင်လယ်ဆိပ်ကမ်း အာဏာပိုင်အဖွဲ့များ၏ သဟာယအသင်း အကြီးအကဲ ကွတ်နာဂဲလ်က ပြောကြား သည်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုစည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံခြင်းကြောင့် အမေရိကန် ပင်လယ် ဆိပ်ကမ်းများအနေဖြင့် ဝင်ငွေဒေါ်လာ ဘီလီယံ ၁၆ဝ ခန့်အထိ ထိခိုက်ရကြောင်း နာဂဲလ်က ပြောကြားသည်။
ယနေ့ကာလအထိ ဖြစ်ပွားခဲ့ဖူးသမျှ ကုန်သွယ်ရေးစစ်ပွဲ အမျိုးမျိုးကိုကြည့်လျှင် ကုန်သွယ်ရေး စည်းကြပ်ခွန်အသစ် များ ကောက်ယူနိုင်ရန် ရည်ရွယ်သော လုပ်ဆောင်လာမှုများ နှင့်အတူ ထုတ်ကုန်အချို့တင်ပို့မှု သိသိသာသာ ကျဆင်း သွားရခြင်းကြောင့် ပင်လယ်ဆိပ်ကမ်းလုပ်ငန်းအချို့၏ ဝင်ငွေကျဆင်းသွားရသည့် သာဓကများကို တွေ့မြင်ရ ကြောင်း ၄င်းက ပြောကြားသည်။
အင်အားကြီးမားလှသည့် အမေရိကန်စီးပွားရေးကို ကျားကန်ပေးထားသော ပင်လယ်ဆိပ်ကမ်းပေါင်းမှာ နိုင်ငံတစ်ဝန်းတွင် ၁ဝဝ ခန့်ရှိသည်။ ယင်းပင်လယ်ဆိပ်ကမ်း များသည် ပစိဖိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏ ပင်လယ်ကမ်းရိုးတန်းဒေသများရှိ ပင်လယ်ဆိပ်ကမ်းများ၊ မက္ကဆီကို ပင်လယ်ကွေ့နှင့် မဟာရေအိုင်ကြီးများဒေသတို့ရှိ ပင်လယ်ဆိပ်ကမ်းများနှင့် ပို့ကုန်၊ သွင်းကုန်အရ အပြန် အလှန် ချိတ်ဆက်ထားသည်။
၂ဝ၁၈ ခုနှစ်၏ ပထမ ခြောက်လတာကာလအတွင်း နယူးအော်လန်း ပင်လယ်ဆိပ်ကမ်းသည် လွန်ခဲ့သည့် အလားတူ ကာလနှင့်ယှဉ်ပါက သံမဏိ ထုတ်ကုန်တန်ချိန် ၃၅ဝဝဝဝ ဝင်ရောက်မှု ကျဆင်းသွားခဲ့သည်။ ရေနံလုပ်ငန်း အပေါ် အခြေပြုသော ဒေသတစ်ခုအတွင်း အဓိကလိုအပ် သော ကုန်ကြမ်းတစ်မျိုးဖြစ်သည့် သံမဏိတင်သွင်းနိုင်မှု သိသိသာသာ ကျဆင်းမှုကို ထင်ဟပ်သော ဖြစ်စဉ်ဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment