Tuesday, September 25, 2018

အိန္ဒိယဆင်းရဲသားပြည်သူ သန်း ၅ဝဝ အထိ အကျိုးခံစားခွင့်ရမည့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် စတင်ပြီ

Image may contain: 1 person, indoor
နယူးဒေလီ စက်တင်ဘာ ၂၄
ကမ္ဘာ့အကြီးကျယ်ဆုံးသော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တစ်ရပ်ကို စတင် အကောင်အထည်ဖော်ပြီဟု အိန္ဒိယ ဝန်ကြီး ချုပ် နရိန္ဒြာမိုဒီက ထုတ်ပြန်ကြေညာလိုက် ကြောင်း၊ အိန္ဒိယနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူ ပြည်သူသန်း ၅ဝဝ အထိ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုခံစားရရှိရန် အဆိုပါ အစီ အစဉ်က ရည်မှန်းကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၂၄ ရက် တွင် ရေးသားဖော်ပြသည်။
မိုဒီကျန်းမာရေး စောင့်ရှောက်မှုဟူ၍ အစိုးရအဖွဲ့က အမည်ပေးထားသော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ မိသားစုပေါင်း သန်း ၁ဝဝ (လူပေါင်း သန်း ၅ဝဝ)သည် ဆိုးရွားပြင်းထန်သော ရောဂါ ဝေဒနာများအတွက် အခမဲ့ဆေးဝါးကုသမှု ခံယူနိုင်ရန် တစ်နှစ်လျှင် လူတစ်ဦးကို ကျန်းမာရေးအာမခံ ရူပီး ၅ဝဝဝဝဝ (ဒေါ်လာ ၇ဝဝဝ) ခံစားခွင့်ရရှိမည်ဖြစ်သည်။
အကောင်အထည်ဖော်မည်
အိန္ဒိယနိုင်ငံရှိ ခရိုင်ပေါင်း ၆၄ဝ အနက် ခရိုင် ၄ဝဝ တွင် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
ပြည်သူ့ ကျန်းမာရေးစနစ် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အရ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အဆိုပါအစီအစဉ်အရ အကျိုးခံစားခွင့်ရှိသူ ဦးရေမှာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံသုံးနိုင်ငံရှိ စုစုပေါင်း လူဦးရေ ပမာဏ တမျှဖြစ်ကြောင်း နိုင်ငံအရှေ့ပိုင်း ဂျာခန်း ပြည်နယ် မြို့တော်ရန်ချီ၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ထုတ်ပြန်ကြေညာ သော အခမ်းအနားတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြားသည်။
ဝေဖန်ပြောကြား
သို့ရာတွင် ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှု အစီအစဉ်ကို အစိုးရအဖွဲ့က အကောင်အထည်ဖော်ခြင်းမှာ လာမည့်နှစ် အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲ၌ မိုဒီ၏ပါတီကို ပြည်သူ ထောက်ခံမှုရရှိစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း အတိုက်အခံများက ဝေဖန် ပြောကြားကြသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအစီ အစဉ်ကို အကောင်အထည်ဖော်ခြင်းဖြင့် အစိုးရဆေးရုံများအပေါ် ဝန်ထုပ်ဝန်ပိုးဖိစီး နေမှု လျော့ကျသွားနိုင်ပြီး ဆေးဝါးကုသမှု စရိတ်ကြီးလေးသော ပုဂ္ဂလိက ဆေးရုံများ တွင်ပါ ဆင်းရဲသားပြည်သူများ ဆေးဝါး ကုသ မှုခံယူလာနိုင်မည်ဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment