Thursday, September 27, 2018

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(အန်၊ ယူ၊ ဒီ)က ၄င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

Image may contain: 1 person
နေပြည်တော် စက်တင်ဘာ ၂၆
အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(အန်၊ ယူ၊ ဒီ) ဥက္ကဋ္ဌ ဦးစိန်ဝင်းက ¤င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ရိုသေလေးစားတန်ဖိုးထားအပ်ပါသော မိဘပြည်သူများခင်ဗျာ.... ရွှင်လန်းချမ်းမြေ့၍ စိန်လိုတန်ဖိုးရှိသော ဝင်းလက်လှပသာယာသောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။
ကျွန်တော်က မအူပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်း ဖြစ်ပါတယ်။
ယနေ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များကို တိတိကျကျ တင်ပြအစီရင်ခံပါ့မယ်။
အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ တိုင်းပြည်ရဲ့ လိုအပ်ချက် တစ်ခုအဖြစ်လည်းကောင်း၊ တောင်သူလယ်သမားများ၏ တောင်းဆိုချက်အရလည်း ကောင်း လူမှန်၊ နေရာမှန်၊ စနစ်မှန် ကျင့်သုံးစေရန် ပေါ်ပေါက်လာသော ပြည်သူ့ ပါတီအသစ် တောင်သူလယ်သမားကိုယ်စားပြုပါတီစစ်စစ် ဖြစ်ပါတယ်။
ယနေ့ တိုင်းပြည်ရဲ့ ရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာအားလုံးရဲ့ အရင်း အမြစ်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးစုပြဿနာများ၊ စီးပွားရေးကဏ္ဍကျဆင်းလာမှု၊ လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်တင်ပို့ရောင်းချမှု နိမ့်ကျလာခြင်းတို့သည် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရှုပ်ထွေးမှု၏ အဓိကဖြစ်နေပါတယ်။
''စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်'' မတည်ဆောက်နိုင်ခဲ့၍ ''ပြည်ထောင်စုပြဿနာ'' ပေါ်ပေါက်လာခဲ့ရပါတယ်။ တိုင်းရင်းသားလူမျိုးစုများဖြစ် ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသား လူမျိုးစုများ စုပေါင်းနေထိုင်ကြသောကြောင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်မနေ၊ မရှိမဖြစ် လိုအပ်နေပါတယ်။
သို့မှသာ တိုင်းရင်းသားလူမျိုးစုများ၏ စည်းလုံးညီညွတ်မျှတရေးနှင့် ထာဝရ ငြိမ်းချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် နိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုဒီမိုကရေစီစနစ် တည်ဆောက်ရန် ''ပင်လုံစိတ်ဓာတ်''ကို အခြေခံ၍ ''ပြည်ထောင်စုမူ''များကို အခြေခံရမည်ဟု အဖြေမှန်တွေ့ရှိရပါတယ်။
တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးအတွက် ဒီမိုကရေစီအခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့သည် ပြည်တွင်း စစ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
တိုင်းပြည်စီးပွားရေးသည် လွတ်လပ်ပြီး တရားမျှတသော ဈေးကွက်များ ပေါ်တွင် အခြေခံသည့် စီးပွားရေးစနစ် ခိုင်မာဖြစ်ထွန်းလာရေး လိုအပ်လျက်ရှိပါတယ်။
အဆိုပါစီးပွားရေးစနစ်တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ အခွင့်အလမ်း ညီတူညီမျှ မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရှိရပါမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ရရှိပါ့မယ်။
ရရှိလာသည့် အကျိုးစီးပွားများကို ချမှတ်ထားသော မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အကျိုးခံစားခွင့်ရှိရမည်ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် အများပြည်သူတို့ ဘေးဥပဒ်၊ အန္တရာယ်မဖြစ် စေသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရန် အထူးဂရုပြုလုပ်ဆောင်ပေးရပါ့မယ်။
တိုင်းပြည်ရဲ့ အခြေခံလူတန်းစားများဖြစ်သော တောင်သူလယ်သမားများ မိမိတို့လယ်ယာလုပ်ငန်းကို ငြိမ်းချမ်း၊ လုံခြုံ၊ စိတ်ချစွာ လုပ်ကိုင်နိုင်ပြီး အနာဂတ် စိတ်ချရမှုနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်သွားပါမယ်။
လယ်ယာသားငါးကဏ္ဍကို အခြေခံသောစီးပွားရေးကို ပထမဦးစားပေး ဆောင်ရွက်စေပြီး ၄င်း၏အရှိန်ဖြင့် အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဆောင်ရွက် ခြင်းမှ ခေတ်မီစက်မှုနိုင်ငံတော်ကို ဦးတည်သွားပါ့မယ်။
၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ၊ နည်းဥပဒေနှင့် မညီညွတ်သော၊ မတရား သိမ်းဆည်းထားသော လယ်ယာမြေနှင့် အခြားမြေများကို မှန်ကန်မျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးသွားပါမယ်။ မြေ၊ လူ၊ ရေ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်သွားပါ့မယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းမှု ပြည်သူများနစ်နာမှုမရှိစေရန် ဖော်ထုတ်စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်များကို အခြေခံ၍ လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားပါ့မယ်။
တိုင်းပြည်ရဲ့ အခြေခံလူတန်းစားတစ်ရပ်ဖြစ်သော အလုပ်သမားများ၏ ဘဝလုံခြုံမှုရရှိရေးနှင့် စား၊ ဝတ်၊ နေ၊ ရေး သက်သာချောင်ချိရေးတို့ကို အထူး အလေးထား ဆောင်ရွက်ပါ့မယ်။ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှု ပွင့်လင်း မှန်ကန်ဆောင်ရွက်နိုင်ရေးကို ထိန်းကျောင်းတည့်မတ်ဆောင်ရွက်သွားမည့်အပြင် မတရားမှု၊ မမှန်ကန်မှု၊ မမျှတမှုများ လျော့နည်းပပျောက်လာစေရန် ဦးတည် ဆောင်ရွက်သွားပါ့မယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့် အရေး စသည်တို့ကို ရေတို၊ ရေရှည် စီမံကိန်းများရေးဆွဲ၍ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာမြင့်တက်လာအောင် ဆောင်ရွက်သွားပါ့မယ်။
အထက်ဖော်ပြပါ သဘောတရားများ အောင်မြင်ဖြစ်ထွန်းလာရေးအတွက် အဓိကအရေးအကြီးဆုံးမှာ ပြည်သူ့စီးပွားရေး၊ ပြည်သူ့စီမံခန့်ခွဲရေး၊ ပြည်သူ့အုပ်ချုပ်ရေး စနစ်ကို လူမှန်၊ နေရာမှန်၊ စနစ်မှန်၊ လူတော်၊ လူကောင်း၊ လူမွန်များဖြင့် ပြည်သူ့အစိုးရဖြစ် အောင် တည်ဆောက်သွားပါ့မယ်။
ဘာသာရပ်နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များကိုလည်း နည်းပညာကဏ္ဍအလိုက် ဦးစားပေးအသုံးချ၍ တာဝန်ခံစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အထူးတန်ဖိုးထားအလေးပေး ဖွဲ့စည်းဆောင်ရွက်သွားပါ့မယ်။
- တောင်သူလယ်သမား၊ လယ်ယာလုပ်ငန်းကဏ္ဍနှင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်ပျက်စီးစေမည့် လုပ်ငန်းကိစ္စရပ်များ၊ ရာသီဥတု ဖောက်ပြန်နိုင်သော လုပ်ငန်းကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးစေနိုင်သော ကိစ္စရပ်များကို လေ့လာစိစစ်ပြီး စနစ်တကျ ကြိုတင်စီမံ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွား ပါမည်။ ဆန်စပါးအပါအဝင် လယ်ယာထွက်သီးနှံဈေးနှုန်းကို ဈေးကွက်စီးပွား ရေးနှင့်အညီ လွတ်လပ်စွာ စိုက်ပျိုးကြိတ်ခွဲရောင်းဝယ်နိုင်ရန် အရည်အသွေး မြင့် ထုတ်ကုန်များဖြစ်အောင် ဦးစားပေးဆောင်ရွက်သွားပါမည်။
- လက်ရှိ မိရိုးဖလာစိုက်ပျိုးရေးမှ အသေးစား၊ အလတ်စား စက်မှုလယ်ယာစနစ်သို့ လည်းကောင်း၊ အသေးစား စက်မှုလယ်ယာစနစ်မှ ခေတ်မီတိုးတက်သော စက်မှုလယ်ယာစနစ်သို့လည်းကောင်း ဆင့်ကဲ ပြောင်းလဲဆောင်ရွက်သွားပါမည်။ မြန်မာ့စိုက်ပျိုးမြေဧရိယာတွင် စိုက်ပျိုးရေရရှိရေး၊ ရေလွှမ်းမိုးဖျက်ဆီးမှု ကာကွယ်ရေး၊ ရေကိုအကျိုးရှိရှိ စနစ်တကျ အသုံးချနိုင်အောင် စီမံခန့်ခွဲရေးနှင့် ပြုပြင်ပြောင်းလဲထိန်းသိမ်းရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်သွား ပါမည်။
- တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ ရပိုင်ခွင့်များကို တောင်သူ လယ်သမားအကျိုးအတွက် လွတ်လပ်စွာဆောင်ရွက်နိုင်ရန်အတွက် ညီညွတ် သော တောင်သူလယ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ပေးသွား ပါမည်။
- မွေးမြူရေးသားငါးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်စုံဆောင်ရွက် သွားပါမည်။
- လယ်ယာထွက်ကုန်များ၏ အရည်အသွေးမြင့် ဈေးနှုန်း၊ ဈေးကွက် တည်ငြိမ် ကောင်းမွန်ရေးနှင့် လယ်ယာသားငါးကဏ္ဍ တိုးတက်စေရန် လိုအပ်သလို ရင်းနှီးမြှုပ်နှံ ဦးစားပေးထောက်ပံ့ကူညီ ဆောင်ရွက်သွားပါမည်။
ပါတီ၏ သဘောထား (နှင့် ပတ်သက်၍ တင်ပြရရင်)
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး စဉ်ဆက်မပြတ် အထူး အလေးထား ဆောင်ရွက်သွားပါမည်။
- ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကြိုးပမ်းဆောင်ရွက်သွားပါမည်။
- ပြည်သူကို တန်ဖိုးထား၍ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။
- လွှတ်တော်နှင့်အစိုးရ အပြန်အလှန်ထိန်းကျောင်း၊ ပွင့်လင်းမြင်သာ ဟန်ချက် ညီအောင် ဆောင်ရွက်သွားပါမည်။
- အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအား လူမှန်၊ နေရာမှန်၊ စနစ်မှန် ကျင့်သုံး ဆောင်ရွက်သွားပါမည်။
- တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှုမှန်ကန်ရေးနှင့် အကျိုးပြုဥပဒေများ ထွန်းကားရေး အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။
- သတင်းမီဒီယာကဏ္ဍ၊ ပွင့်လင်းမြင်သာ အဆင့်အတန်းမြှင့်တင်ရေး အကောင် အထည်ဖော် ဆောင်ရွက်သွားပါမည်။
- တပ်မတော် ခေတ်မီတိုးတက်ရေးနှင့် နိုင်ငံတော်ကာကွယ်၊ လုံခြုံရေးလုပ်ငန်း များကို စနစ်တကျ တည်ဆောက်သွားပါမည်။
- လယ်ယာသားငါး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ် ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်၊ စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အခြားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ''ဘက်စုံနည်းစနစ်'' ဖြင့် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားပါမည်။
- ကျေးလက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း စည်ပင်သာယာလှပရေး ဝန်ထမ်းကောင်းများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဆုပေး၊ ဒဏ်ပေး၊ တာဝန်မှ နုတ်ထွက်ပေးခြင်းစနစ်ဖြင့် စနစ်တကျ ပြုပြင်တည်ဆောက်သွားပါမည်။
- တောင်သူလယ်သမား၊ အလုပ်သမားဘဝမြှင့်တင်ရေး၊ တတ်သိပညာရှင်များ အကျိုးရှိရှိ အသုံးချရေးနှင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားဘဝ ချုပ်ငြိမ်းရေး ဦးစားပေးဆောင်ရွက်ပါမည်။
- အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်စနစ်နှင့် မဟာမိတ်မူဝါဒ လမ်းစဉ်ဖြင့် ပြည်သူ့အကျိုးကို ဦးစားပေး ဆောင်ရွက်သွားပါမည်။
ပါတီ၏ လုပ်ငန်းစဉ်များ (နှင့် ပတ်သက်၍ တင်ပြရရင်)
- တိုင်းရင်းသားလူမျိုးစုများအားလုံး၏ အကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်။
- တိုင်းရင်းသားလူမျိုးစုများ အားလုံးတို့သည် နိုင်ငံရေးအသီးသီးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်။
- ပြည်ထောင်စုအဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများအတွက် လုံလောက်သော အကာအကွယ်များ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမည်။
- ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သော နိုင်ငံသားတိုင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ လိင်ခွဲခြားမှုမရှိစေဘဲ ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အဝ ခံစားပိုင်ခွင့်ကို ဆောင်ရွက်သွားမည်။
- တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူအခွင့်အရေးရှိစေရန် တရားဥပဒေစိုးမိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့ကို ဆောင်ရွက်သွားမည်။
- ပြည်တွင်းငြိမ်းချမ်းရေး ထာဝရတည်ရှိစေရန် လူမျိုးစုပြဿနာကို အခြေခံပြီး ဖြစ်ပွားခဲ့သော စစ်ကို လူမျိုးစုပြဿနာနှင့် ဖြေရှင်းရန်၊ ဝါဒရေးကိုအခြေခံပြီး ဖြစ်ပွားသောစစ်ကို ဝါဒရေးနှင့် ဖြေရှင်းရန်၊ နိုင်ငံရေးကို အခြေခံပြီး ဖြစ်ပွား သောစစ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်။
- တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည် ၍ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှိရင်းစွဲ ဒီမိုကရေစီအခြေခံမူများနှင့် ပြည်ထောင်စုစစ်စစ်မူများ ပါဝင် လာအောင် ဥပဒေအပိုဒ်များကို ပြင်ဆင်ဆောင်ရွက်သွားမည်။
- ၂ဝ၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေသည် လယ်ယာမြေကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ခွင့်ရရှိစေရမည်။ လယ်ယာမြေအငြင်းပွားမှု မှန်ကန်စွာ ဖြေရှင်းရေးနှင့် မတရား သိမ်းဆည်းမှုမရှိစေရန် ပြင်ဆင်ရေးဆွဲ မည်။ ယခင် မြေသိမ်းဥပဒေနှင့်မညီသော လယ်ယာမြေများကို မူလ ပိုင်ရှင်ထံပြန်ပေးရန် ဆောင်ရွက်သွားရန်နှင့် လွတ်လပ်သော လယ်သမား အဖွဲ့အစည်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်သွားမည်။
- အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာများရရှိရေး အပါအဝင် လွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားမည်။
- ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်သွားမည်။
- ပြည်ထောင်စုနိုင်ငံတော်အတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကြောင့် ရရှိလာသော အကျိုးစီးပွားများကို ချမှတ်ထားသော မူဝါဒများနှင့်အညီ တိုင်းရင်းသားများအားလုံး တန်းတူမျှဝေခံစားနိုင်အောင် ဆောင်ရွက် သွားမည်။
- ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အခွင့်အလမ်းများ တိုးတက် မြင့်မားလာအောင် ဆောင်ရွက်သွားမည်။
- တိုင်းရင်းသားတိုင်း အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ရရှိလာအောင် ဖန်တီးဆောင်ရွက်သွားမည်။
- နိုင်ငံအတွင်းရေလုပ်ငန်း၊ လယ်ယာမြေစိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း၊ သဘာဝ အရင်းအမြစ်နှင့် ကူးသန်းရောင်းဝယ်ရေး အစရှိသော ကဏ္ဍအသီးသီး တို့တွင် ပြည်သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်သော လုပ်ငန်းစဉ်ကြီးတစ်ရပ်ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
- ပြည်ထောင်စုနယ်မြေအတွင်း မြေပေါ်မြေအောက် သဘာဝအရင်းအမြစ် များအား ဖော်ထုတ်သုံးစွဲရာတွင် ချမှတ်ထားသော မူဝါဒနှင့်အညီ တန်းတူ ညီမျှ မျှဝေခံစားနိုင်အောင် ဆောင်ရွက်သွားမည်။
- ပြည်ပရောက် တိုင်းရင်းသားများအားလုံး မိမိနိုင်ငံသို့ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်ရောက်ရှိရေးကို ဆောင်ရွက်သွားမည်။
- ဗဟိုချုပ်ကိုင်မှုလွန်ကဲသော ''တစ်ပြည်ထောင်စနစ်'' နှင့် ''ပြည်ထောင်စုစနစ်'' တစ်ပါတီအာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မျှ နိုင်ငံတော် တွင် ပြန်လည်အသက်ဝင် မပေါ်ထွန်းလာအောင် ဆောင်ရွက်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်သွားမည်။
ပါတီအလံ၏ နောက်ခံအရောင်မှာ တောင်သူလယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင်ဝန်ထမ်းများအကျိုးဆောင်ရွက်သော ကိုယ်စားပြု ကာကီရောင် (မြေရောင်) ဖြစ်ပြီး အလယ်ဗဟိုတည့်တည့် အဖြူရောင်လပြည့်ဝန်းတွင် ခမောက် ဆောင်းထားသော တောင်သူလယ်သမား၊ လျှာထိုးဦးထုပ်ဆောင်းထားသော အလုပ် သမားနှင့် မောင့်ကျက်သရေခေါင်းပေါင်းဆောင်းထားသော တတ်သိပညာရှင် စုစုပေါင်း လူသုံးဦး ပြည်သူ့ကိုယ်စားညီညွတ်စွာ တန်းစီထားခြင်းသည် ညီညွတ်သော သင်္ကေတကို ဖော်ညွှန်းထားခြင်း ဖြစ်ပါတယ်။
အလံ၏ ညာဘက်ထောင့်အကွက်တွင် အောက်ခံ ကောင်းကင်အပြာရောင်၊ ကြယ် ၁၄ လုံး ဝန်းရံထားသော ကြယ်ဖြူတစ်လုံး ထားရှိခြင်းသည် ဖက်ဒရယ် ပြည်ထောင်စုကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
ဤပါတီ၏ အလံသည် ပြည်သူအများစု ကိုယ်စားပြုသော တောင်သူလယ်သမား နှင့် ဝန်ဆောင်မှုအကျိုး ဆောင်ရွက်ပေးနေသော အလုပ်သမား၊ တတ်သိပညာရှင် ဝန်ထမ်း၊ ပြည်သူများ ညီညွတ်သောအင်အားဖြင့် သာယာလှပတိုးတက်ချမ်းမြေ့ ညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီစနစ် တည်ဆောက်သွားမည်ဟု ဖော်ညွှန်းခြင်းဖြစ်ပါတယ်။
အန်၊ ယူ၊ ဒီ ၏ ပါတီအလံတွင် မြေရယ်၊ ကြယ်ရယ်၊ ကောင်းကင်ရယ်၊ လူရယ်၊ လရယ် လေးနက်တည်ကြည်သော အကြောင်းအရာ အဓိပ္ပာယ် ငါးမျိုး စုစည်းဖော်ပြ ထားခြင်းဖြစ်ပါတယ်။
ပါတီဝတ်စုံအနေဖြင့် ကာကီ(မြေရောင်) တိုက်ပုံ၊ ကော်လံလည်ကတုံးဖြစ်ပြီး နိုင်ငံခြားဝတ်စုံအနေဖြင့် ကာကီ(မြေရောင်) ဘောင်းဘီရှည်နှင့် ကာကီ(မြေရောင်)ဆာဖာရီကုတ်အဖြစ် သတ်မှတ်ပါတယ်။
နိဂုံးချုပ် အနေဖြင့်-
- ပြည်သူ့အတွက် ပါတီအသစ်ဟာ အန်၊ ယူ၊ ဒီ ပါ။
ပေးတဲ့ကတိ၊ ပြောတဲ့အတိုင်း ဆောင်ရွက်နိုင်ဖို့ အန်၊ ယူ၊ ဒီ ကို မဲပေးစို့။
- ပြည်သူ့အတွက် ပါတီစစ်ဟာ အန်၊ ယူ၊ ဒီ ပါ။
လူမှန်၊ နေရာမှန်၊ စနစ်မှန် ကျင့်သုံးဖို့ အန်၊ ယူ၊ ဒီ ကို မဲပေးစို့။
- ပြည်သူ့အတွက် ကြိုးစားပေးမှာ အန်၊ ယူ၊ ဒီ ပါ။
တောင်သူလယ်သမားဘဝမြှင့်တင်ဖို့ အန်၊ ယူ၊ ဒီ ကို မဲပေးကြပါလို့ ပြောကြားရင်း
- ပြည်သူအားလုံးကို လေးစားတန်ဖိုးထားပါကြောင်း နှုတ်ခွန်းဆက်သ
အပ်ပါတယ်။

No comments:

Post a Comment