Thursday, September 27, 2018

အိုင်စီစီသည် တရားဥပဒေနှင့်အညီ တရားဝင် စီရင်ပိုင်ခွင့်မရှိသော အဖွဲ့အစည်းဖြစ်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဝေဖန်

Image may contain: 1 person

နယူးယောက် စက်တင်ဘာ ၂၆
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)သည် တရားဥပဒေ နှင့်အညီ တရားဝင် စီရင်ပိုင်ခွင့် မရှိသော အဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး တရားစီရင်မှု၏ အခြေခံမူများအားလုံးကို ချိုးဖောက်လျက်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၂၅ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ဝေဖန် ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု၏ စိုးရိမ်ပူပန်မှုအပေါ် အခြေခံ၍ အလေးအနက်ပြု ပြောဆိုရမည်ဆိုရလျှင် အိုင်စီစီသည် တရားဥပဒေနှင့်အညီ တရားဝင်စီရင်ပိုင်ခွင့် မရှိ၊ ဥပဒေအရ အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိ၊ အခွင့်အာဏာ မရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က ကမ္ဘာ့တရားရုံးဖြစ်သော အိုင်စီစီနှင့်ပတ်သက်၍ ဝေဖန် ပြောကြားသည်။
အိုင်စီစီသည် ကမ္ဘာ့နိုင်ငံတိုင်းရှိ နိုင်ငံသားတိုင်း အပေါ် တရားဥပဒေအရ စီရင်ဆုံးဖြတ်ခွင့်ရှိသည်ဟု ဆိုခြင်းမှာ တရားစီရင်မှု၊ သမာသမတ်ရှိမှုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာမခံထားသော အခွင့်အရေးများ အပေါ် အခြေခံသည့် တရားစီရင်မှုတို့၏ အခြေခံမူများ အားလုံးကို ချိုးဖောက်ရာရောက်ကြောင်း၊ မိမိတို့သည် ရွေးကောက်တင်မြှောက်ထားခြင်းမရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော ကမ္ဘာ့ဗျူရိုကရေစီယန္တရားဖြစ်သည့် အိုင်စီစီအား အမေရိကန်ပြည်ထောင်စု၏ အချုပ်အခြာ အာဏာပိုင်စိုးမှုအတွက် မည်သည့်အခါတွင်မျှ အညံ့ခံ မည်မဟုတ်ကြောင်း သမ္မတထရန့်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအား ထောက်ခံအားပေးမည်မဟုတ်သည့် အပြင် အသိအမှတ်ပြုမည်လည်း မဟုတ်ကြောင်း သမ္မတ ထရန့်က ဆက်လက်ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်က စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် အစ္စရေးက ဂါဇာတွင် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ အိုင်စီစီက စုံစမ်းစစ်ဆေးနေမှုများ ပြုလုပ်ခြင်းကို ရပ်ဆိုင်း ပေးရန် သမ္မတထရန့်၏အစိုးရအဖွဲ့က တောင်းဆိုလျက် ရှိသည်။
အိုင်စီစီ ၏ ၂ဝ၁၆ ခုနှစ် အစီရင်ခံစာ တစ်ရပ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်က ဆိုးရွားသော ရာဇဝတ်ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲဖော်ပြခဲ့ သည်။ အမေရိကန်က ကျူးလွန်ခဲ့သည်ဟု ဆိုသော ပြစ်မှု များတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း၊ လူသားဂုဏ်သိက္ခာထိခိုက်အောင် ပြုမူခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ ပါဝင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment