
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ် အဖြစ် စက်တင်ဘာ ၄ ရက်မှ ၅ ရက်အထိ မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမဟာသီယာဘင် မိုဟာမက်အား စက်တင်ဘာ ၅ ရက်တွင် ပူထရာဂျာရားရှိ ဝန်ကြီးချုပ်၏ဧည့်ခန်းမဆောင်တွင် သွားရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုများကို အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံခြားရေး ဝန်ကြီး ဒါတိုဆိုင်ဖဒ့် ဒင် အဗဒူလာနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချုပ်ဆိုထားသော သဘောတူစာချုပ်များနှင့် မြန်မာအစိုးရ နှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လက်မှတ်ရေးထိုးထား သည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ အနေဖြင့်လည်း မလေးရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှုများနှင့် အခွင့်အလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး မလေးရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့ရာ ၎င်းတို့က မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက် နေသည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက် လိုကြောင်း ဖော်ပြခဲ့ကြသည်ဟု သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment