Friday, September 7, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ ကျင်းပ

-------------------------------------------------------------------------------------------------
အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်း၊ ဥပဒေကြမ်းနှစ်ခုနှင့် စပ်လျဉ်းသည့် မူသဘောအကြောင်းအရာများနှင့် မူနှင့်အခြေခံသဘော ဆွေးနွေးခြင်းများအပေါ်ပြည်ထောင်စုအဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း၊ ချေးငွေနှစ်ခု ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်
No automatic alt text available.
နေပြည်တော် စက်တင်ဘာ ၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်း၊ ဥပဒေကြမ်းနှစ်ခုနှင့်စပ်လျဉ်း သည့် မူသဘောအကြောင်းအရာများနှင့် မူနှင့်အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စုအဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း၊ ချေးငွေနှစ်ခုရယူရန်ကိစ္စ နှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်သို့မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်း
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နျူကလီးယား လက်နက်တားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး ရေးကိစ္စနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အထက်ပါစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီနှစ်ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာပါ မူသဘောအကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၏မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး ဆွေးနွေးသည့်အချက်များအနက်မှ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အချက်များကို အတတ်နိုင်ဆုံး အကျဉ်းချုံးပြီး ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပထမအချက်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် ဝင်ငွေအနေဖြင့် ၂ဝ ဒသမ ၃၇၄ ဘီလီယံ၊ အသုံးစရိတ်အနေဖြင့် ၂၁ ဒသမ ၅၃၇ ဘီလီယံဖြစ်ပါကြောင်း၊ အရှုံး အနေဖြင့် ၁ ဒသမ ၁၅၈ ဘီလီယံဖြစ်ပေါ်နေမှုအပေါ် နိုင်ငံတော်၏အရင်းအမြစ် များကိုသုံးထားကြောင်း၊ ဝန်ထမ်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့်ခန့်ထား ကြောင်း၊ ဈေးကွက်ဝေစုအကြီးမားဆုံးလည်း ရရှိထားကြောင်း၊ ကြော်ငြာများ လည်း အများကြီးရရှိထားပါလျက်ဖြင့် အရှုံးဖြစ်ပေါ်ရမှုအပေါ် မေးမြန်း ထားခြင်းဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနတွင် ဌာနကြီး(၄)ခုရှိသည့်အနက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတစ်ခုသာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းထဲတွင် ပါဝင်ပါ ကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် လျာထားချက်တွင် ဝင်ငွေကျပ် ၂ဝ ဒသမ ၃၇၄ ဘီလီယံခန့်ဖြစ်ပြီး အသုံးစရိတ်မှာ ၂၁ ဒသမ ၅၃၇ ဘီလီယံ မဟုတ်ဘဲ ၂၁ ဒသမ ၅၃၁ ဘီလီယံခန့်ဖြစ်ပါကြောင်း။
ဘတ်ဂျက်သုံးစွဲမှုကို အကျဉ်းမျှ ရှင်းလင်းတင်ပြလိုပါကြောင်း၊ သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ၂ဝ၁၃-၂ဝ၁၄၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်များတွင် နိုင်ငံတော်၏ ဘတ်ဂျက်ထဲက ငွေလုံးငွေရင်းအသုံးစရိတ်၊ စီမံ ခန့်ခွဲမှုစရိတ်၊ လစာပင်စင်နှင့် ရောင်းချဖြန့်ဖြူးစရိတ်များသာ ကျခံသုံးစွဲခဲ့ ခြင်းဖြစ်ပြီး သာမန်အသုံးစရိတ်များထဲက ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စက္ကူ၊ မင်၊ ပုံနှိပ်ရေးပစ္စည်းနှင့် စက်အရန်ပစ္စည်း၊ စက်သုံးဆီဝယ်ယူမှု၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေတို့အား မိမိဘဏ္ဍာရန်ပုံငွေ Other Account(OA)မှသုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစပြီး ဝန်ထမ်းများ၏ လစာငွေ၊ ပင်စင် လစာငွေများအပါအဝင် သာမန်အသုံးစရိတ်များနှင့် ငွေလုံးငွေရင်း အသုံး စရိတ်များအားလုံးကို ဌာန၏ OA စာရင်းကပင် ကျခံသုံးစွဲလျက်ရှိ
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်များအားလုံးကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ OAစာရင်းမှသုံးစွဲပြီး ငွေလုံးငွေရင်းအသုံး စရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစပြီး နိုင်ငံတော်၏ဘတ်ဂျက်ကို တောင်းခံသုံးစွဲမှုမရှိဘဲ ဝန်ထမ်း များ၏ လစာငွေ၊ အငြိမ်းစားဝန်ထမ်း (၈၄၇) ဦး၏ ပင်စင်လစာငွေများအပါအဝင် သာမန်အသုံးစရိတ်များအားလုံးနှင့် ငွေလုံးငွေရင်းအသုံးစရိတ်များအားလုံး ကို ဌာန၏ OA စာရင်းကပင် ကျခံသုံးစွဲလျက်ရှိပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်သတင်းစာများကို ရောင်းချ ရာတွင် ငွေကြေးအမြတ်အစွန်းရရှိရေးထက် ပြည်သူလူထုထံ သတင်းစာများ ဈေးနှုန်းချိုသာစွာဖြင့် ရောက်ရှိရေး၊ အများပြည်သူတို့ သတင်းအချက်အလက် များပြည့်ဝစွာရရှိရေးတို့ကို အလေးထားပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာမျက်နှာ (၃၂) မျက်နှာပါ သတင်းစာတစ်စောင်၏ ထုတ်လုပ်မှု တန်ဖိုးမှာ(၁၁၅) ကျပ်ခန့်ဖြစ်သော်လည်း ၅ဝ ကျပ်ဖြင့်သာ ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးနေခြင်း ဖြစ်ပါကြောင်း။
ယင်းသို့ရောင်းချနေသော်လည်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေ ဖြင့် ယနေ့အထိ အရှုံးဖြစ်ပေါ်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းကို ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၈ ခုနှစ်၊ ပထမ ၆ လ စာရင်းများအရတွေ့ရှိရပါကြောင်း၊ သို့သော်လည်းယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းတွက်ချက် တင်ပြရာတွင် စာရင်း အရ ဝင်ငွေထက်ပိုသည့် အသုံးစရိတ်ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများမှာ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရာ တွင် သုံးစွဲရသည့်နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်း၊ သတင်းစာရိုက်နှိပ် သည့် စက္ကူ၊ မင်အပါအဝင် ကုန်ကြမ်းဈေးနှုန်းများ တိုးမြှင့်လာခြင်း၊ ပြောင်းလဲ တိုးတက်လာသည့် နည်းပညာအရ Online Media အသုံးပြုမှုများလာပြီး ပုံနှိပ်မီဒီယာများတွင် ကြော်ငြာထည့်သွင်းမှုများ လျော့နည်းလာသည့်အတွက် ယခင်နှစ်များကထက် ကြော်ငြာဝင်ငွေလျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါ ကြောင်း၊ ထို့အတွက် ငွေကျပ်သန်း ၁၁၅၇ ဒသမ ၅၇၇ သန်းခန့် အရှုံးဖြစ် ပေါ်နိုင်ကြောင်း တွက်ချက်တင်ပြခဲ့ရခြင်းဖြစ်ပါကြောင်း။
တစ်ဖက်ကစာရင်းသဘောအရ ယခုကဲ့သို့ အရှုံးဖြစ်ပေါ်နိုင်မှုအခြေ အနေကို တင်ပြခဲ့သော်လည်း တစ်ဖက်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် တတ်နိုင်သမျှ အရှုံးနည်းနိုင်သမျှ နည်းရလေအောင် နည်းလမ်းများ ရှာဖွေပြီး ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းများမှာ ကျေးလက်ဒေသများသို့ သတင်းစာရောက်ရှိရေးအပါအဝင် စောင်ရေတိုးမြှင့် ရေးဆောင်ရွက်ခြင်း၊ အသုံးစရိတ်များ လျော့နိုင်သမျှ လျော့နည်းစေရန် စိစစ် ဆောင်ရွက်ခြင်း၊ ကြော်ငြာဝင်ငွေအတိုင်းအတာတစ်ခုအထိ တိုးတက်ရရှိစေရန် ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း။
ကြော်ငြာဝင်ငွေကိုတိုးတက်ရရှိရေး ဆောင်ရွက်နေသော်လည်း တစ်ဖက် မှာရှိနေသည့် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်၊ စာစောင်များ၏ ကြော်ငြာဈေးကွက် ကို ထည့်သွင်းစဉ်းစားဆောင်ရွက်နေရခြင်းမျိုးလည်းရှိပါကြောင်း၊ အထင်ရှားဆုံး သာဓကကိုပြရလျှင် ယခင်ကဆောင်ရွက်နေသည့် မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတို့တွင် ကြားညှပ်ပြီး ထည့်သွင်းဖြန့်ချိနေသည့် ကြော်ငြာအချပ်ပို (၈)မျက်နှာကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁ရက်မှစပြီး ရပ်ဆိုင်းပေးခဲ့ခြင်းမျိုး ဖြစ်ပါကြောင်း။
တစ်ဖက်တွင်လည်း ၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေအရ လျှော့ပေါ့ပေးခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနှင့် အကောက်ခွန် ၃ ရာခိုင်နှုန်း သက်သာခွင့်များရရှိမည်ဖြစ်သည့်အတွက် မူလခန့်မှန်းထားသည်ထက် အရှုံးပမာဏများစွာ ကျဆင်းသွားရန်ရှိမည်ဖြစ်ပါ ကြောင်း။
ခြုံပြီးတင်ပြရလျှင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ယခင်ကအရှုံးမရှိခဲ့ဘဲ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကုန်ကျစရိတ်များတိုးသည့်တိုင် အရှုံး ပမာဏများပြားမှုမရှိစေရေးနှင့် အများပြည်သူတို့ သက်သာချောင်ချိစွာ သတင်းအချက်အလက်များရရှိနိုင်ရေးအတွက် လတ်တလောတွင် သတင်းစာ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းအစား တင်ပြခဲ့သည့် နည်းလမ်းများနှင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိုင်ငံပိုင်မီဒီယာများသည် ရခိုင်ဒေသ၏ ဖြစ်စဉ်အမှန်များကိုနိုင်ငံတကာမှသိရှိစေရန်အတွက် ရှိသမျှစွမ်းအားများကိုအသုံးပြုပြီး ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိ
ဒုတိယအချက်အနေဖြင့် ယနေ့ကမ္ဘာပေါ်တွင် တစ်ဖက်သတ်အတိုက်ခိုက်ခံ နေရသည့် ရခိုင်အရေးတွင် နိုင်ငံပိုင်မီဒီယာများ၏ စွမ်းဆောင်ရည်သည် များစွာ လိုအပ်ချက်ရှိနေကြောင်း၊ ကမ္ဘာ့မီဒီယာများ၏ဖော်ပြချက်ကို ပြန်လည်ဖျက်ပေး နိုင်ခြင်းမရှိခြင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပါကြောင်း ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း။
ပထမဆုံးတင်ပြလိုသည်မှာ ယခုဖြစ်နေသည်မှာ နိုင်ငံရေးစစ်ပွဲဖြစ် သည်ဆိုသည့်အချက်ဖြစ်ပါကြောင်း၊ နိုင်ငံရေးစစ်ပွဲက မီဒီယာမျက်နှာစာတွင် ထင်ဟပ်လာခြင်းဖြစ်ပါကြောင်း၊ ယင်းကို မီဒီယာစစ်ပွဲဟု မှတ်ယူပါက အရင်းခံ ပြဿနာနှင့် လွဲချော်သွားနိုင်ပါကြောင်း၊ နောက်တစ်ခုတင်ပြလိုသည်မှာ ကမ္ဘာ့ မီဒီယာသည် ကြီးကျယ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာ(သို့မဟုတ်) မြန်မာ့မီဒီယာ သည် အင်အားသေးငယ်ပါကြောင်း။
အင်အားသေးငယ်ရခြင်း အကြောင်းအရင်းမှာ နိုင်ငံပိုင်မီဒီယာသည် မူလဘူတ တည်ဆောက်လာစဉ်ကပင် အစိုးရနှင့်ပြည်သူအကြား ဆက်သွယ် ပေါင်းကူးပေးရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ကမ္ဘာကို ထိုးဖောက်ရန်ဆိုလျှင် မီဒီယာဆိုင်ရာ အခြေခံအဆောက်အအုံများ၊ လူသား ရင်းမြစ်များဖြည့်တင်းရန်လိုပါကြောင်း၊ ယင်းအတွက် ငွေကြေးနှင့် အချိန် ကာလပါ ရင်းနှီးမြှုပ်နှံရန်လိုပါကြောင်း။
သို့သော် ယခုအခြေအနေတွင် နိုင်ငံပိုင်မီဒီယာများသည် ရခိုင်ဒေသ၏ ဖြစ်စဉ်အမှန်များကို နိုင်ငံတကာမှ သိရှိစေရန်အတွက် ရှိသမျှစွမ်းအားများ ကိုအသုံးပြုပြီး ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသ ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် ''သတင်းထုတ်ပြန်ရေးကော်မတီ'' ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၈၈/၂ဝ၁၇)ဖြင့် ''ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းမှန်ထုတ်ပြန်ရေးကော်မတီ''ကို ထပ်မံဖွဲ့စည်းခဲ့ပြီး ယင်း အဖွဲ့ ဖွဲ့စည်းသည့်နေ့မှာပင် သတင်းရယူရေးနှင့် ထုတ်ပြန်ရေးဆိုင်ရာ လုပ်ငန်း ရပ်များအား အထောက်အကူပြုနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ဦးစီးပြီး နိုင်ငံပိုင်မီဒီယာအဖွဲ့အား ပြည်နယ်အစိုးရသို့ တွဲဖက်ပေးခဲ့ပါကြောင်း။
အဆိုပါ ကော်မတီများ၏ သတင်းထုတ်ပြန်မှုများအပြင် ''ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ'' နှင့် ''ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ'' တို့၏ လုပ်ငန်းဆောင်ရွက်နေမှုအရပ်ရပ်ကိုလည်း နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ဖော်ပြလျက်ရှိပါကြောင်း။
ယခုကဲ့သို့ နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ပေးခြင်းများအပြင် ယင်းထုတ် ပြန်မှုများကို အစိုးရအဖွဲ့အစည်း(၂၂)ခု ၊ ပြည်တွင်းအခြေပြု မြန်မာနိုင်ငံဆိုင်ရာ သံရုံး(၄၁)ရုံး၊ ပြည်တွင်း၊ ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ ဂျာနယ်(၁၃၇)စောင် စုစုပေါင်းလိပ်စာ (၂ဝဝ)ထံသို့ အခမဲ့ အသုံးပြုနိုင်ကြောင်း ဖော်ပြပြီး အီးမေးလ်မှတစ်ဆင့် ပေးပို့လျက်ရှိပါကြောင်း။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတော်အစိုးရမှ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေ မှုများကို မီဒီယာများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပကကျယ်ပြန့်စွာသိရှိနိုင်ရေး အတွက် ပုဂ္ဂလိကပြည်တွင်း၊ ပြည်ပမီဒီယာအဖွဲ့များကို ၂ဝ၁၆ ခုနှစ်မှစ၍ ယနေ့အထိ(၂၅)ကြိမ် စေလွှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
ထို့အပြင် မောင်တောဖြစ်စဉ်များနှင့်ပတ်သက်၍ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ယခုအချိန်ထိဆောင်ရွက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲစုစုပေါင်း (၁၇)ကြိမ်ခန့် ရှိပြီးဖြစ်ပါကြောင်း၊ ခြုံပြီးပြောရလျှင် နိုင်ငံပိုင်မီဒီယာ၏ စွမ်း ဆောင်ရည်မှာ လိုအပ်ချက်များ ရှိနေသေးသည်ဆိုသည်မှာ မှန်သော်လည်း ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်အပါအဝင် သတင်းများကို အတတ် နိုင်ဆုံး အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် နိုင်ငံတကာမီဒီယာများပါ ပျံ့နှံ့နိုင်ရေးကို ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွဋ်၏ ဆွေးနွေးချက်ထဲတွင်ပါဝင်သည့် ဒီမိုကရေစီနိုင်ငံများ မှာ အစိုးရပိုင်သတင်းစာများ၊ မီဒီယာများဆိုသည်မှာ မရှိပါကြောင်း၊ အစိုးရပိုင် မီဒီယာတွေအားလုံးကို (Privatization) ပုဂ္ဂလိကပိုင်အဖြစ် လုပ်သင့်ပါသည် ဆိုသည့်အချက်ကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း။
သတင်းစာများ၊ မီဒီယာများဆိုသည်မှာ လူထုဆက်သွယ်ရေးယန္တရားများ ဖြစ်ပါကြောင်း၊ အများပြည်သူနှင့်ဆက်ဆံရသည့်လုပ်ငန်းဌာနများ၊ အဖွဲ့ အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ လက်ကမ်းစာစောင်များမှအစ၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ Online မီဒီယာ အသီးသီးရှိသည့်အထဲက မိမိနှင့်ဆီလျော်ရာ လက်လှမ်းမီရာများကို အသုံးပြု ရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထုက ရွေးချယ် တာဝန်ပေးမှုအရ တာဝန်ထမ်းဆောင်နေသည့်အခါတွင် မိမိ၏ လုပ်ဆောင်မှု အရပ်ရပ်ကို ဆက်သွယ်ရေးယန္တရားများအသုံးပြုပြီး ပြည်သူလူထုထံ အစီရင် ခံတင်ပြရန် တာဝန်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူကို သတင်းအချက်အလက်ပေးရန်၊ အသိပညာတိုးပွားအောင် အထောက် အကူပေးရန် တာဝန်များရှိသည့်အတွက် ယင်းတာဝန်များကို ထမ်းဆောင်ရာ တွင် အသုံးဝင်တန်ဖိုးရှိသည့် သတင်းစာများသည်လည်း မီဒီယာပစ္စည်းတစ်ခု အနေဖြင့် လိုအပ်နေပါကြောင်း ရှင်းလင်းပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂ဝ၁၇ ခုနှစ်တွင် ဖြူးချောင်းစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သောကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား ဆုံးရှုံးနစ်နာခဲ့ရခြင်းနှင့်စပ်လျဉ်း၍ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေရရှိမှု အခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိဘဲ ဘဏ္ဍာရေးနှစ်များ ခွဲဝေဆောင်ရွက်ခဲ့ ရခြင်းကြောင့်လည်းကောင်း၊ ဘဏ္ဍာရန်ပုံငွေရရှိစဉ်က ဝယ်ယူထားသော စက် ပစ္စည်းများမှာလည်း အချိန်ကြာမြင့်စွာ သိုလှောင်ခဲ့ရသဖြင့် ခံနိုင်ဝန်အားနည်း မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ High Voltage Room မှFlashover ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နောင်ဆောင် ရွက်မည့်စီမံကိန်းများတွင် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် အပြစ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းကာကွယ်တားဆီးနိုင်သည့် ကောင်းမွန်တိကျခေတ်မီသော ကိရိယာများ ဝယ်ယူတပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အစီရင်ခံစာအပိုဒ် ၅၁ ပါ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ အရှုံး သက်သာစေရန်နှင့် စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းလေ့လာတင်ပြရန် လမ်းညွှန်ထားပါသဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်ရန်အတွက် ရငွေတိုးမြှင့်ရရှိလာ စေရန် တစ်ဖက်မှ ဆောင်ရွက်လျက်ရှိပြီး အခြားတစ်ဖက်ဖြစ်သည့် အသုံးစရိတ် ပိုင်းတွင်လည်း နှစ်လတ်ဘဏ္ဍာရေးမူဘောင် ရေးဆွဲ၍ အရင်းအမြစ် ခွဲဝေမှု ဆိုင်ရာ မဟာဗျူဟာ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့၏ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ထောက်ပြအကြံပြု ဆွေးနွေးချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် သက်ဆိုင်ရာဌာနများသို့ လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် လိုအပ် သည်များကို တင်ပြဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ(နေပြည်တော်စည်ပင်သာယာရေး ကော်မတီအတွက်)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့၏ စီမံကိန်းလုပ်ငန်များ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD)ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းဆင်းရဲနွမ်းပါးမှုနှုန်းကို လျှော့ချလာနိုင်ပြီး ဒေသဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ယခုချေးငွေရယူ အကောင်အထည်ဖော်မည့် စီမံကိန်းသည် ဖွံ့ဖြိုးမှုနည်းပါးပြီး ဆင်းရဲနွမ်းပါးသော ဒေသများရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး ရည်မှန်းဆောင်ရွက်မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့(IFAD)မှ ချေးငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၉၈၄ သန်းချေးယူရန်ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြု၊ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
အလားတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတ နိုင်ငံ EXIM Bank of Korea ထံမှ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းချေး ငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းတင်ပြကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက စက်မှုဇုန် ပြင်ပ အခြေခံအဆောက်အအုံများအတွက် ရေ၊ မီး၊ လမ်း လုပ်ငန်း၏ လုပ်ငန်းပိုင်းအလိုက် တည်ဆောက်ရေးကုန်ကျစရိတ်၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းဖြစ်ပါကြောင်း၊ ရေရရှိရေးအတွက် ကလီထော် ဆည်မှ ရေကို ပိုက်လိုင်း ၁၈ ဒသမ ၂၇ ကီလိုမီတာအရှည်ဖြင့် Pumping Station မှတစ်ဆင့် Water Treatment Plant သို့ ရယူသွားမည်ဖြစ်ပြီး တည်ဆောက်ရေးကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉၁၃ သန်း ဖြစ်ပါကြောင်း၊ အဆင့်မြှင့်ဖောက်လုပ်သွားမည့် လမ်းအကျယ်မှာ ၂၂ မီတာ ဖြစ်ပြီး ၉ ဒသမ ၄၅ ကီလိုမီတာအရှည်၊ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်း အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၈ဝ၅ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြောင်းတကာနှင့် ကမာနတ်ဓာတ်အား ခွဲရုံများမှ သွယ်တန်းရယူ၍ 230 KV ဓာတ်အားခွဲရုံနှင့် 100 MVA Transformer ၂ လုံးတို့ဖြင့် ပြန်လည်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး တည်ဆောက်ရေး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ဝ၉၈ သန်းဖြစ်ပါကြောင်း၊ ရရှိလာနိုင်မည့် အခွန်အခရငွေအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဆယ်သန်းခန့်ကို တည်ဆောက်ရေးကာလ ၃နှစ်နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကာလ ၅နှစ်၊ စုစုပေါင်း ၈ နှစ်အကြာတွင် အပြည့်အဝ စတင်ရရှိမည်ဖြစ်ပါကြောင်း၊ စက်မှုဇုန် တည်ဆောက်ရေးကာလ သုံးနှစ်ပြီးဆုံးသည့်အချိန်တွင် စက်မှု မြေကွက်များအား ရင်းနှီးမြှုပ်နှံသူများထံသို့ ငှားရမ်းသည့်အပေါ်တွင် တံဆိပ်ခေါင်းခွန်အဖြစ် ငွေကျပ် ၉၅ဝ သန်းခန့်နှင့် နှစ်စဉ် မြေခွန်အဖြစ် အမေရိကန် ဒေါ်လာ ၂၅ဝဝဝဝ ခန့် ကောက်ခံရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်း အလုပ်သမားများနှင့် ပြည်ပကျွမ်းကျင်လုပ်သားများထံမှ ဝင်ငွေခွန်နှင့် KMIC ရှိ ရင်းနှီးမြှုပ်နှံသူများသို့ ရေရောင်းချပေးခြင်းနှင့် လျှပ်စစ်မီးအသုံးပြုခြင်းတို့ အတွက် ဝင်ငွေရရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ချေးငွေများ ရယူခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို စက်တင်ဘာ ၁ဝ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment