Wednesday, September 26, 2018

ကျန်းမာကြံ့ခိုင် ပညာရည်တိုးတက်မြင့်မား

Image may contain: text
လူငယ်များ တွေးခေါ်မြော်မြင်မှု မြင့်မားလာအောင် စာကြည့်တိုက် ယဉ်ကျေးမှု၊ သုတေသနယဉ်ကျေးမှုများ ထွန်းကားလာရေးကို ဆောင်ရွက်ပေးပြီး ကျန်းမာကြံ့ခိုင်သည့်၊ ပညာရည်မြင့်မားသည့် မျိုးဆက်သစ်များ မွေးထုတ်နိုင်အောင် အလေးထားဆောင်ရွက်နေသည်ဟု နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းတင်ပြချက်အရ သိရသည်။
ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ပညာ တတ်မြောက်ရေးကို အလေးထားကြိုးစားကြသလို ထိုလူငယ်လူရွယ်များ ပညာတတ်မြောက်အောင် ဆရာ ဆရာမများက ပုံမှန်အားဖြင့်၊ အစဉ် အလာအားဖြင့် သင်ကြားပေးလျက်ရှိသည်။ မျက်မှောက်ကာလတွင် လူငယ်လူရွယ်များအား တွေးခေါ်မြော်မြင်နိုင်သူများဖြစ်အောင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိရာတွင် စာကြည့်တိုက်ယဉ်ကျေးမှု၊ သုတေသနယဉ်ကျေးမှုနှင့် ကျန်းမာရေး ယဉ်ကျေးမှုတို့ ရှိအောင်လည်း အတူယှဉ်တွဲ ဖော်ဆောင်ပေးလျက်ရှိသည် ကို မြင်တွေ့နေရပါသည်။
လူငယ်လူရွယ်များအနေဖြင့် ပညာတတ်မြောက်ရုံ၊ ထူးချွန် ထက်မြက်ရုံဖြင့် နောင်အနာဂတ် တိုင်းပြည်အတွက် အားထားရသော လူသားအရင်းအမြစ်များ အလုံးစုံဖြစ်လာနိုင်လိမ့်မည်ဟု မျှော်မှန်း၍မရ နိုင်ပါ။ ကျောင်းသား ကျောင်းသူများအား အဆိုပါအချက်များ ဘက်စုံ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မှသာလျှင် မျှော်မှန်းသည့်အတိုင်း ဖြစ်လာနိုင်မည်ဖြစ်၍ ယနေ့မှစ၍ ကဏ္ဍအလိုက်အကောင်အထည် ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။
ပညာရေးနယ်ပယ်တွင် အစောပိုင်းကာလက ကျောင်းစာကြည့်တိုက် ယဉ်ကျေးမှု၊ ကျောင်းကျန်းမာရေး ယဉ်ကျေးမှုတို့ကို အကောင်အထည် ဖော်မှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ပါသည်။ ကျောင်းသုတေသနယဉ်ကျေးမှုမှာမူ လုံးဝအကောင် အထည်ဖော်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် လူငယ်လူရွယ်များ တွေးခေါ် မြော်မြင်မှုအပိုင်းတွင် လိုအပ်ချက်များရှိခဲ့သည်ဟု ဆိုနိုင်သည်။ ယခုအခါ အဆိုပါအချက်များကို ပြန်လည်အကောင်အထည်ဖော်နေပြီဖြစ်၍ အနာဂတ်အတွက် အားတက်ဖွယ်ဖြစ်သည်။
အဆိုပါ ကဏ္ဍသုံးရပ်တွင် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေး သည် ဘက်စုံထူးချွန်ထက်မြက်ပြီး တွေးခေါ်မြော်မြင်မှုရှိသည့် ပညာရည် ပြည့်ဝရေးအတွက် အရေးပါသောအချက်ဖြစ်၍ ယင်းအစီအစဉ် အောင်မြင်ရေး သက်ဆိုင်ရာက ဝိုင်းဝန်းဖြည့်ဆည်းပေးနေသည်ကို မြင်တွေ့ရသည်။ ကျောင်းသား ကျောင်းသူများနှင့် မိဘဆရာသမားတို့ ကလည်း ကျန်းမာသောနေထိုင်စားသောက်မှု အလေ့အထဖြစ်ပေါ် လာအောင် ကျင့်ကြံအားထုတ်ကြရမည် ဖြစ်သည်။
ယခုအခါ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်သောအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်နေ့ က အမျိုးသားအဆင့် ဘက်စုံကျောင်းကျန်းမာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၇-၂ဝ၂၂)နှင့်စပ်လျဉ်း၍ အသိပေးမိတ်ဆက်ခဲ့ပေသည်။ အဆင့်မြင့်ပညာရပ်များအပါအဝင် စာပေပညာများ သင်ယူနိုင်ရန် အတွက် ကိုယ်ခန္ဓာသာမက ဦးနှောက်ပါ ကျန်းမာဖွံ့ဖြိုးရန် အထူးလိုအပ် သည်။ ယင်းတို့ဖွံ့ဖြိုးရန်အတွက် ငယ်စဉ်ကလေးငယ်ဘဝမှ စတင်ပြုစု ပျိုးထောင်ရမည်ဖြစ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းမှာ အထူးအရေး ကြီးပေသည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုတက်ရေးအတွက် ပြည်သူများ ပညာရည် မြင့်မားပြီး ကျန်းမာကြံ့ခိုင်ရန် လိုအပ်သဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်း များ အကောင်အထည်ပေါ်လာအောင် ကဏ္ဍအလိုက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်မှု၊ စားသောက်မှုနှင့် ကိုယ်လက် လှုပ်ရှား အားကစားလေ့ကျင့်မှုတို့ကို ဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း များ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment