Wednesday, September 26, 2018

၂ဝ၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဖတ်ကြားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာတမ်း

Image may contain: 1 person
ပြည်ထောင်စုလွှတ်တော်က ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ နေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်နာယက ကြီးနဲ့တကွ လွှတ်တော်အကြီးအမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီမိသားစုဝင်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ယနေ့ ၁၅.၉.၂ဝ၁၈ နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမို ကရေစီနေ့မှာ ယခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်စား တက်ရောက် စာတမ်းဖတ်ကြားခွင့်ရတဲ့အတွက် ကျွန်မ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နန်းမိုးမိုးထွေးအနေနဲ့ အင်မတန် မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဒီမိုကရေစီစနစ်ကို အားပေးမြှင့်တင်ခြင်း အားဖြင့် ၂ဝဝ၇ ခုနှစ်မှစတင်ကာ စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ၂ဝ၁၁ ခုနှစ်မှစတင်ပြီး နှစ်စဉ် အခမ်းအနားကျင်းပခဲ့တာ ယခုဆိုရင် (၈) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာအစဉ်တစိုက် ပူးပေါင်းပါဝင်ကြိုးပမ်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ''ပြောင်းလဲချိန်တန်ပြီ'' ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့အတွက် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသားပြည်သူအများစုရဲ့ ရွေးချယ် တာဝန်ပေးချက်အရ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ကာလ ဖြစ်ပါတယ်။ ဒီလိုရရှိဖို့အတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်များနှင့် ပြည်သူလူထုတို့ရဲ့ ပူးပေါင်းပါဝင်မှုဟာ မေ့ပျောက်လို့ မရကောင်းတဲ့ သမိုင်း မှတ်တမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ထပ်မံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ''ပြည်သူနဲ့အတူ''ဆိုတဲ့ ဆောင်ပုဒ်ကို ဆက်လက်ဆွဲကိုင်ပြီး ယခုအခါမှာ ''စုပေါင်းအင်အားဆိုတဲ့''ဆောင်ပုဒ်နဲ့၊ အားနဲ့၊ မာန်နဲ့ စိုက်ထုတ်ကာ ဆက်လက်ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။ ဒီလိုကြိုးစားရာမှာလည်း တစ်ဦးတစ်ယောက် ကြိုးစားလုပ်ဆောင်မှု ထက် အားလုံးရဲ့ ပူးပေါင်းပါဝင်ထိန်းညှိဆောင်ရွက်ရန် လွန်စွာအရေးကြီး ပါတယ်။
ယခုနှစ်အတွက် ''ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက် ပေး'' ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီမိုကရေစီနေ့အခမ်းအနား ကျင်းပခွင့်ရတာဟာ လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားအတွက် လွန်စွာသင့်လျော်သော ဆောင်ပုဒ် တစ်ခု ဖြစ်ပါတယ်။
ဒီမိုကရေစီလမ်းရဲ့ တာထွက်ကာလလို့သာဆိုနိုင်သေးတဲ့ နိုင်ငံတော်ရဲ့ အခြေအနေဟာ မျှော်မှန်းတဲ့ပန်းတိုင်ရောက်ဖို့ အခက်အခဲတွေစိန်ခေါ်မှုတွေ ခလုတ်တံသင်းမြောက်မြားစွာတွေကို ကျော်ဖြတ်သွားရမယ်ဆိုတာလည်း အားလုံးသိရှိကြတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးတို့ကို တတ်နိုင်သမျှ အပြန်အလှန် ထိန်းကျောင်းသွားရမယ့် ဒီမိုကရေစီ ကျင့်စဉ်သဘောတရားအတိုင်းလျှောက်လှမ်းရာမှာ လွှတ်တော်များရဲ့ ဥပဒေ ပြုခြင်း၊ ကိုယ်စားပြုခြင်း၊ ထိန်းညှိခြင်းဆိုတဲ့ တာဝန်ဝတ္တရားများနှင့် ကိုက်ညီဆီလျော်တဲ့ ''ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး''ဆိုတဲ့ ကမ္ဘာတစ်ဝန်းကြေ<ွကးကြော်သံဟာ အားတက်စရာဖြစ်ပါတယ်။
ယခုအခါမှာ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံက ရရှိခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) ၃၇ ချက်၊ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံက ထပ်မံရရှိခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၂) ၁၄ ချက်တို့ကိုရရှိခဲ့ပြီး အဓိကအကျဆုံးအချက်အနေနဲ့ အနာဂတ် ပြည်ထောင်စု ကြီးကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက်ကို ချမှတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာနိုင်ငံတော်ကြီးရဲ့ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှုအတွက် တည်ငြိမ် အေးချမ်းမှုနှင့် ဘက်ပေါင်းစုံ ခွန်အားပြည့်ဝဖို့အတွက် သက်ဆိုင်တဲ့ အစုအဖွဲ့ များအားလုံးရဲ့ စုပေါင်းညှိနှိုင်းဖြေရှင်းနိုင်ခဲ့ခြင်းရဲ့ ပြယုဂ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အလေးအနက်ခံယူထားပါတယ်။
လွှတ်တော်ရဲ့ အခန်းကဏ္ဍအနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဒီမိုကရေစီ မိသားစုဝင်များဖြစ်ကြတဲ့ လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များနှင့်အတူ နိုင်ငံတော်ရဲ့အကျိုးအတွက် အပြုသဘောဆောင်တဲ့ ထိန်းညှိခြင်းများကို ဆောင်ရွက်နေကြောင်းလည်း အားလုံးသိရှိကြမယ်ဖြစ်ကြောင်း ယုံကြည် ပါတယ်။
ယခုအခါ ဒီမိုကရေစီနေ့အတွက် ဆောင်ပုဒ်ဖြစ်တဲ့ ''ဒီမိုကရေစီ ရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး'' ဆိုတဲ့ သဘောထားနှင့် ညီညွတ်စွာ ပြည်သူနှင့် လွှတ်တော် ချိတ်ဆက်နိုင်မှုအား ပိုမိုကောင်းမွန်လာအောင် စွမ်းဆောင်နိုင်ခဲ့တာကိုလည်း အသိအမှတ်ပြုတင်ပြလိုပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လွှတ်တော်အစည်းအဝေးများ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမေးအဖြေကဏ္ဍများ၊ လွှတ်တော်ကြီး အတွင်း ဆောင်ရွက်ချက်များကို တိုက်ရိုက်ထုတ်လွှင့်ပေးခြင်းများကြောင့် ပြည်သူလူထုနှင့် လွှတ်တော် ပိုမိုနီးစပ်နားလည်နိုင်မှုတွေ ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ရုံးများမှာ ပြည်သူ့ဆက်ဆံရေးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီးတော့ လွှတ်တော်ဆိုင်ရာ လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခြင်း၊ လွှတ်တော်အကြောင်းများကို ရှင်းပြခြင်းများကို ဆောင်ရွက်လာတဲ့အတွက် လွှတ်တော်ရုံးများသို့ အလွှာပေါင်းစုံမှ ပြည်သူများ၊ ကျောင်းသားလူငယ်များသာမက ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ဧည့်သည်တော်များလည်း လာရောက်လေ့လာမှု ပိုမိုများပြားလာတာ တွေ့မြင် နေရပါတယ်။
ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုခြင်းကဏ္ဍမှာ ဥပဒေပြု ရုံသာမဟုတ်ဘဲ ဥပဒေမပြုမီစိစစ်ခြင်း၊ ဥပဒေပြုပြီးနောက် ဆန်းစစ်ခြင်းတို့ကို ပြည်သူများ၊ အဖွဲ့အစည်းများနဲ့ စတင်လက်တွဲဆောင်ရွက်လာတာကိုလည်း ဒီနေရာမှာ အသိအမှတ်ပြုတင်ပြလိုပါတယ်။
ပြည်သူလူထုအတွက် ပြည်သူလူထုကိုယ်တိုင်ပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်မှု စနစ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ ဒီမိုကရေစီရှင်သန်ရေးအတွက် ပြည်သူ့ အကျိုးရှေးရှုတဲ့ ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ရေးဟာ စဉ်ဆက်မပြတ် မျိုးဆက်သစ်တို့က လက်ခံရယူ ဖော်ဆောင်သွားရမည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်အဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မမှိတ်မသုန် ယုံကြည်ပါကြောင်း ထပ်လောင်းအတည်ပြုလိုပါတယ်။
ပေးဆပ်ခြင်းပေါင်းမြောက်မြားစွာနဲ့ ရင်းနှီးလာခဲ့ရသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အသွင်ကူးပြောင်းမှု တန်ဖိုးကြီးမားပုံကို မေ့ပျောက်ခြင်း မပြုဘဲ ရှေ့ဆက်လျှောက်လှမ်းရဦးမယ့် ဒီမိုကရေစီရှင်သန်ရေးအတွက် ပေးဆပ်မှုအနည်းဆုံး၊ ထိခိုက်မှုအနည်းဆုံးတို့ဖြင့် ဖြောင့်မတ်မှန်ကန်သောစေတနာအရင်းခံဖြင့် နိုင်ငံတော်၏ ရှေ့ခရီးကို ဆက်လက်လျှောက်လှမ်းနိုင်ရေး အတွက် တိုင်းရင်းသားပြည်သူများနှင့်တကွ သက်ဆိုင်သည့်အစုအဖွဲ့များ အားလုံးကို ဦးတည်ချက်မှန်၊ လမ်းကြောင်းမှန်၊ ခြေလှမ်းမှန်မှန်ဖြင့် မယွင်း မပျက် ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ယခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ''ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး'' ဆိုတဲ့ အနှစ်သာရရှိတဲ့ကြွေးကြော်သံကို အသက်သွင်း ဖော်ဆောင်ကြပါစို့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment