
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဖိုရမ်ကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ M Galleryဟိုတယ်၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် တက်ရောက်အမှာစကား ပြောကြားသည်။
ဖိုရမ်သို့ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာရှိကြီး များ၊ Euro Cham Myanmar မှ တာဝန်ရှိသူများ၊ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။
မိတ်ဆက်ပြောကြား
ဖိုရမ်တွင် Euro Cham Myanmar မှ Executive Director Mr. Filip Lauwerysen က ကမ္ဘာတစ်ဝန်းတွင် တရားမဝင် ကုန်သွယ်မှုများကြောင့် လူမှုအသိုက်အဝန်း ထိခိုက်နစ်နာရမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေမှု၊ အစိုးရ၏ မူဝါဒများ ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကိစ္စရပ်များကို မိတ်ဆက် ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာစေ သည့် ပြစ်မှုများဖြစ်ပေါ်စေပြီး စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းကို ထိခိုက်နစ်နာစေပါ ကြောင်း၊ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို အလွယ်တကူ အလွတ်သဘော အကဲဖြတ် ဆန်းစစ်၍ မရနိုင်ပါကြောင်း၊ အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများ သည် တရားမဝင်ကုန်သွယ်မှုများအတွက် နှောင့်နှေးမှု မရှိဘဲ ငွေပေးနေကြသောကြောင့် အဂတိလိုက်စားမှုများ တိုးမြင့်လာပြီး တရားဥပဒေ သက်ရောက်မှုများကို အဟန့် အတားဖြစ်စေပါကြောင်း။
ဥပဒေချိုးဖောက်
ထို့ပြင် အများပြည်သူဆိုင်ရာ ကျန်းမာရေးနှင့် လုံခြုံမှုများကို ဆိုးရွားစွာထိခိုက်နစ်နာစေပြီး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေပါကြောင်း၊ အခွန်ရှောင်တိမ်းမှုများနှင့် လိမ်လည်မှုများ ကဲ့သို့သော အခြားပြစ်မှုဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာ ဥပဒေချိုးဖောက်ခြင်းများလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း။
အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင် ''မည်သူမဆို တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် လာဘ်ပေးရန် ကြိုးပမ်းခြင်းနှင့် မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းသည်လည်း အဂတိလိုက်စားမှု ဖြစ်ကြောင်း'' ဖွင့်ဆိုထားသောကြောင့် လာဘ်ငွေပေး ရန်ကြိုးပမ်းသော ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များကို ဤဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ပါကြောင်း။
ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကာကွယ် တားဆီးရေး၊ တိုက်ဖျက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂ဝ၁၈-၂ဝ၂၁) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ ထွက်ပေါ်လာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ လွတ်လပ်စွာ ဆွေးနွေးပေးကြပါရန်နှင့် ဖြေရှင်းဆောင်ရွက် ရမည့် ကုထုံးများကို ဖော်ထုတ်ပေးကြရန် ပြောကြားလိုပါ ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် အဂတိ လိုက်စားမှု၏ ရှုပ်ထွေးနက်နဲမှု အတိုင်းအတာကို သိရှိ နားလည်ပြီး မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ အသိုက် အဝန်း အကျိုးအတွက် အဂတိလိုက်စားမှု တန်ပြန် တိုက်ဖျက်ရေးနည်းလမ်းများကို ဆွေးနွေးဖော်ထုတ် ပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။
ယခုဖိုရမ်တွင် ဆွေးနွေးရရှိလာမည့် သဘောထား အမြင်များ၊ အကြံဥာဏ်များသည် မိမိတို့ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ကော်မရှင်အနေ ဖြင့်လည်း နိုင်ငံတစ်ဝန်းလုံးတွင် နက်ရှိုင်းစွာ ပျံ့နှံ့ ဖြစ်ပေါ် နေသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အတွက် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ဖိုရမ်သို့ တက်ရောက် လာကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဖိုရမ်ကို ဆက်လက်ကျင်းပရာ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက တရားမဝင်ကုန်သွယ်မှု လေ့လာ ဆန်းစစ်ချက်များ၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် အစိုးရ၏မူဝါဒများ၊ တရားမဝင်ကုန်သွယ်မှုပုံစံများ၊ အမြစ်တွယ် နေသည့် အကျင့်ပျက်မှုများ၊ တရားမဝင်ကုန်စည်များ နယ်စပ်ဒေသများမှ ဝင်ရောက်လာမှုနှင့် ပြစ်ဒဏ်နည်းပါးမှု ကိစ္စရပ်များ အပါအဝင် စီးပွားရေးနယ်ပယ်တွင် ဥပဒေ စိုးမိုးရေး၊ အစိုးရဌာနအချင်းချင်း ပူးပေါင်းမှုတိုးမြှင့်ရေး၊ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများ ပုံမှန် ထုတ်ပြန်ရေး၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ရာဇဝတ်မှုနှင့် လူကုန်ကူးမှုကာကွယ်ရေး၊ တရားမဝင် ကုန်သွယ်မှု၏ အန္တရာယ်များကို ပြည်သူများ သိရှိနားလည်ရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment